YouVersion လိုဂို
ရှာရန် အိုင်ကွန်

တောလည်ရာကျမ်း 12

12
မိရိအံနှင့်အာရုန်တို့ဆန့်ကျင်ကြခြင်း
1မောရှေ​သည် ကုရှိ​အမျိုးသမီး​တစ်​ယောက်​နှင့်​စုံဖက်​သဖြင့် ထို​ကုရှိ​အမျိုးသမီး​နှင့်​ပတ်သက်၍ မိရိအံ​နှင့်​အာရုန်​သည် မောရှေ​အား ဆန့်ကျင်​ပြောဆို​ကြ​၏​။ 2သူ​တို့​က “​ထာဝရဘုရား​သည် မောရှေ​အားဖြင့်​သာ စကားပြော​တော်မူ​သလော​။ ငါ​တို့​အားဖြင့်​လည်း မိန့်မြွက်​တော်မူ​သည်​မ​ဟုတ်​လော​”​ဟု ဆို​ကြ​သည်​ကို ထာဝရဘုရား​ကြား​တော်မူ​၏​။ 3(​မောရှေ​သည် ကမ္ဘာမြေ​ပေါ်​ရှိ​လူ​အားလုံး​တို့​ထက် စိတ်အနှိမ့်ချ​ဆုံး​သူ​ဖြစ်​၏​။​)
4ထာဝရဘုရား​က “​တွေ့ဆုံစည်းဝေးရာ​တဲ​တော်​သို့ သင်​တို့​သုံး​ယောက်​လာ​ကြ​လော့​”​ဟု မောရှေ​၊ အာရုန်​နှင့် မိရိအံ​တို့​အား ချက်ချင်း​မိန့်​တော်မူ​သဖြင့် သူ​တို့​သုံး​ယောက်​သည် ထွက်လာ​ကြ​၏​။ 5ထာဝရဘုရား​သည်​လည်း မိုးတိမ်​တိုင်​အားဖြင့် ကြွဆင်း​၍ တဲ​တော်​အဝင်ဝ​၌​ရပ်​လျက် အာရုန်​နှင့်​မိရိအံ​ကို​ခေါ်​သဖြင့် သူ​တို့​နှစ်ဦးစလုံး ရှေ့​တော်​သို့​လာ​ကြ​၏​။ 6ထိုအခါ ထာဝရဘုရား​က “​ငါ့​စကား​ကို နားထောင်​ကြ​လော့​။ သင်​တို့​တွင် ပရောဖက်​ရှိ​လျှင် ငါ​ထာဝရဘုရား​သည် ထို​ပရောဖက်​အား နိမိတ်အာရုံ​အားဖြင့် ကိုယ်ထင်ရှားပြ​မည်​။ အိပ်မက်​အားဖြင့် မိန့်မြွက်​မည်​။ 7ငါ​၏​အိမ်​တော်​တစ်ခုလုံး​အပေါ်​သစ္စာရှိ​သော ငါ​၏​အစေအပါး​မောရှေ​နှင့်​မူကား ထိုသို့​မ​ဟုတ်​ဘဲ 8သူ​နှင့်​မျက်နှာချင်းဆိုင် ရှင်းလင်း​စွာ​မိန့်ဆို​၏​။ သွယ်ဝိုက်​၍ မ​မိန့်ဆို​။ သူ​သည် ထာဝရဘုရား​၏​ပုံသဏ္ဌာန်​ကို မြင်​ရ​၏​။ သင်​တို့​သည် ငါ့​အစေအပါး​မောရှေ​ကို အဘယ်ကြောင့် ဆန့်ကျင်​ပြောဆို​ဝံ့​သနည်း​”​ဟု မိန့်​တော်မူ​ပြီးနောက် 9ထာဝရဘုရား​သည် သူ​တို့​ကို​အမျက်ထွက်​လျက် ကြွသွား​တော်မူ​၏​။
10မိုးတိမ်​သည် တဲ​တော်​အပေါ်​မှ ကွာ​သွား​သည်​နှင့် မိရိအံ​သည် အနာကြီးရောဂါစွဲ​၍ နှင်းပွင့်​ကဲ့သို့​ဖြူ​လေ​၏​။ အာရုန်​သည် မိရိအံ​ကို​လှည့်ကြည့်​သောအခါ အနာကြီးရောဂါစွဲ​နေ​သည်​ကို မြင်​လျှင် 11အာရုန်​က မောရှေ​အား “​အို အကျွန်ုပ်​၏​သခင်​၊ အကျွန်ုပ်​တို့​သည် မိုက်မဲ​၍​ပြစ်မှား​မိ​ပါ​ပြီ​။ အကျွန်ုပ်​တို့​၏​အပြစ်​ကို မှတ်​တော်​မ​မူ​ပါ​နှင့်​။ 12ကိုယ်အင်္ဂါ​မစုံမလင်​နှင့် အမိ​ဝမ်း​မှ​ထွက်လာ​သော​အသေကောင်​ကဲ့သို့ သူ့​ကို​မ​ဖြစ်စေ​ပါ​နှင့်​”​ဟု တောင်းပန်​သဖြင့်
13မောရှေ​က “​အို ဘုရားသခင်​၊ မိရိအံ​ကို ရောဂါပျောက်ကင်း​စေ​တော်မူ​ပါ​”​ဟု ထာဝရဘုရား​ထံ​အော်ဟစ်​တောင်းလျှောက်​လေ​၏​။
14ထာဝရဘုရား​က မောရှေ​အား “​သူ့​ဖခင်​သည် သူ့​မျက်နှာ​ကို တံတွေးထွေး​လျှင် သူ​သည် ခုနစ်​ရက်​ပတ်လုံး အရှက်ရ​မည်​မ​ဟုတ်​လော​။ သူ့​ကို တပ်စခန်း​၏​အပြင်ဘက်​၌ ခုနစ်​ရက်​ပတ်လုံး နေ​စေ​ရ​မည်​။ ထို့နောက်မှ သူ့​ကို​ပြန်ခေါ်လာ​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။ 15ထို့ကြောင့် မိရိအံ​ကို တပ်စခန်း​အပြင်ဘက်​၌ ခုနစ်​ရက်​ပတ်လုံး နေ​စေ​၏​။ မိရိအံ​ကို ပြန်​မ​ခေါ်လာ​မီ​တိုင်အောင် လူ​တို့​သည် ခရီး​မ​ပြု​ဘဲ နေ​ကြ​၏​။ 16ထို့နောက်မှ လူ​တို့​သည် ဟာဇရုတ်​အရပ်​မှ ခရီးပြု​၍ ပါရန်​တောကန္တာရ​တွင် စခန်းချ​ကြ​၏​။

လက်ရှိရွေးချယ်ထားမှု

တောလည်ရာကျမ်း 12: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ