YouVersion လိုဂို
ရှာရန် အိုင်ကွန်

တောလည်ရာကျမ်း 10

10
ငွေခရာနှစ်ခု
1တစ်ဖန် ထာဝရဘုရား​က မောရှေ​အား 2“​သင့်​အတွက် ငွေ​တံပိုးခရာ​နှစ်​ခု​ကို ထုလုပ်​လော့​။ လူထု​ကို​စုရုံး​ရာ​တွင်​လည်းကောင်း​၊ တပ်စခန်း​တို့ ခရီးဆက်ရာ​တွင်​လည်းကောင်း ထို​ခရာ​တို့​ကို မှုတ်​ရ​မည်​။ 3ခရာ​တို့​ကို​မှုတ်​သောအခါ လူထု​အပေါင်း​တို့​သည် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​၊ သင့်​ထံ၌ စုဝေး​ရ​မည်​။ 4ခရာ​တစ်ခုတည်း​ကို​သာ​မှုတ်​လျှင် အစ္စရေး​အမျိုးသား​တို့​ထဲမှ လူ​တစ်ထောင်​ကို​အုပ်​သော​ခေါင်းဆောင်​တို့​သည် သင့်​ထံ၌ စုဝေး​ရ​မည်​။
5အချက်ပေးသံ​အဖြစ်​မှုတ်​လျှင် အရှေ့ဘက်​၌ စခန်းချ​နေ​သော​တပ်စခန်း​တို့ ခရီးပြု​ရ​မည်​။ 6အချက်ပေးသံ​ကို​နောက်တစ်ကြိမ်​မှုတ်​လျှင် တောင်ဘက်​၌ စခန်းချ​နေ​သော​တပ်စခန်း​တို့ ခရီးပြု​ရ​မည်​။ တပ်စခန်း​တို့ ခရီးပြု​ရန် အချက်ပေးသံ​အဖြစ် ခရာ​ကို​မှုတ်​ရ​မည်​။ 7လူအစုအဝေး​ကို စုရုံး​စေ​လို​လျှင်​လည်း မှုတ်​ရ​မည်​။ သို့သော် တပ်လှန့်​အချက်ပေးသံ​အဖြစ် မ​မှုတ်​ရ​။ 8အာရုန်​၏​သား ယဇ်ပုရောဟိတ်​တို့​သည် ထို​တံပိုးခရာ​တို့​ကို မှုတ်​ကြ​ရ​မည်​။ ဤသည်ကား သင်​တို့​၏​မျိုးဆက်​အစဉ်အဆက် အစဉ်အမြဲ​လိုက်နာ​ရ​မည့် ပြဋ္ဌာန်းချက်​ဖြစ်​၏​။
9သင်​တို့​၏​ပြည်​၌ သင်​တို့​ကို ရန်ဖက်ပြု​သော​ရန်သူ​တို့​ကို တိုက်ခိုက်​ရန် ချီတက်​သွား​သောအခါ တံပိုးခရာ​ကို​တပ်လှန့်​အချက်ပေးသံ​အဖြစ် မှုတ်​ရ​မည်​။ ထိုအခါ သင်​တို့​၏​ဘုရားသခင် ထာဝရဘုရား​သည် သင်​တို့​ကို​အောက်မေ့​တော်မူ​၍ ရန်သူ့​လက်​မှ သင်​တို့​ကို ကယ်တင်​တော်မူ​မည်​။ 10သင်​တို့​ဝမ်းမြောက်​ရာ​နေ့​ဖြစ်​သည့် သတ်မှတ်​ထား​သော​ပွဲတော်​များ​နေ့​၊ လဆန်းနေ့​တို့​၌ သင်​တို့​မီးရှို့ရာယဇ်​၊ မိတ်သဟာယယဇ်​တို့​ကို ပူဇော်​သောအခါ တံပိုးခရာ​ကို​မှုတ်​ရ​မည်​။ သင်​တို့​၏​ဘုရားသခင်​ရှေ့​တော်​၌ သင်​တို့​အတွက် အောက်မေ့ဖွယ်​ရာ​ဖြစ်​မည်​။ ငါ​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။
သိနာတောကန္တာရမှ ပါရန်တောကန္တာရသို့ ခရီးပြုခြင်း
11ဒုတိယ​နှစ်​၊ ဒုတိယ​လ​၊ နှစ်ဆယ်​ရက်​နေ့​တွင် မိုးတိမ်​သည် သက်သေခံချက်​ထား​ရာ​ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​အပေါ်​မှ ကွာ​သွား​သဖြင့် 12အစ္စရေး​အမျိုးသား​တို့​သည် သိနာ​တောကန္တာရ​မှ ခရီး​ထွက်ခွာ​လာ​ကြ​၏​။ မိုးတိမ်​သည် ပါရန်​တောကန္တာရ​၌ ရပ်တန့်​လေ​၏​။ 13မောရှေ​မှတစ်ဆင့် ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း သူ​တို့​ခရီးပြု​ကြ​သည်​မှာ ပထမ​အကြိမ်​ဖြစ်​၏​။
14ယုဒ​၏​သားမြေး​တို့​သည် မိမိ​တို့​တပ်ဖွဲ့​အလိုက် တပ်စခန်း​အလံ​နှင့်တကွ ရှေ့ဆုံး​မှ ခရီးပြု​ကြ​၏​။ ထို​တပ်ဖွဲ့​ကို အမိနဒပ်​၏​သား နာရှုန် ဦးစီး​၏​။ 15ဣသခါ​၏​သားမြေး​တို့​အမျိုးအနွယ်​တပ်ဖွဲ့​ကို ဇုအာ​၏​သား နာသနေလ​ဦးစီး​၏​။ 16ဇာဗုလုန်​၏​သားမြေး​တို့​အမျိုးအနွယ်​တပ်ဖွဲ့​ကို ဟေလုန်​၏​သား ဧလျာဘ ဦးစီး​၏​။ 17ထို့နောက် ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​ကို ဖြုတ်သိမ်း​ကြ​ပြီး ဂေရရှုန်​၏​သားမြေး​၊ မေရာရိ​၏​သားမြေး​တို့​သည် ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​ကို သယ်ဆောင်​ကာ ခရီးပြု​ကြ​၏​။
18ထို့နောက် ရုဗင်​တပ်စခန်း​သည် တပ်ဖွဲ့​အလိုက် မိမိ​တို့​တပ်စခန်း​အလံ​နှင့်တကွ ခရီးပြု​ကြ​၏​။ ထို​တပ်ဖွဲ့​ကို ရှေဒုရ​၏​သား ဧလိဇုရ ဦးစီး​၏​။ 19ရှိမောင်​၏​သားမြေး​တို့​အမျိုးအနွယ်​တပ်ဖွဲ့​ကို ဇုရိရှဒ္ဒဲ​၏​သား ရှေလုမျေလ ဦးစီး​၏​။ 20ဂဒ်​၏​သားမြေး​တို့​အမျိုးအနွယ်​တပ်ဖွဲ့​ကို ဒွေလ​၏​သား ဧလျာသပ် ဦးစီး​၏​။ 21ထို့နောက် ကောဟတ်​အမျိုး​တို့​သည် သန့်ရှင်းရာဌာန​နှင့်ဆိုင်သော​အရာ​တို့​ကို သယ်ဆောင်​၍​ခရီးပြု​ကြ​၏​။ သူ​တို့​မ​ရောက်​မီ ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​ကို တည်​နှင့်​ပြီ​ဖြစ်​၏​။
22ထို့နောက် ဧဖရိမ်​၏​သားမြေး​တို့​သည် မိမိ​တို့​တပ်ဖွဲ့​အလိုက် တပ်စခန်း​အလံ​နှင့်တကွ ခရီးပြု​ကြ​၏​။ ထို​တပ်ဖွဲ့​ကို အမိဟုဒ်​၏​သား ဧလိရှမာ ဦးစီး​၏​။ 23မနာရှေ​၏​သားမြေး​တို့​အမျိုးအနွယ်​တပ်ဖွဲ့​ကို ပေဒါဇုရ​၏​သား ဂါမလျေလ ဦးစီး​၏​။ 24ဗင်္ယာမိန်​၏​သားမြေး​တို့​အမျိုးအနွယ်​တပ်ဖွဲ့​ကို ဂိဒေါနိ​၏​သား အဘိဒန် ဦးစီး​၏​။
25ဒန်​၏​သားမြေး​တို့​သည် မိမိ​တို့​တပ်ဖွဲ့​အလိုက် တပ်စခန်း​အလံ​နှင့်တကွ တပ်စခန်း​အားလုံး​ကို​အကာအကွယ်​အဖြစ် နောက်ဆုံး​မှ ခရီးပြု​ကြ​၏​။ ထို​တပ်ဖွဲ့​ကို အမိရှဒ္ဒဲ​၏​သား အဟေဇာ ဦးစီး​၏​။ 26အာရှာ​သားမြေး​တို့​၏​အမျိုးအနွယ်​တပ်ဖွဲ့​ကို ဩကရန်​၏​သား ပါဂျေလ ဦးစီး​၏​။ 27နဿလိ​သားမြေး​တို့​၏​အမျိုးအနွယ်​တပ်ဖွဲ့​ကို ဧနန်​၏​သား အဟိရ ဦးစီး​၏​။ 28ဤ​အစီအစဉ်​အတိုင်း အစ္စရေး​အမျိုးသား​တို့​သည် မိမိ​တို့​တပ်ဖွဲ့​အလိုက် ခရီးပြု​ကြ​၏​။
29မောရှေ​သည် မိမိ​ယောက္ခမ​ဖြစ်​သူ မိဒျန်​လူမျိုး​ရွေလ​သား ဟောဗပ်​အား “ ‘​ထို​ပြည်​ကို​သင်​တို့​အား ငါ​ပေး​မည်​’​ဟု ထာဝရဘုရား​မိန့်​တော်မူ​ခဲ့​သော​အရပ်​သို့ အကျွန်ုပ်​တို့​ခရီးပြု​နေ​ကြ​ပါ​၏​။ ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​တို့​အား ကောင်းစား​စေ​မည်​ဟူသော​ကတိထား​ခဲ့​သည်​ဖြစ်၍ အကျွန်ုပ်​တို့​နှင့်အတူ လိုက်​ခဲ့​ပါ​။ သင့်​ကို ကျေးဇူးပြု​ပါ​မည်​”​ဟု ဆို​လေ​၏​။
30သို့သော် ဟောဗပ်​က “​ငါ​မ​လိုက်​ပါ​။ ငါ့​ပြည်​၊ ငါ့​လူမျိုး​တို့​ရှိ​ရာ​သို့​သာ ငါ​ပြန်သွား​မည်​”​ဟု ဆို​လေ​၏​။
31မောရှေ​က​လည်း “​အကျွန်ုပ်​တို့​ကို​ပစ်​မ​ထား​ပါ​နှင့်​။ အကြောင်းမှာ တောကန္တာရ​ထဲ၌ အကျွန်ုပ်​တို့ စခန်းချ​ရ​မည်​ကို သင်​သိ​၏​။ သင်​သည် အကျွန်ုပ်​တို့​အတွက် မျက်စိ​သဖွယ်​ဖြစ်​ပါ​၏​။ 32သင်​သည် အကျွန်ုပ်​တို့​နှင့်အတူ​လိုက်​လျှင် ထာဝရဘုရား​က အကျွန်ုပ်​တို့​အား ကျေးဇူး​ပြု​သည့်​ကောင်း​သော​အရာ​များ​ဖြင့် အကျွန်ုပ်​တို့​သည် သင့်​အား ကျေးဇူး​ပြု​ပါ​မည်​”​ဟု ဆို​လေ​၏​။
33အစ္စရေး​အမျိုးသား​တို့​သည် ထာဝရဘုရား​၏​တောင်​တော်​မှ သုံး​ရက်​ခရီးပြု​ကြ​၏​။ ထို​သုံး​ရက်​ခရီး​တွင် ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​သည် သူ​တို့​နားနေ​ရာ​အရပ်​ကို​ရှာ​ရန် သူ​တို့​၏​ရှေ့​မှ​သွား​လေ​၏​။ 34သူ​တို့​သည် တပ်စခန်း​မှ ခရီးပြု​ကြ​သောအခါ နေ့​အချိန်​၌ ထာဝရဘုရား​၏​မိုးတိမ်​သည် သူ​တို့​အပေါ်​တွင် တည်​၏​။
35သေတ္တာ​တော်​ခရီးပြု​သောအခါ မောရှေ​က “​အို ထာဝရဘုရား​၊ ထ​တော်မူ​ပါ​။ ကိုယ်တော်​၏​ရန်သူ​တို့​သည် ကွဲလွင့်​ကြ​ပါစေသော​။ ကိုယ်တော်​ကို​မုန်း​သော​သူ​တို့​သည် ကိုယ်တော့်​ထံ​မှ ထွက်ပြေး​ကြ​ပါစေသော​”​ဟု လျှောက်ဆို​၍
36သေတ္တာ​တော်​ရပ်နား​သောအခါ “​အို ထာဝရဘုရား​၊ အစ္စရေး​လူမျိုး​အထောင်​အသောင်း​တို့​ထံသို့ ပြန်လာ​တော်မူ​ပါ​” ဟု လျှောက်ဆို​လေ့​ရှိ​၏​။

လက်ရှိရွေးချယ်ထားမှု

တောလည်ရာကျမ်း 10: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ