YouVersion လိုဂို
ရှာရန် အိုင်ကွန်

နာဟုံအနာဂတ္တိကျမ်း 3

3
နိနေဝေမြို့ကျဆုံးခြင်း
1လူသတ်​သော​မြို့​သည် အမင်္ဂလာ​ရှိ​၏​။ ထို​မြို့​သည် လိမ်လည်လှည့်စားမှု​၊ တိုက်ခိုက်လုယက်မှု​နှင့်​ပြည့်​သော​မြို့ ဖြစ်​၏​။ သားကောင်​ကို မပြတ်မလပ်​ဖမ်းစား​၏​။ 2ကျာပွတ်ရိုက်သံ​၊ ဘီးလိမ့်​သံ​၊ မြင်းခွာသံ​၊ စစ်ရထား​နှင်​သံ တို့​ပါတကား​။ 3တောက်ပြောင်​သော​ဓား​ကို​ဝင့်​လျက်​၊ လင်းလက်​သော​လှံ​ကို​မြှောက်​လျက် မြင်းစီးသူရဲ​တို့ ချီလာ​ကြ​ပြီ​။ လူ​အမြောက်အမြား အသတ်​ခံရ​သဖြင့် အလောင်းကောင်​များ စုပုံ​နေ​ပြီ​။ အလောင်းကောင်​တို့​သည်​လည်း အတိုင်းမသိ​များပြား​ကြ​၏​။ ထို​အလောင်း​များ​ကို​ပင် ခလုတ်တိုက်​လဲကျ​ကြ​လေ​ပြီ​။ 4အကြောင်းမှာ သူ​သည် ရာဂစိတ်​ပြင်းထန်​သော​ပြည့်တန်ဆာမ​၊ အဆင်းလှ​၍ ပြုစား​တတ်​သော​မှော်ဆရာမ ဖြစ်​သည်​နှင့်အညီ ပြည့်တန်ဆာအလုပ်​၊ မှော်အတတ်​တို့​ဖြင့် လူ​အမျိုးမျိုး​အနွယ်နွယ်​တို့​ကို ကျွန်ပြု​သောကြောင့် ဖြစ်​၏​။ 5ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​ငါ​သည် သင့်​ကို​ဆန့်ကျင်​၍ သင့်​အဝတ်​ကို သင့်​မျက်နှာ​အုပ်​သွား​သည်​အထိ လှန်​ပစ်​မည်​။ ငါ​သည် သင် အဝတ်အချည်းစည်း​ရှိ​သည်​ကို လူမျိုးတကာ​တို့​အား ပြ​၍ သင်​အရှက်ကွဲ​သည်​ကို​လည်း တိုင်းနိုင်ငံ​တို့​အား ပြ​မည်​။ 6သင့်​အပေါ်​သို့ မစင်​ကို ပစ်ချ​မည်​။ သင့်​ကို မထီမဲ့မြင်ပြု​မည်​။ သင့်​ကို သူတစ်ပါး​ကြည့်စရာ ဖြစ်​စေ​မည်​။ 7သင့်​ကို​မြင်​သော​သူ​အားလုံး​တို့​သည် ထွက်ပြေး​ကြ​၍ ‘နိနေဝေ​မြို့ကြီး ပျက်စီး​လေ​ပြီ​။ သူ့​အဖို့ မည်သူ​မြည်တမ်း​မည်နည်း’​ဟု ဆို​ကြ​လိမ့်မည်​။ သင့်​ကို နှစ်သိမ့်ပေး​မည့်​သူ​များ​ကို အဘယ်မှာ ငါ​ရှာတွေ့​နိုင်​မည်နည်း​”​ဟု မိန့်​တော်မူ​၏​။ 8သင်​သည် ရေ​ပတ်လည်​ဝိုင်း​လျက် ပင်လယ်​တံတိုင်း​၊ ရေ​မြို့ရိုး​ဖြင့်​ကာရံ​ထား​၍ နိုင်း​မြစ်​နံဘေး​တွင်​တည်​သော နော​အာမုန်​မြို့​ထက် ခိုင်ခံ့​သလော​။ 9အီသီယိုးပီးယား​ပြည်​နှင့် အီဂျစ်​ပြည်​သည် သူ့​အဖို့ အတိုင်းအဆ​မ​ရှိ​သော​အင်အား ဖြစ်​၏​။ ဖုတ​ပြည်​နှင့် လစ်ဗျား​ပြည်​သည်​လည်း သူ့​ကို ကူညီပေး​သော​သူ​များ​ဖြစ်​၏​။ 10သို့သော်လည်း သူ​သည် သုံ့ပန်း​အဖြစ်​ဖမ်းခေါ်​သွား​ခြင်း​ခံရ​၍ ကလေးသူငယ်​များ​သည် လမ်းဆုံလမ်းခွ​တိုင်း​၌ ကိုင်ယူ​ပေါက်သတ်​ခြင်း​ခံရ​လေ​ပြီ​။ သူ​၏​လူကြီးလူကောင်း​များ​သည် မဲချ​ခွဲဝေ​ခြင်း​ခံရ​ပြီး မင်းအရာရှိ​အားလုံး​လည်း သံကြိုး​ဖြင့်​ချည်နှောင်​ခြင်း​ခံရ​ကြ​လေ​ပြီ​။ 11သင်​သည်​လည်း ရန်သူ​ကြောင့် ပုန်းခို​နေ​ရ​၍ မူးနောက်​နေ​လိမ့်မည်​။ ခိုလှုံ​ရာ​ကို​လည်း ရှာ​ရ​လိမ့်မည်​။ 12သင်​၏​ခံတပ်​ရှိသမျှ​သည် အဦးဆုံးအသီး​များ​မှည့်​နေ​သည့် သဖန်းပင်​နှင့်​တူ​၏​။ ထို​အပင်​တို့​ကို​လှုပ်ခါ​လိုက်​လျှင် အသီး​တို့​သည် စား​မည့်​သူ​၏​ပါးစပ်​ထဲသို့ ပြုတ်ကျ​၏​။ 13ကြည့်ရှု​လော့​။ သင့်​စစ်သည်​တို့​သည် မိန်းမ​သဖွယ်​ဖြစ်​လေ​ပြီ​။ ကန့်လန့်ကျင်​တို့​ကို မီး​လောင်ကျွမ်း​ပြီး မြို့​တံခါး​တို့​သည်​လည်း ရန်သူ​တို့​အဖို့ ဟင်းလင်းပွင့်​လေ​ပြီ​။ 14ဝိုင်းရံ​ပိတ်ဆို့​ခံရ​မည်​ဖြစ်၍ ရေ​ကို လှောင်​ထား​လော့​။ အုတ်ဖို​ကို​ပြင်ဆင်​၍ ရွှံ့​ကို​နင်းနယ်​လော့​။ သင့်​ခံတပ်​တို့​ကို ခိုင်ခံ့​စေ​လော့​။ 15ထို​အရပ်​၌​ပင် သင်​သည် မီး​လောင်​ခံရ​မည်​။ ဓား​ဖြင့် ခုတ်သတ်​ခံရ​မည်​။ ယာလက်ကျိုင်း​ဝါးမျို​ခံရ​သကဲ့သို့ ဝါးမျို​ခံရ​မည်​။ သင့်ကိုယ်သင် ယာလက်ကျိုင်း​ကဲ့သို့ တိုးပွား​စေ​လော့​။ သင့်ကိုယ်သင် အရာဘကျိုင်း​ကဲ့သို့ တိုးပွား​စေ​လော့​။ 16သင့်​ကုန်သည်​တို့​သည် ကောင်းကင်​ကြယ်​နှင့်အမျှ များပြား​သော်လည်း ယာလက်ကျိုင်း​ကဲ့သို့ အရေခွံ​ကျွတ်​၍ ပျံသန်း​သွား​ကြ​လိမ့်မည်​။ 17သင့်​ကင်းစောင့်#3:17 သို့မဟုတ် “မင်းညီမင်းသား”။​တို့​သည် အရာဘကျိုင်း​တို့​နှင့် တူ​၏​။ သင့်​အရာရှိ​တို့​သည်​လည်း ဂေါဘကျိုင်းကောင်​အုပ်ကြီး​နှင့် တူ​၏​။ ချမ်းအေး​ချိန်​တွင် ခြံစည်းရိုး​များ​၌ တွယ်ကပ်​နေ​ပြီး နေ​ထွက်လာ​သောအခါ အဝေး​သို့​ပျံသန်း​သွား​ကြ​၏​။ အဘယ်​အရပ်​သို့ ရောက်​သည်​ကို မ​သိ​ရ​။ 18အို အဆီးရီးယား​မင်းကြီး​၊ သင့်​သိုးထိန်း​တို့ အိပ်ငိုက်​နေ​ကြ​ပြီ​။ သင့်​မှူးမတ်​တို့ လဲလျောင်း​နေ​ကြ​ပြီ​။ သင့်​ပြည်သူပြည်သား​တို့​သည် တောင်​များ​ပေါ်တွင် ကွဲလွင့်​ကုန်​ကြ​၍ စုစည်းပေး​မည့်​သူ မ​ရှိ​။ 19သင့်​ဒဏ်ရာ​ကို ကုသ​ပေး​မည့်​သူ​မ​ရှိ​။ သင့်​အနာ​သည် ဆိုးရွား​လှ​၏​။ သင်​မ​နှိပ်စက်​ခဲ့​ဖူး​သူ ရှိ​သလော​။ ထို့ကြောင့် သင့်​သတင်း​ကို ကြား​ရ​သော​သူ​အားလုံး လက်ခုပ်တီး​ကြ​လိမ့်မည်​။

လက်ရှိရွေးချယ်ထားမှု

နာဟုံအနာဂတ္တိကျမ်း 3: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ