YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကုခရစ်ဝင် 13:24-36

ရှင်မာကုခရစ်ဝင် 13:24-36 MSBU

သို့သော် ထို​နေ့ရက်​တို့​၌ ထို​ဆင်းရဲ​ဒုက္ခ​ကျရောက်​ပြီးနောက် နေ​သည် မှောင်မည်း​သွား​၍ လ​သည်​လည်း မိမိ​၏​အလင်းရောင်​ကို မ​ပေး​ဘဲ​နေ​လိမ့်မည်။ ကြယ်​တို့​သည်​လည်း ကောင်းကင်​မှ​ကြွေကျ​ကာ အာကာသ​ကောင်းကင်​၏​စွမ်းအား​တို့​သည် တုန်လှုပ်​ကြ​လိမ့်မည်။ ထိုအခါ လူ့သား​သည် ကြီးမား​သော​တန်ခိုး​နှင့် ဘုန်း​အသရေ​တို့​ဖြင့် မိုးတိမ်​များ​စီး​လျက်​ကြွလာ​သည်​ကို လူ​တို့​မြင်​ရ​ကြ​လိမ့်မည်။ ထို့နောက် လူ့သား​သည် ကောင်းကင်တမန်​တို့​ကို​စေလွှတ်​၍ မိမိ​ရွေးကောက်​ထား​သော​သူ​တို့​ကို ကမ္ဘာ​မြေကြီး​အစွန်း​မှ မိုး​ကောင်းကင်​အစွန်း​တိုင်အောင် အရပ်​လေး​မျက်နှာ​မှ စုစည်း​လိမ့်မည်။ သဖန်းပင်​မှ ပုံ​ဥပမာ​ကို သင်ယူ​ကြ​လော့။ ၎င်း​၏​အကိုင်းအခက်​သည် နု​လာ​ပြီး အရွက်​များ​ထွက်လာ​သောအခါ နွေ​ရာသီ​နီး​ပြီ​ဖြစ်​ကြောင်း သင်​တို့​သိ​ကြ​၏။ ထိုနည်းတူ သင်​တို့​သည်​လည်း ဤ​အရာ​များ​ဖြစ်ပျက်​နေ​ကြ​သည်​ကို မြင်​ရ​သောအခါ လူ့သား​သည် တံခါးဝ​အနီး​သို့​ရောက်ရှိ​နေ​ပြီ​ဖြစ်​ကြောင်း သိမှတ်​ကြ​လော့။ သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား ဤ​အရာ​များ​အားလုံး​မ​ဖြစ်ပျက်​မီ ဤ​မျိုးဆက်​သည် မည်သည့်အခါမျှ ကွယ်ပျောက်​လိမ့်မည်​မ​ဟုတ်။ ကောင်းကင်​နှင့်​မြေကြီး​သည် ကွယ်ပျောက်​သွားလိမ့်မည်။ ငါ့​စကား​မူကား မည်သည့်အခါမျှ​ကွယ်ပျောက်​လိမ့်မည်​မ​ဟုတ်။ သို့သော် ထို​နေ့ရက်​၊ သို့မဟုတ် ထို​အချိန်​နာရီ​နှင့်​ပတ်သက်၍​မူကား ခမည်းတော်​မှတစ်ပါး မည်သူမျှ​မ​သိ။ ကောင်းကင်​ရှိ ကောင်းကင်တမန်​များ​လည်း​မ​သိ။ သား​တော်​လည်း​မ​သိ။ သတိပြု​၍​နိုးနိုးကြားကြား​ရှိ​ကြ​လော့။ အကြောင်းမူကား ထို​အချိန်​သည် မည်သည့်​အခါ​၌​ကျရောက်​မည်​ကို သင်​တို့​မ​သိ​ကြ။ ဤသည်ကား ခရီးထွက်​မည့်​လူ​တစ်​ဦး​သည် မိမိ​အိမ်​မှ​ထွက်ခွာ​ရာ​တွင် မိမိ​အစေအပါး​အသီးသီး​တို့​အား သူ​တို့​လုပ်ဆောင်​ရ​မည့်​အမှု​နှင့်တကွ အခွင့်​အာဏာ​ကို​ပေး​၍ တံခါးမှူး​ကို​လည်း သတိ​နှင့်​စောင့်​နေ​ရန် မှာကြား​သည်​နှင့်​တူ​၏။ သို့ဖြစ်၍ အိမ်ရှင်​သည် မှောင်ရီပျိုးစချိန်၊ သို့မဟုတ် သန်းခေါင်​အချိန်၊ သို့မဟုတ် ကြက်ဦး​တွန်​ချိန်၊ သို့မဟုတ် နံနက်​စောစော​အချိန်​တို့​ထဲမှ မည်သည့်​အချိန်​၌​ရောက်လာ​မည်​ကို သင်​တို့​မ​သိ​သောကြောင့် သတိ​နှင့်​စောင့်​နေ​ကြ​လော့။ သို့မဟုတ်လျှင် သူ​သည်​ရုတ်တရက်​ပြန်လာ​၍ သင်​တို့​အိပ်ပျော်​နေ​ကြ​သည်​ကို တွေ့​လိမ့်မည်။

ရှင်မာကုခရစ်ဝင် 13:24-36 အကြောင်း ဗီဒီယိုများ