YouVersion လိုဂို
ရှာရန် အိုင်ကွန်

တောလည်ရာကျမ်း 32

32
ဂျော်ဒန်မြစ်အရှေ့ဘက်ခြမ်းတွင်အခြေချခြင်း
1ရုဗင်​သားမြေး​၊ ဂဒ်​သားမြေး​တို့​၌ တိရစ္ဆာန်​မြောက်မြား​စွာ​ရှိ​၏​။ ယာဇာ​ပြည်​နှင့်​ဂိလဒ်​ပြည်​ကို တိရစ္ဆာန်​တို့​အတွက် စားကျက်​ကောင်း​သော​အရပ်​ဖြစ်​သည်​ကို တွေ့မြင်​လျှင် 2ဂဒ်​သားမြေး​၊ ရုဗင်​သားမြေး​တို့​သည် မောရှေ​၊ ယဇ်ပုရောဟိတ်​ဧလာဇာ​နှင့် လူထု​ခေါင်းဆောင်​တို့​ထံသို့​လာ​၍ 3“​အတရုတ်​၊ ဒိဘုန်​၊ ယာဇာ​၊ နိမရ​၊ ဟေရှဘုန်​၊ ဧလာလေ​၊ ရှေဘံ​၊ နေဗော​၊ ဗောန​စသော 4အစ္စရေး​လူထု​တို့​၏​ရှေ့မှောက်​၌ ထာဝရဘုရား​တိုက်ခိုက်​သိမ်းပိုက်​တော်မူ​ခဲ့​သော​နယ်မြေ​တို့​သည် တိရစ္ဆာန်​အတွက် သင့်တော်​သော​မြေ​ဖြစ်​၏​။ သခင်​၏​အစေအပါး​တို့​၌​လည်း တိရစ္ဆာန်​ရှိ​ပါ​၏​။ 5အကျွန်ုပ်​တို့​သည် သခင်​၏​ရှေ့​၌ မျက်နှာရ​ပါလျှင် ဤ​ပြည်​ကို သခင်​၏​အစေအပါး​တို့​အား ပိုင်ဆိုင်​ရာ​မြေ​အဖြစ်​ပေး​ပါ​။ ဂျော်ဒန်​မြစ်​တစ်ဖက်​သို့ အကျွန်ုပ်​တို့​မ​ကူး​ပါရစေ​နှင့်​”​ဟု လျှောက်​ကြ​၏​။
6မောရှေ​က​လည်း ဂဒ်​သားမြေး​၊ ရုဗင်​သားမြေး​တို့​အား “​သင်​တို့​၏​အမျိုးသားချင်း​တို့ စစ်တိုက်​သွား​နေစဉ် သင်​တို့ ဤ​အရပ်​၌ နေ​ခဲ့​ကြ​မည်လော​။ 7အစ္စရေး​အမျိုးသား​အား ထာဝရဘုရား​ပေး​တော်မူ​သော​ပြည်​သို့ သူ​တို့ ကူးသွား​ရ​မည်​ကို သူ​တို့ စိတ်ပျက်​အောင် အဘယ်ကြောင့် လုပ်​ကြ​သနည်း​။ 8ထို​ပြည်​ကို​ကြည့်ရှု​ရန် သင်​တို့​၏​ဖခင်​တို့​ကို ကာဒေရှဗာနာ​အရပ်​မှ ငါ​စေလွှတ်​သောအခါ သူ​တို့​သည်​လည်း ဤသို့​ပြု​ခဲ့​ကြ​၏​။ 9သူ​တို့​သည် ဧရှကောလ​ချိုင့်ဝှမ်း​တိုင်အောင်​သွား​၍ ထို​ပြည်​ကို ကြည့်ရှု​ခဲ့​သော်လည်း ထာဝရဘုရား​ပေး​တော်မူ​သော​ပြည်​သို့ အစ္စရေး​အမျိုးသား​တို့ ဝင်​လို​သော​စိတ်​မ​ရှိ​အောင် လုပ်​ကြ​၏​။ 10ထို​နေ့​၌ ထာဝရဘုရား​သည် အမျက်ထွက်​၍ 11‘​အီဂျစ်​ပြည်​မှ​ထွက်လာ​သော​သူ​တို့​သည် ငါ့​နောက်သို့​လုံးလုံး​မ​လိုက်​သောကြောင့် ထို​ပြည်​ကို အာဗြဟံ​၊ ဣဇက်​၊ ယာကုပ် တို့​အား ပေး​မည်​ဟု ငါ​ကျိန်ဆို​ခဲ့​သော်လည်း အသက်​နှစ်ဆယ်​အရွယ်​နှင့် အထက်​ရှိ​သော​သူ​တို့​သည် ထို​ပြည်​ကို မြင်​ရ​လိမ့်မည်​မ​ဟုတ်​။ 12သို့သော် ကေနက်​အမျိုး​၊ ယေဖုန္နာ​၏​သား ကာလက်​နှင့် နုန်​၏​သား ယောရှု​တို့​သည် ထာဝရဘုရား​နောက်သို့​လုံးလုံး​လိုက်​သောကြောင့် ထို​ပြည်​ကို မြင်​ရ​လိမ့်မည်​’​ဟု ကျိန်ဆို​တော်မူ​၏​။ 13ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​တို့​ကို အမျက်ထွက်​၍ မိမိ​ရှေ့​တော်​၌ ဆိုး​သော​အမှု​ကို​ပြု​သော​မျိုးဆက်​အားလုံး​သေ​ကုန်​သည်​အထိ သူ​တို့​ကို တောကန္တာရ​ထဲ၌ အနှစ်​လေးဆယ်​ပတ်လုံး လှည့်လည်​စေ​တော်မူ​၏​။ 14မျိုးဆက်သစ်​အပြစ်သား​တို့​၊ သင်​တို့​သည် သင်​တို့​ဖခင်​များ​၏​နေရာ​ကို ယူ​၍ အစ္စရေး​လူမျိုး​တို့​အပေါ် ထာဝရဘုရား​၏​ပြင်းထန်​သော​အမျက်​တော်​ကို ထပ်​တိုး​စေ​ကြ​သည်​တကား​။ 15သင်​တို့​သည် နောက်​တော်​သို့ မလိုက်​ကြ​လျှင် ဤ​လူမျိုး​ကို တောကန္တာရ​ထဲ၌ နောက်တစ်ဖန်​ထပ်၍​စွန့်ပစ်​တော်မူ​လိမ့်မည်​။ သို့ဖြစ်လျှင် သင်​တို့​သည် ဤ​လူ​အပေါင်း​တို့​ကို ဖျက်ဆီး​ရာ​ရောက်​မည်​”​ဟု ဆို​လေ​၏​။
16ထိုအခါ ဂဒ်​သားမြေး​၊ ရုဗင်​သားမြေး​တို့​သည် မောရှေ​ထံသို့ ချဉ်းကပ်​လာ​၍ “​အကျွန်ုပ်​တို့​သည် ဤ​အရပ်​၌ အကျွန်ုပ်​တို့​၏​တိရစ္ဆာန်​များ​အတွက် ခြံခတ်​၍ အကျွန်ုပ်​တို့​၏​ကလေး​များ​အတွက် မြို့​တို့​ကို တည်​မည်​။ 17သို့သော် အကျွန်ုပ်​တို့​သည် အစ္စရေး​အမျိုးသား​တို့​ကို သူ​တို့​နေထိုင်​မည့်​အရပ်​သို့ ရောက်​သည်​အထိ လက်နက်ကိုင်စွဲ​လျက် သူ​တို့​၏​ရှေ့​မှ​သွား​ပါ​မည်​။ အကျွန်ုပ်​တို့​၏​ကလေး​များ​ကို​ကား ဤ​ပြည်သား​တို့​ရန်​မှ​ကင်းလွတ်​ဖို့ ခံတပ်​မြို့​များ​၌ နေထိုင်​စေ​ရ​မည်​။ 18အစ္စရေး​အမျိုးသား​တို့​ကိုယ်စီ အမွေမြေ​မ​ရ​မ​ချင်း အကျွန်ုပ်​တို့​သည် ကိုယ့်​အိမ်​သို့​ပြန်​မ​လာ​ပါ​။ 19အကျွန်ုပ်​တို့​၏​အမွေမြေ​သည် ဂျော်ဒန်​မြစ်​အရှေ့ဘက်ခြမ်း​၌ ကျ​သောကြောင့် ဂျော်ဒန်​မြစ်​တစ်ဖက်​ကို​လွန်​၍ သူ​တို့​နှင့်အတူ အမွေမြေ​ကို​မ​ယူ​ပါ​”​ဟု ပြန်လျှောက်​ကြ​၏​။
20မောရှေ​က​လည်း သူ​တို့​အား “​သင်​တို့​သည် သင်​တို့​၏​စကား​အတိုင်း ထာဝရဘုရား​ရှေ့​တော်​၌ စစ်တိုက်​ရန်​လက်နက်ကိုင်စွဲ​မည်​၊ 21လက်နက်ကိုင်စွဲ​သူ​အပေါင်း​တို့​သည်​လည်း ထာဝရဘုရား​ရှေ့​တော်​၌ ဂျော်ဒန်​မြစ်​ကို​ကူး​မည်​၊ ထာဝရဘုရား​သည် ရန်သူ​ကို မိမိ​ရှေ့​မှ နှင်ထုတ်​၍ 22ထို​ပြည်​သည် ထာဝရဘုရား​ရှေ့​တော်​၌ ရှုံးနိမ့်​သည်​အထိ စစ်တိုက်​ကြ​မည်​ဆို​လျှင် သင်​တို့​သည်​လည်း ထာဝရဘုရား​ရှေ့​၊ အစ္စရေး​လူမျိုး​တို့​ရှေ့​၌ အပြစ်တင်​ခြင်း​ကင်း​လျက် ဤ​အရပ်​သို့ ပြန်လာ​ခွင့်​ရှိ​မည်​။ ထာဝရဘုရား​ရှေ့​တော်​၌ ဤ​အရပ်​သည် သင်​တို့​ပိုင်ဆိုင်​ရာ​ဖြစ်​မည်​။ 23ထိုသို့​မ​ပြု​လျှင် သင်​တို့​သည် ထာဝရဘုရား​ကို​ပြစ်မှား​ပြီ​ဖြစ်၍ သင်​တို့​အပြစ်​အတွက် သင်​တို့ ခံရ​မည်​ဟု သိမှတ်​ကြ​လော့​။ 24သင်​တို့​နှင့် သင်​တို့​ကလေး​များ​အတွက် မြို့​ကို​တည်​၍ သင်​တို့​၏​သိုး​များ​အတွက် ခြံခတ်​ကြ​လော့​။ သင်​တို့ နှုတ်​ထွက်​သည့်​အတိုင်း​လည်း ပြု​ကြ​လော့​”​ဟု ဆို​လေ​၏​။
25ဂဒ်​သားမြေး​၊ ရုဗင်​သားမြေး​တို့​က​လည်း မောရှေ​အား “​သခင်​၏​အစေအပါး​တို့​သည် သခင်​မိန့်မှာ​သည့်​အတိုင်း​ပြု​ပါ​မည်​။ 26အကျွန်ုပ်​တို့​၏​မယား​နှင့်​သားသမီး​များ​၊ အကျွန်ုပ်​တို့​၏​သိုးနွား​တိရစ္ဆာန်​ရှိသမျှ​တို့​သည် ဤ​အရပ်​၊ ဂိလဒ်​ပြည်​ရှိ​မြို့​တို့​၌ နေရစ်​ကြ​လိမ့်မည်​။ 27စစ်​လက်နက်စွဲကိုင်​သော သခင်​၏​အစေအပါး​အပေါင်း​တို့​မူကား သခင်​မိန့်ဆို​သည့်​အတိုင်း ထာဝရဘုရား​ရှေ့​တော်​၌ ကူးသွား​၍ စစ်တိုက်​ကြ​ပါ​မည်​”​ဟု ပြန်လျှောက်​ကြ​၏​။
28ထို့ကြောင့် မောရှေ​က ဂဒ်​သားမြေး​၊ ရုဗင်​သားမြေး​တို့​နှင့်​ပတ်သက်၍ ယဇ်ပုရောဟိတ်​ဧလာဇာ​၊ နုန်​၏​သား ယောရှု​နှင့် အစ္စရေး​အမျိုးသား​တို့​၏​ဘိုးဘေး​အမျိုးအနွယ်​အကြီးအမှူး​တို့​အား 29“​ဂဒ်​သားမြေး​၊ ရုဗင်​သားမြေး​တို့​တွင် ထာဝရဘုရား​ရှေ့​တော်​၌ စစ်တိုက်​ရန်​လက်နက်ကိုင်စွဲ​သူ​အပေါင်း​တို့​သည် သင်​တို့​နှင့်အတူ ဂျော်ဒန်​မြစ်​ကို​ကူး​၍ သင်​တို့​ရှေ့​၌​ရှိ​သော​ထို​ပြည်​ကို နှိမ်နင်း​လျှင် သင်​တို့​သည် ဂိလဒ်​ပြည်​ကို ပိုင်ဆိုင်​ရာ​မြေ​အဖြစ် သူ​တို့​အား​ပေး​ရ​မည်​။ 30သူ​တို့​သည် လက်နက်ကိုင်စွဲ​လျက် သင်​တို့​နှင့်အတူ ကူး​မ​သွား​လျှင် သင်​တို့​နှင့်အတူ​ခါနာန်​ပြည်​၌​သာ အမွေမြေ​ကို ခံယူ​ရ​မည်​”​ဟု ဆို​လေ​၏​။
31ဂဒ်​သားမြေး​၊ ရုဗင်​သားမြေး​တို့​က “​ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း သခင်​၏​အစေအပါး​တို့ ပြု​ပါ​မည်​။ 32အကျွန်ုပ်​တို့​သည် လက်နက်ကိုင်စွဲ​လျက် ထာဝရဘုရား​ရှေ့​တော်​၌ ခါနာန်​ပြည်​သို့ ကူးသွား​ပါ​မည်​။ အကျွန်ုပ်​တို့​အတွက် ပိုင်ဆိုင်​ရာ​အမွေမြေ​သည် ဂျော်ဒန်​မြစ်​တစ်ဖက်​၌ ဖြစ်​စေ​ပါ​”​ဟု ပြန်လျှောက်​ကြ​၏​။
33ထိုအခါ မောရှေ​သည် ဂဒ်​သားမြေး​၊ ရုဗင်​သားမြေး​များ​နှင့် ယောသပ်​သား မနာရှေ​မျိုးနွယ်​တစ်ဝက်​အား အာမောရိ​လူမျိုး​တို့​၏​ဘုရင်​ရှိဟုန်​မင်းကြီး​၏​နိုင်ငံ​၊ ဗာရှန်​ဘုရင်​ဩဃ​မင်းကြီး​၏​နိုင်ငံ​တို့​ကို မြို့​များ​နှင့်တကွ မြေ​များ​၊ မြို့​ပတ်ပတ်လည်​ရှိ နယ်မြေ​များ​ကို​ပေး​လေ​၏​။ 34ဂဒ်​သားမြေး​တို့​သည် ဒိဘုန်​၊ အတရုတ်​၊ အာရော်​၊ 35အာတရုတ်ရှောဖန်​၊ ယာဇာ​၊ ယုဗ္ဗေဟ​၊ 36ဗက်နိမရ​၊ ဗေသာရန်​စသော ခံတပ်​မြို့​များ​နှင့် သိုးခြံ​များ​ကို တည်ဆောက်​ကြ​၏​။ 37ရုဗင်​သားမြေး​တို့​သည် ဟေရှဘုန်​၊ ဧလာလေ​၊ ကိရယသိမ်​၊ 38နေဗော​၊ ဗာလမုန်​၊ (​အမည်​ပြောင်း​ထား​သော​မြို့​များ​) စိဗမာ​စသော မြို့​တို့​ကို တည်ဆောက်​ကြ​၏​။ သူ​တို့​တည်ဆောက်​သော​မြို့​တို့​၏​အမည်​များ​ကို အမည်​အသစ်​ဖြင့်​မှည့်ခေါ်​ကြ​၏​။
39မနာရှေ​၏​သား​မာခိရ​၏​သားမြေး​တို့​သည် ဂိလဒ်​ပြည်​သို့ သွား​၍ သိမ်းယူ​ပြီးလျှင် ထို​ပြည်​၌​နေထိုင်​သော အာမောရိ​လူမျိုး​တို့​ကို နှင်ထုတ်​ကြ​၏​။ 40ထို့ကြောင့် မောရှေ​သည် မနာရှေ​၏​သား​မာခိရ​အား ဂိလဒ်​ပြည်​ကို ပေး​သဖြင့် သူ​တို့​သည် ထို​ပြည်​၌ နေထိုင်​ကြ​၏​။ 41မနာရှေ​အမျိုး​ယာဣရ​သည်​လည်း ဂိလဒ်​ပြည်​၏​မြို့ငယ်​များ​သို့ သွား​၍ သိမ်းယူ​ပြီးလျှင် ဟာဝုတ်​ယာဣရ#32:41 “ယာဣရ၏မြို့ငယ်များ”ဟူသောအဓိပ္ပာယ်ရှိ၏။​ဟု မှည့်ခေါ်​လေ​၏​။ 42နောဗာ​သည်​လည်း ကေနတ်​မြို့​နှင့် ၎င်း​၏​မြို့ငယ်​များ​သို့ သွား​၍ သိမ်းယူ​ပြီးလျှင် မိမိ​၏​အမည်​ဖြင့် နောဗာ​မြို့​ဟု မှည့်ခေါ်​လေ​၏​။

လက်ရှိရွေးချယ်ထားမှု

တောလည်ရာကျမ်း 32: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ