YouVersion လိုဂို
ရှာရန် အိုင်ကွန်

တောလည်ရာကျမ်း 35

35
လေဝိအမျိုးအတွက်မြို့များ
1တစ်ဖန် ဂျေရိခေါ​မြို့​တစ်ဖက်​၊ ဂျော်ဒန်​မြစ်​အနီး​၊ မောဘ​လွင်ပြင်​၌ ထာဝရဘုရား​က မောရှေ​အား 2“​အစ္စရေး​အမျိုးသား​တို့​သည် မိမိ​တို့​ပိုင်​သော​အမွေမြေ​ထဲမှ လေဝိ​အမျိုး​တို့​အား နေထိုင်စရာ​မြို့​တို့​ကို​လည်းကောင်း​၊ ထို​မြို့​တို့​၏​ပတ်ပတ်လည်​ရှိ စားကျက်မြေ​တို့​ကို​လည်းကောင်း ပေး​ရ​မည်​ဟု ဆင့်ဆို​လော့​။ 3ထို​မြို့​တို့​သည် လေဝိ​အမျိုး​တို့​အတွက် နေထိုင်စရာ​ဖြစ်​ပြီး စားကျက်မြေ​တို့​သည်​လည်း သူ​တို့​၏​သိုးနွား​တိရစ္ဆာန်​အားလုံး​တို့​အတွက် ဖြစ်​ရ​မည်​။ 4လေဝိ​အမျိုး​တို့​အား သင်​တို့​ပေး​ရ​မည့်​မြို့​၏​စားကျက်မြေ​သည် မြို့ရိုး​အပြင်ဘက် အတောင်​တစ်ထောင်#35:4 “18000 လက်မ သို့မဟုတ် 45000 စင်တီမီတာ”။​ပတ်ပတ်လည်​ရှိ​ရ​မည်​။ 5သင်​တို့​သည် မြို့​ကို​အလယ်ဗဟို​ထား​၍ မြို့​ပြင် အရှေ့ဘက်​ခြမ်း​ကို အတောင်​နှစ်ထောင်#35:5 “​36000 လက်မ သို့မဟုတ် 90000 စင်တီမီတာ”။​၊ တောင်ဘက်​ခြမ်း​ကို အတောင်​နှစ်ထောင်​၊ အနောက်ဘက်ခြမ်း​ကို အတောင်​နှစ်ထောင်​၊ မြောက်ဘက်ခြမ်း​ကို အတောင်​နှစ်ထောင် တိုင်းတာ​ရ​မည်​။ ဤ​မြေ​သည် လေဝိ​အမျိုး​တို့​အတွက် မြို့​၏​စားကျက်မြေ​ဖြစ်​ရ​မည်​။
6လေဝိ​အမျိုး​တို့​အား သင်​တို့​ပေး​ရ​မည့်​မြို့​များ​မှာ လူသတ်​မိ​သော​သူ ထွက်ပြေး​ပြီး ခိုလှုံ​နိုင်​သော​မြို့​ခြောက်​မြို့​အပြင် မြို့​လေးဆယ့်​နှစ်​မြို့ ပေး​ရ​မည်​။ 7လေဝိ​အမျိုး​တို့​အား သင်​တို့​ပေး​ရ​မည့်​မြို့​စုစုပေါင်း​မှာ လေးဆယ့်​ရှစ်​မြို့​နှင့် ထို​မြို့​တို့​၏​စားကျက်မြေ​များ ဖြစ်​၏​။ 8သင်​တို့​ပေး​သော​မြို့​များ​သည် အစ္စရေး​အမျိုးသား​တို့​ပိုင်ဆိုင်​ရာ​မြေ​ထဲမှ ဖြစ်​ရ​မည်​။ ပိုင်ဆိုင်​ရာ​မြေ​များ​လျှင် များ​သည့်​အလျောက်​၊ နည်း​လျှင် နည်း​သည့်​အလျောက် အသီးသီး​ရရှိ​သော​အမွေ​ပမာဏ​နှင့်အညီ လေဝိ​အမျိုး​တို့​အား မြို့​များ​ကို ပေး​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။
ခိုလှုံရာမြို့များ
9တစ်ဖန် ထာဝရဘုရား​က မောရှေ​အား
10“​အစ္စရေး​အမျိုးသား​တို့​အား ဆင့်ဆို​လော့​။ သင်​တို့​သည် ဂျော်ဒန်​မြစ်​ကို ကူး​၍ ခါနာန်​ပြည်​သို့​ရောက်​သောအခါ 11မရည်ရွယ်​ဘဲ​လူ​ကို​သတ်​မိ​သော​လူသတ်သမား​တို့ ထွက်ပြေး​ပြီး ခိုလှုံ​နိုင်​သော​မြို့​တို့​ကို သင်​တို့ ရွေးချယ်​ရ​မည်​။ 12လူသတ်​မိ​သော​သူ​သည် လူထု​ရှေ့​၌​ရပ်​၍​တရားစီရင်​ခြင်း​မ​ခံရ​မီ အသတ်​မ​ခံရ​မည့်​အကြောင်း လက်စားချေ​သူ​၏​လက်​မှ​လွတ်မြောက်​ရန်​အတွက် ထို​မြို့​တို့​သည် ခိုလှုံ​နိုင်​သော​မြို့​ဖြစ်​ရ​မည်​။ 13သင်​တို့​ပေး​သော​မြို့​တို့​တွင် မြို့​ခြောက်​မြို့​သည် သင်​တို့ ခိုလှုံ​ရာ​မြို့​ဖြစ်​ရ​မည်​။ 14ဂျော်ဒန်​မြစ်​တစ်ဖက်​၌ သင်​တို့​ပေး​သော​မြို့​သုံး​မြို့​၊ ခါနာန်​ပြည်​၌ သင်​တို့​ပေး​သော​မြို့​သုံး​မြို့​သည် ခိုလှုံ​ရာ​မြို့​ဖြစ်​ရ​မည်​။ 15ထို​မြို့​ခြောက်​မြို့​သည် အစ္စရေး​အမျိုးသား​ဖြစ်စေ​၊ တိုင်းတစ်ပါးသား​ဖြစ်စေ​၊ သူ​တို့​၏​ဧည့်သည်​ဖြစ်စေ မရည်ရွယ်​ဘဲ​လူ​သတ်​မိ​သော​သူ​မည်သူမဆို ထွက်ပြေး​ပြီး သွားရောက်​ခိုလှုံ​နိုင်​သော​မြို့​ဖြစ်​ရ​မည်​။
16သံထည်​ပစ္စည်း​ဖြင့် ရိုက်​၍​လူ​သေ​သွား​လျှင် ရိုက်​သော​သူ​သည် လူသတ်​သော​သူ​ဖြစ်​၏​။ လူသတ်​သော​သူ​သည် မုချ​အသတ်​ခံရ​မည်​။ 17သေ​စေ​နိုင်​သော​ကျောက်တုံး​ဖြင့် ထု​၍​လူ​သေ​သွား​လျှင် ထု​သော​သူ​သည် လူသတ်​သော​သူ​ဖြစ်​၏​။ လူသတ်​သော​သူ​သည် မုချ​အသတ်​ခံရ​မည်​။ 18သေ​စေ​နိုင်​သော​သစ်သား​တုတ်​ဖြင့် ရိုက်​၍​လူ​သေ​သွား​လျှင် ရိုက်​သော​သူ​သည် လူသတ်​သော​သူ​ဖြစ်​၏​။ လူသတ်​သော​သူ​သည် မုချ​အသတ်​ခံရ​မည်​။ 19သွေးကြွေး​အတွက်​လက်စားချေ​ပေး​သော​သူ​သည် လူသတ်​သော​သူ​ကို​တွေ့​လျှင် သူ​ကိုယ်တိုင်​သတ်​ရ​မည်​။ 20မုန်းတီးစိတ်​ကြောင့် လူ​ကို​တွန်းချ​၍​ဖြစ်စေ​၊ ချောင်းမြောင်း​လျက် တစ်စုံတစ်ရာ​ဖြင့် လူ​ကို​ပစ်​၍​ဖြစ်စေ ထို​လူ​သေ​သွား​လျှင်​လည်းကောင်း​၊ 21ရန်ငြိုး​ထား​၍ လက်သီး​နှင့်​ထိုး​သဖြင့် လူ​သေ​သွား​လျှင်​လည်းကောင်း ထိုသို့​ပြု​သော​သူ​သည် မုချ​အသတ်​ခံရ​မည်​။ ထို​သူ​သည် လူသတ်​သော​သူ​ဖြစ်​၏​။ သွေးကြွေး​အတွက်​လက်စားချေ​ပေး​သော​သူ​သည် လူသတ်​သော​သူ​ကို တွေ့​လျှင် သတ်​ရ​မည်​။
22ရန်ငြိုး​မ​ရှိ​ဘဲ လူ​ကို​အမှတ်မထင်​တွန်းချ​မိ​၍​ဖြစ်စေ​၊ မ​ချောင်းမြောင်း​ဘဲ ပစ္စည်း​တစ်ခုခု​ဖြင့် ပစ်​မိ​၍​ဖြစ်စေ​၊ 23မိမိ​၏​ရန်သူ​မ​ဟုတ်​၊ အန္တရာယ်ပြု​ရန်​လည်း​မ​ရည်ရွယ်​ဘဲ မ​မြင်​သဖြင့် သေ​စေ​နိုင်​သော​ကျောက်တုံး​တစ်တုံးတုံး​ဖြင့်​ပစ်​မိ​၍​ဖြစ်စေ ထို​လူ​သေ​သွား​လျှင် 24လူထု​သည် လူ​သတ်​မိ​သော​သူ​နှင့် သွေးကြွေး​အတွက်​လက်စားချေ​ပေး​သော​သူ​အကြား​၌ ဤ​စီရင်ထုံးဖွဲ့ချက်​များ​အတိုင်း တရားစီရင်​ရ​မည်​။ 25လူသတ်​မိ​သော​သူ​ကို သွေးကြွေး​အတွက်​လက်စားချေ​ပေး​သော​သူ​လက်​မှ​ကယ်နုတ်​ရ​မည်​။ သူ​ထွက်ပြေး​ပြီး သွားရောက်​ခိုလှုံ​ခဲ့​သော​မြို့​သို့ သူ့​ကို​ပြန်ပို့​ရ​မည်​။ သန့်ရှင်း​သော​ဆီ​ဖြင့်​ဘိသိက်ခံ​ယဇ်ပုရောဟိတ်​မင်း ကွယ်လွန်​သည့်​တိုင်အောင် သူ​သည် ထို​မြို့​၌​နေ​ရ​မည်​။
26လူသတ်​မိ​သော​သူ​သည် ထွက်ပြေး​ပြီး သွားရောက်​ခိုလှုံ​နေ​သော​မြို့​၏​နယ်နိမိတ်​အပြင်ဘက်​သို့ ထွက်သွား​သဖြင့် 27သွေးကြွေး​အတွက်​လက်စားချေ​ပေး​သော​သူ​သည် သူ့​ကို ခိုလှုံ​ရာ​မြို့​၏​နယ်နိမိတ်​အပြင်ဘက်​၌ တွေ့​၍ သူ့​ကို သတ်​လျှင် သွေးကြွေး​အတွက်​လက်စားချေ​ပေး​သော​သူ​၌ လူ​ကို​သတ်​သော​အပြစ်​မ​ရှိ​။ 28သူ​သည် ယဇ်ပုရောဟိတ်​မင်း​ကွယ်လွန်​သည့်​တိုင်အောင် ခိုလှုံ​ရာ​မြို့​၌ နေထိုင်​ရ​မည်​။ ယဇ်ပုရောဟိတ်​မင်း​ကွယ်လွန်​ပြီးမှ မိမိ​ပိုင်ဆိုင်​ရာ​မြေ​သို့​ပြန်လာ​ခွင့်​ရှိ​၏​။ 29ဤသည်ကား သင်​တို့​နေထိုင်​ရာ​အရပ်ရပ်​၌ သင်​တို့​၏​မျိုးဆက်​အစဉ်အဆက်​အတွက် ပြဋ္ဌာန်း​ထား​သော​စီရင်ထုံးဖွဲ့ချက်​ဖြစ်​၏​။
30လူ​ကို​သတ်​သော လူသတ်သမား​တိုင်း သက်သေ​၏​ထွက်ဆိုချက်​အတိုင်း အသတ်​ခံရ​မည်​။ သို့ရာတွင် ထို​သူ​သည် သက်သေ​တစ်ဦးတည်း​၏​ထွက်ဆိုချက်​ဖြင့် သေဒဏ်​မ​ခံရ​။ 31သေဒဏ်​ခံထိုက်​သည့်​အပြစ်ရှိ​သော​လူသတ်သမား​သည် မုချ​အသတ်​ခံရ​မည်​ဖြစ်​သောကြောင့် သူ​၏​အသက်​အတွက် ရွေးနုတ်စရာ​အဖိုးအခ​ကို မ​ခံယူ​ရ​။ 32ခိုလှုံ​ရာ​မြို့​သို့​ထွက်ပြေး​သော​သူ​သည် ယဇ်ပုရောဟိတ်​မ​ကွယ်လွန်​မီ မိမိ​နေရပ်​သို့ ပြန်သွား​၍ နေထိုင်​နိုင်​ရန် သူ့​ထံမှ ရွေးနုတ်စရာ​အဖိုးအခ​ကို မ​ခံယူ​ရ​။
33သွေး​သည် ပြည်​ကို ညစ်ညူး​စေ​သည်​ဖြစ်၍ သင်​တို့​နေထိုင်​သော​ပြည်​ကို မ​ညစ်ညူး​စေ​ရ​။ ပြည်​၌ သွန်း​သော​သွေး​အတွက် သွေးသွန်း​သော​သူ​၏​သွေး​မှတစ်ပါး ထို​ပြည်​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​မ​ပြု​နိုင်​။ 34ငါ​ထာဝရဘုရား​သည် အစ္စရေး​အမျိုးသား​တို့​အလယ်​၌​ကိန်းဝပ်​သည်​ဖြစ်၍ ငါ​ကိန်းဝပ်​ရာ​ဖြစ်​သည့် သင်​တို့​နေထိုင်​သော​ပြည်​ကို မ​ညစ်ညူး​စေ​ရ​”​ဟု မိန့်​တော်မူ​၏​။

လက်ရှိရွေးချယ်ထားမှု

တောလည်ရာကျမ်း 35: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ