YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 139:13-24

ဆာလံကျမ်း 139:13-24 MSBU

အကြောင်းမူကား ကိုယ်တော်​သည် အကျွန်ုပ်​၏​ကိုယ်ခန္ဓာ​အတွင်းပိုင်း​တို့​ကို ဖန်ဆင်း​၍ အမိ​ဝမ်းတွင်း​၌ အကျွန်ုပ်​ကို​ဆက်စပ်​ဖွဲ့စည်း​တော်မူ​၏​။ အကျွန်ုပ်​ကို ကြောက်ရွံ့​အံ့ဩဖွယ်​ကောင်း​သော လက္ခဏာ​တို့​ဖြင့် ဖန်ဆင်း​တော်မူ​သည်​ဖြစ်၍ ကိုယ်တော်​၏​ကျေးဇူးတော်​ကို​ချီးမွမ်း​ပါ​၏​။ ကိုယ်တော်​ပြု​တော်မူ​သော​အမှု​တို့​သည် အံ့ဩဖွယ်​ဖြစ်ကြောင်း​ကို အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ကောင်း​စွာ​သိ​ပါ​၏​။ အကျွန်ုပ်​ကို မထင်ရှား​သော​အရပ်​၌ ဖန်ဆင်း​၍ မြေကြီး​၏​နက်သောအရပ်​၌ ယှက်ဖွဲ့​တော်မူ​သောအခါ အကျွန်ုပ်​၏​ကိုယ်ထည်​အကြမ်း​သည် ကိုယ်တော်​၏​ရှေ့​တော်​၌ ကွယ်ဝှက်​၍​မ​နေ​ပါ​။ ကိုယ်တော်​၏​မျက်စိ​တော်​သည် ရုပ်လုံး​မ​ပေါ်​သေး​သော​အကျွန်ုပ်​၏​ကိုယ်ခန္ဓာ​ကို မြင်​တော်မူ​၏​။ အကျွန်ုပ်​အတွက် စီမံ​ထား​သော​နေ့ရက်​များ တစ်​ရက်​မျှ​မ​ရှိ​မီ​ကပင် ၎င်း​တို့​ကို ကိုယ်တော်​၏​စာစောင်​၌ အကုန်အစင်​ရေးသား​ထား​ပြီး​ဖြစ်​ပါ​၏​။ အို ဘုရားသခင်​၊ ကိုယ်တော်​၏​အတွေးအကြံ​တို့​သည် အကျွန်ုပ်​အတွက် တန်ဖိုးကြီး​လှ​ပါ​၏​။ ၎င်း​တို့​အားလုံး​၏​ပမာဏ​သည် များပြား​လှ​ပါ​၏​။ ထို​အတွေးအကြံ​တို့​ကို ရေတွက်​မည်​ဆို​လျှင် သဲပွင့်​များ​ထက်မက များပြား​ကြ​ပါ​လိမ့်မည်​။ အကျွန်ုပ်​နိုးလာ​သောအခါ ကိုယ်တော်​နှင့်အတူ ဆက်၍​ရှိ​နေ​ဦး​မည်​။ အို ဘုရားသခင်​၊ ဆိုးယုတ်​သော​သူ​တို့​ကို ကိုယ်တော် ကွပ်မျက်​တော်မူ​လျှင် ကောင်း​ပေ​လိမ့်မည်​။ သွေးဆာ​သော​သူ​တို့​၊ ငါ့​ထံမှ​ထွက်သွား​ကြ​လော့​။ ထို​သူ​တို့​သည် ကောက်ကျစ်​သော​သဘော​ဖြင့် ကိုယ်တော်​ကို​ဆန့်ကျင်​ပြောဆို​ကြ​ပါ​၏​။ ကိုယ်တော်​၏​ရန်သူ​တို့​သည် နာမ​တော်​ကို​အလွဲသုံးစား​ပြု​ကြ​ပါ​၏​။ အို ထာဝရဘုရား​၊ ကိုယ်တော်​ကို​မုန်း​သော​သူ​တို့​ကို အကျွန်ုပ်​မုန်း​သည်​မ​ဟုတ်​လော​။ ကိုယ်တော်​ကို​ဆန့်ကျင်​သော​သူ​တို့​ကို​လည်း အကျွန်ုပ် စက်ဆုပ်​သည်​မ​ဟုတ်​လော​။ အကျွန်ုပ်​သည် သူ​တို့​ကို​အမုန်းကြီး​မုန်း​ပါ​၏​။ အကျွန်ုပ်​၏​ရန်သူ​များ​အဖြစ် မှတ်ယူ​ပါ​၏​။ အို ဘုရားသခင်​၊ အကျွန်ုပ်​ကို​စစ်ကြော​၍ အကျွန်ုပ်​၏​စိတ်နှလုံး​ကို သိမြင်​တော်မူ​ပါ​။ အကျွန်ုပ်​ကို​စစ်ဆေး​၍ အကျွန်ုပ်​၏​စိုးရိမ်ပူပန်မှု​တို့​ကို သိမြင်​တော်မူ​ပါ​။ အကျွန်ုပ်​သည် မှားယွင်း​သော​လမ်း​သို့​လိုက်​သည်​၊ မ​လိုက်​သည်​ကို ကြည့်ရှု​၍ အကျွန်ုပ်​ကို ထာဝရ​လမ်း​ထဲသို့ ပို့ဆောင်​တော်မူ​ပါ​။

​ဆာလံကျမ်း 139:13-24 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။