YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ်ကျမ်း 22:6-21

ဗျာဒိတ်ကျမ်း 22:6-21 MSBU

ထို့နောက် ကောင်းကင်​တမန်​က “ဤ​စကား​တို့​သည် သစ္စာ​စကား၊ မှန်ကန်​သော​စကား​ဖြစ်​ကြ​၏။ ပရောဖက်​တို့​၏​ဝိညာဉ်​များ​ကို​ပိုင်သ​တော်မူ​သော ထာဝရ​အရှင်​ဘုရားသခင်​သည် မကြာမီ​အတွင်း​ဖြစ်ပျက်​ရ​မည့်​အရာ​များ​ကို မိမိ​အစေအပါး​တို့​အား​ပြသ​ရန် မိမိ​၏​ကောင်းကင်​တမန်​ကို စေလွှတ်​တော်မူ​၏”​ဟု မြွက်ဆို​လေ​၏။ “ကြည့်ရှု​လော့။ ငါ​သည်​အလျင်အမြန်​လာ​မည်။ ဤ​စာစောင်​ထဲမှ ပရောဖက်ပြု​ဟောပြော​သော​စကား​တို့​ကို လိုက်နာ​စောင့်ထိန်း​သော​သူ​သည် မင်္ဂလာရှိ​၏။” ငါ​ယောဟန်​သည် ဤ​အကြောင်းအရာ​များ​ကို မြင်​ရ​ကြား​ရ​သော​သူ​ဖြစ်​၏။ ငါ​သည် မြင်​ရ​ကြား​ရ​သောအခါ ၎င်း​တို့​ကို ငါ့​အား​ပြသ​သော ကောင်းကင်​တမန်​ကို​ရှိခိုး​ရန် သူ​၏​ခြေရင်း​၌ ပျပ်ဝပ်​လေ​သော် သူ​က “ထိုသို့​မ​ပြု​နှင့်။ ငါ​သည် သင်​မှစ၍ သင့်​ညီအစ်ကို​များ​ဖြစ်​ကြ​သည့် ပရောဖက်​များ​နှင့် ဤ​စာစောင်​၌​ပါ​သော​စကား​တို့​ကို လိုက်နာ​စောင့်ထိန်း​သော​သူ​များ​၏​အစေအပါး​ချင်း​ဖြစ်​၏။ ဘုရားသခင်​ကို​ရှိခိုး​လော့”​ဟု ဆို​၏။ တစ်ဖန် သူ​က “ဤ​စာစောင်​ထဲမှ ပရောဖက်ပြု​ဟောပြော​သော​စကား​တို့​ကို ချိပ်ပိတ်​မ​ထား​နှင့်။ အကြောင်းမူကား အချိန်​နီးကပ်​လာ​လေ​ပြီ။ မတရား​သဖြင့်​ပြု​သော​သူ​သည် ဆက်၍​မတရား​သဖြင့်​ပြု​ပါစေ။ ညစ်ညူး​သော​သူ​သည် ဆက်၍​ညစ်ညူး​လျက်​နေ​ပါစေ။ ဖြောင့်မတ်​သော​သူ​သည် ဆက်၍​ဖြောင့်မတ်​သော​အမှု​ကို​ပြု​ပါစေ။ သန့်ရှင်း​သော​သူ​သည် ဆက်၍​သန့်ရှင်း​ခြင်း​ရှိ​ပါစေ”​ဟု ငါ့​အား​ဆို​၏။ “ကြည့်ရှု​လော့။ ငါ​သည်​အလျင်အမြန်​လာ​မည်။ ငါ​ပေး​မည့်​အကျိုး​အပြစ်​ကို​ယူဆောင်​လာ​၍ လူ​အသီးသီး​တို့​အား မိမိ​တို့​ပြု​သော​အမှု​အတိုင်း ငါ​ပေးဆပ်​မည်။ ငါ​သည် အာလဖာ​နှင့်​အိုမီဂါ​ဖြစ်​၏။ အဦးဆုံး​နှင့်​နောက်ဆုံး​ဖြစ်​၏။ အစ​နှင့်​အဆုံး​ဖြစ်​၏။ မိမိ​တို့​၏​ဝတ်လုံ​များ​ကို​လျှော်ဖွပ်​၍ အသက်​ပင်​နှင့်​သက်ဆိုင်​ရ​သော​အခွင့်​ကို​ရရှိ​ကာ တံခါး​များ​မှ မြို့​ထဲသို့​ဝင်​ခွင့်​ကို​ရရှိ​သော​သူ​တို့​သည် မင်္ဂလာရှိ​ကြ​၏။ အပြင်​၌​ကား ခွေး​များ၊ ပြုစား​သော​သူ​များ၊ တရားနှင့်မညီ​မေထုန်ပြု​သူ​များ၊ လူသတ်သူ​များ၊ ရုပ်တု​ကိုးကွယ်​သူ​များ​နှင့် မုသား​ကို​နှစ်သက်​၍ ကျင့်သုံး​သော​သူ​အပေါင်း​တို့​ရှိ​ကြ​၏။ ငါ​ယေရှု​သည် အသင်းတော်​များ​အတွက် ဤ​အကြောင်းအရာ​များ​ကို သင်​တို့​အား​သက်သေခံ​ရန် ငါ​၏​ကောင်းကင်​တမန်​ကို​စေလွှတ်​လိုက်​၏။ ငါ​သည် ဒါဝိဒ်​၏​အမြစ်​နှင့်​အမျိုးအနွယ်​ဖြစ်​ပြီး တောက်ပ​သော​မိုးသောက်​ကြယ်​ဖြစ်​၏။” ဝိညာဉ်​တော်​နှင့်​သတို့သမီး​တို့​က “ကြွလာ​တော်မူ​ပါ”​ဟု ဆို​ကြ​၏။ ကြားနာ​သော​သူ​က​လည်း “ကြွလာ​တော်မူ​ပါ”​ဟု ဆို​ပါစေ။ ရေငတ်​သော​သူ​သည် လာ​ပါစေ။ အလိုရှိ​သော​သူ​သည် အသက်​ရေ​ကို အခမဲ့​ယူ​ပါစေ။ ဤ​စာစောင်​၌​ပါ​သည့် ပရောဖက်ပြု​ဟောပြော​သော​စကား​တို့​ကို ကြား​ရ​သူ​တိုင်း​အား ငါ​သက်သေခံ​သည်​ကား မည်သူမဆို ၎င်း​တို့​အပေါ် ထပ်မံ​ဖြည့်စွက်​လျှင် ဘုရားသခင်​သည် ဤ​စာစောင်​၌​ရေး​ထား​သော​ဘေးဒဏ်​များ​ကို ထို​သူ​အပေါ်၌ သက်ရောက်​စေ​တော်မူ​လိမ့်မည်။ မည်သူမဆို ဤ​ပရောဖက်ပြု​ဟောပြော​သော​စာစောင်​ထဲမှ စကားလုံး​များ​ကို​နုတ်ပယ်​လျှင် ဤ​စာစောင်​၌​ရေး​ထား​သော​အသက်​ပင်​မှ​လည်းကောင်း၊ သန့်ရှင်း​သော​မြို့​တော်​မှ​လည်းကောင်း ထို​သူ​ရ​မည့်​ဝေစု​ကို ဘုရားသခင်​သည်​နုတ်ပယ်​တော်မူ​လိမ့်မည်။ ဤ​အကြောင်းအရာ​များ​ကို သက်သေခံ​သော​အရှင်​က“မှန်​ပေ​၏။ ငါ​သည်​အလျင်အမြန်​လာ​မည်”​ဟု မိန့်​တော်မူ​၏။ အာမင်။ သခင်​ယေရှု၊ ကြွလာ​တော်မူ​ပါ။ သခင်​ယေရှု​၏​ကျေးဇူး​တော်​သည် သန့်ရှင်း​သူ​အပေါင်း​တို့​နှင့်အတူ​ရှိ​ပါစေသော။ အာမင်။