ဘုရားရှင်သည် ယဇ်ပလ္လင်ကိုစွန့်ပယ်တော်မူပြီ။ သန့်ရှင်းရာဌာနကို စက်ဆုပ်တော်မူပြီ။ နန်းတော်တံတိုင်းတို့ကိုလည်း ရန်သူ့လက်သို့ အပ်လိုက်တော်မူပြီ။ ရန်သူတို့သည် ပွဲတော်နေ့ကဲ့သို့ပင် ထာဝရဘုရား၏အိမ်တော်၌ ကြွေးကြော်ကြလေပြီ။ ထာဝရဘုရားသည် ဇိအုန်သမီးပျို၏မြို့ရိုးကို ဖျက်ဆီးမည်ဟု ကြံရွယ်တော်မူပြီ။ မျဉ်းကြိုးကိုချပြီး လက်တော်ကိုဆန့်လျက် ဖျက်ဆီးတော်မူပြီ။ တံတိုင်းနှင့်မြို့ရိုးတို့အား ငိုကြွေးမြည်တမ်းစေတော်မူပြီ။ အားလုံးပြိုကျပျက်စီးလေပြီ။ မြို့တံခါးတို့သည် မြေကြီးထဲသို့နစ်ဝင်သွားကြပြီ။ ကန့်လန့်ကျင်တို့ကို ကျိုးပဲ့ပျက်စီးစေတော်မူပြီ။ ရှင်ဘုရင်နှင့်မှူးမတ်တို့သည် လူမျိုးခြားတို့တွင် နေရလေပြီ။ ပညတ်တရားလည်းမရှိတော့ပြီ။ ပရောဖက်တို့သည်လည်း ထာဝရဘုရားထံတော်မှ ဗျာဒိတ်နိမိတ်ကိုမရကြတော့ပြီ။ ဇိအုန်သမီးပျို၏သက်ကြီးဝါကြီးတို့သည် လျှော်တေအဝတ်ကိုဝတ်လျက်၊ မြေကြီးပေါ်၌ တိတ်ဆိတ်စွာထိုင်လျက်၊ မိမိတို့ခေါင်းပေါ်သို့ မြေမှုန့်ကိုပစ်တင်ကြပြီ။ ဂျေရုဆလင်အပျိုကညာတို့သည် မြေကြီးသို့ ခေါင်းငိုက်စိုက်ကျလေပြီ။ ငါ့လူမျိုးသမီးပျိုတို့ ပျက်စီးသောကြောင့်၊ နို့စို့နို့ညှာကလေးငယ်တို့ မြို့လမ်းမများပေါ်၌ လဲကျသောကြောင့် ငိုရလွန်း၍ မျက်စိမှုန်ဝေကုန်ပြီ။ ငါ့အထဲ၌ ပွက်ပွက်ဆူနေပြီ။ ငါ့အသည်းနှလုံးလည်း မြေပေါ်ကြွေကျလေပြီ။ သူတို့သည် ဒဏ်ရာရသောသူတို့ကဲ့သို့ မြို့လမ်းများပေါ်၌လဲကျလျက်၊ အမိရင်ခွင်၌ အသက်ယဲ့ယဲ့လေးသာကျန်ရှိလျက် “မုန့်နှင့်စပျစ်ဝိုင် အဘယ်မှာရှိသနည်း”ဟု မိခင်အား မေးကြလေပြီ။ အို ဂျေရုဆလင်သမီး၊ သင့်ကို မည်သို့ပြောရမည်နည်း၊ မည်သည့်အရာဖြင့် နှိုင်းပြရမည်နည်း။ အို ဇိအုန်သမီးပျို၊ သင့်ကို မည်သူနှင့်ခိုင်းနှိုင်းပြီး နှစ်သိမ့်ပေးရမည်နည်း။ အကယ်စင်စစ် သင်၏ဒဏ်ရာသည် ပင်လယ်ကဲ့သို့နက်၍ သင့်ကို မည်သူကုသပေးနိုင်မည်နည်း။ သင်၏ပရောဖက်တို့သည် သင့်အဖို့ မဟုတ်မမှန်သောအရာ၊ အကျိုးမရှိသောအရာတို့ကို နိမိတ်မြင်ကြပြီ။ သုံ့ပန်းဘဝမရောက်ရလေအောင် သူတို့သည် သင်၏အပြစ်ကိုမထောက်ပြဘဲ မဟုတ်မမှန်သောအရာ၊ လှည့်စားသောအရာတို့ကို ဗျာဒိတ်ရကြပြီ။ လမ်းသွားလမ်းလာအားလုံး သင့်ကိုလက်ခုပ်တီး၍ ကဲ့ရဲ့ကြပြီ။ ထိုသူတို့သည် ခေါင်းကိုခါယမ်းလျက် ဂျေရုဆလင်သမီးပျိုအား “လှပမှုအပေါင်းစုံလင်ရာမြို့၊ မြေကြီးသားအားလုံးဝမ်းမြောက်ရာမြို့ကား ဤမြို့ပေလော”ဟု ဆိုကြပြီ။ သင်၏ရန်သူအပေါင်းတို့သည် နှုတ်ကိုဖွင့်၍ သင့်ကိုကဲ့ရဲ့လျက် “ဤမြို့ကို ငါတို့ဝါးမျိုကြပြီ။ စင်စစ် ဤနေ့သည် ငါတို့စောင့်မျှော်သောနေ့ဖြစ်၏။ ငါတို့ကြုံရပြီ။ ငါတို့မြင်ရပြီ”ဟု အားရကျေနပ်စွာဆိုကြပြီ။ ထာဝရဘုရားသည် ကြံစည်တော်မူသည့်အတိုင်း ပြုတော်မူပြီ။ ရှေးကာလက မိန့်တော်မူခဲ့သောစကားကို ပြည့်စုံစေတော်မူပြီ။ ညှာတာတော်မမူဘဲ ဖြိုဖျက်တော်မူပြီ။ ရန်သူက သင့်ကိုအနိုင်ရ၍ ဝမ်းမြောက်ရသောအခွင့်ကို ပေးတော်မူပြီ။ သင့်ရန်ဖက်တို့၏ဦးချိုကို ချီးမြှောက်တော်မူပြီ။ သူတို့သည် ဘုရားရှင်ထံ စိတ်နှလုံးထဲမှ အော်ဟစ်ကြပြီ။ အို ဇိအုန်သမီးပျို၏မြို့ရိုး၊ နေ့နေ့ညည မျက်ရည်ချောင်းစီးဆင်းစေလော့။ မနားတမ်းငိုလော့။ သင့်မျက်ဆန်ကို အနားမပေးနှင့်။ ညဥ့်ဦးယံ၌ ထ၍အော်ဟစ်လော့။ ရေကိုသွန်ချသကဲ့သို့ သင့်စိတ်နှလုံးကို ဘုရားရှင်၏ရှေ့တော်၌ ဖွင့်ချလော့။ သင့်ကလေးသူငယ်များ၏အသက်အတွက် ကိုယ်တော့်ထံတော်သို့ သင်၏လက်ကို မြှောက်လော့။ သူတို့သည် ငတ်မွတ်၍ လမ်းဆုံလမ်းခွတိုင်း၌ လဲကျကြလေပြီ။ အို ထာဝရဘုရား၊ ကြည့်ရှု၍ဆင်ခြင်တော်မူပါ။ ကိုယ်တော်သည် မည်သူ့ကို ဤကဲ့သို့ပြုတော်မူခဲ့သနည်း။ အလိုလေး၊ မိန်းမတို့သည် မိမိရင်ခွင်ပိုက်ကလေးငယ်၏အသားကို စားရတော့မည်လော။ ယဇ်ပုရောဟိတ်နှင့်ပရောဖက်တို့လည်း ဘုရားရှင်၏သန့်ရှင်းရာဌာနတော်၌ ကွပ်မျက်ခံရတော့မည်လော။ လူကြီးလူငယ်တို့သည် လမ်းမပေါ် ဖုန်တောထဲ၌ လဲနေလေပြီ။ အပျိုလူပျိုတို့သည်လည်း ဓားဖြင့် လဲကျသေဆုံးကြလေပြီ။ အမျက်ထွက်တော်မူသောနေ့၌ ကိုယ်တော်သည် သူတို့ကိုကွပ်မျက်တော်မူပြီ၊ မညှာမတာသတ်ဖြတ်တော်မူပြီ။ ပွဲတော်နေ့၌ လူတို့ကိုဖိတ်ခေါ်သကဲ့သို့ ကြောက်လန့်ဖွယ်ရာတို့ကို အဘက်ဘက်မှ ကိုယ်တော်ဖိတ်ခေါ်တော်မူပြီ။ ထာဝရဘုရားအမျက်ထွက်တော်မူသောနေ့၌ လွတ်မြောက်သောသူ၊ အသက်ရှင်ကျန်ရစ်သောသူတစ်ယောက်မျှမရှိ။ အကျွန်ုပ်ချီပိုက်၍ကျွေးမွေးစောင့်ရှောက်သောသူတို့ကို ရန်သူတို့ အကုန်အစင်ဖျက်ဆီးလေပြီ။
ယေရမိမြည်တမ်းစကား 2 ကို ဖတ်ရှုရန်
နားထောင်ရန် ယေရမိမြည်တမ်းစကား 2
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ယေရမိမြည်တမ်းစကား 2:7-22
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ