YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဖိလိပ္ပိသြဝါဒစာ 4:10-18

ဖိလိပ္ပိသြဝါဒစာ 4:10-18 MSBU

ငါ့​အတွက် အလေးထား​စဉ်းစား​ပေး​သော​စိတ်​သည် သင်​တို့​၌ ယခု​တစ်ကြိမ် ပြန်လည်​ဖြစ်ပေါ်​လာ​သောကြောင့် ငါ​သည် သခင်​ဘုရား​၌ အလွန်​ဝမ်းမြောက်​၏။ အမှန်စင်စစ် သင်​တို့​သည် ငါ့​အတွက် အလေးထား​စဉ်းစား​ပေး​သော်လည်း အခွင့်​မ​ရ​ခဲ့​ကြ။ ငါ​သည် ဆင်းရဲ​ချို့တဲ့​သောကြောင့် ဤသို့​ဆို​သည်​မ​ဟုတ်။ အကြောင်းမူကား မည်သည့်​အခြေအနေ​၌​မဆို ကျေနပ်​ရောင့်ရဲ​တတ်​ရန် ငါ​သည် သင်ယူ​ခဲ့​ပြီ။ နှိမ့်ချ​ခံရ​ခြင်း​ကို​ငါ​သိ​၍ ကြွယ်ဝ​ခြင်း​ကို​လည်း​ငါ​သိ​၏။ ဝပြော​သည်​ဖြစ်စေ၊ ဆာလောင်​သည်​ဖြစ်စေ၊ ကြွယ်ဝ​ပြည့်စုံ​သည်​ဖြစ်စေ၊ ဆင်းရဲ​နွမ်းပါး​သည်​ဖြစ်စေ အခြေအနေ​တိုင်း​နှင့်​အရာရာ​တိုင်း​၌ နေ​တတ်​သည့်​လျှို့ဝှက်​ချက်​ကို ငါ​သင်ယူ​ခဲ့​ပြီ။ ငါ့​ကို​ခွန်အား​နှင့်​ပြည့်စုံ​စေ​တော်မူ​သော​အရှင်​အားဖြင့် ခပ်သိမ်း​သော​အမှု​တို့​ကို ငါ​တတ်စွမ်း​နိုင်​၏။ မည်သို့ပင်ဖြစ်စေ သင်​တို့​သည် ငါ​၏​ဆင်းရဲ​ဒုက္ခ​ကို မျှဝေ​ခံစား​ရာ​၌ လျောက်ပတ်​စွာ​ပြု​ကြ​ပြီ။ ဖိလိပ္ပိ​မြို့သူ​မြို့သား​တို့၊ ကောင်းမြတ်​သော​သတင်း​ကို စတင်​ဟောပြော​ချိန်​၌ မာကေဒေါနိ​ပြည်​မှ ငါ​ထွက်လာ​သောအခါ သင်​တို့​မှတစ်ပါး မည်သည့်​အသင်းတော်​မျှ ပေးလှူ​ခြင်း​နှင့်​လက်ခံ​ခြင်း​အမှု​တို့​၌ ငါ​နှင့်အတူ​ပါဝင်​ခြင်း​မ​ရှိ​ခဲ့​ကြောင်း သင်​တို့​သိ​ကြ​၏။ သက်သာလောနိတ်​မြို့​၌ ငါ​ရှိ​စဉ်​က​လည်း သင်​တို့​သည် ငါ​လိုအပ်​သော​အရာ​ကို တစ်ကြိမ်​မက နှစ်​ကြိမ်​တိုင်အောင် ပေးပို့​ခဲ့​ကြ​၏။ ဤသို့ဆိုသော် လက်ဆောင်​ကို ငါ​အလိုရှိ​၍​မ​ဟုတ်။ သင်​တို့​၏​အကျိုးအမြတ်​ကို တိုးပွား​စေ​သော​အသီးအပွင့်​ကို​သာ ငါ​အလိုရှိ​၏။ ငါ​သည် အရာ​အားလုံး​ကို​ရရှိ​၍ ကြွယ်ဝ​လျက်​ရှိ​၏။ သင်​တို့​ပေးပို့​သည့်​အရာ​များ​ကို ဧပဖြောဒိတ်​ထံမှ ငါ​လက်ခံ​ရရှိ​၍ ပြည့်စုံ​လျက်​ရှိ​ပြီ။ ထို​အရာ​တို့​သည် မွှေးကြိုင်​သည့်​ရနံ့၊ ဘုရားသခင်​နှစ်သက်​တော်မူ​သော လက်ခံ​ဖွယ်​ရာ​ယဇ်​ဖြစ်​ကြ​၏။