YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောရှုမှတ်စာ 3:7-17

ယောရှုမှတ်စာ 3:7-17 MSBU

ထာဝရဘုရား​က ယောရှု​အား “​ငါ​သည် မောရှေ​နှင့်အတူ​ရှိ​သကဲ့သို့ သင်​နှင့်အတူ​ရှိ​သည်​ကို အစ္စရေး​လူမျိုး​အပေါင်း​တို့​သိမြင်​ကြ​မည့်​အကြောင်း ယနေ့​မှ​စ​၍ သင့်​ကို သူ​တို့​ရှေ့​၌ ချီးမြှောက်​မည်​။ သင်​သည် ပဋိညာဉ်​သေတ္တာ​တော်​ကို​ထမ်း​သော​ယဇ်ပုရောဟိတ်​တို့​အား ‘​သင်​တို့​သည် ဂျော်ဒန်​မြစ်ရေ​စပ်နား​သို့​ရောက်​သောအခါ ဂျော်ဒန်​မြစ်ရေ​၌ ရပ်​နေ​ရ​မည်​’​ဟူ၍ ပြော​လော့​”​ဟု မိန့်​တော်မူ​၏​။ ယောရှု​က အစ္စရေး​အမျိုးသား​တို့​အား “​ဤ​နေရာ​သို့​လာ​၍ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​ကြ​လော့​”​ဟု ဆို​၏​။ တစ်ဖန် ယောရှု​က “​အသက်ရှင်​တော်မူ​သော​ဘုရားသခင်​သည် သင်​တို့​နှင့်အတူ​ရှိ​၍ ခါနာန်​လူမျိုး​၊ ဟိတ္တိ​လူမျိုး​၊ ဟိဝိ​လူမျိုး​၊ ဖေရဇိ​လူမျိုး​၊ ဂိရဂါရှိ​လူမျိုး​၊ အာမောရိ​လူမျိုး​၊ ယေဗုသိ​လူမျိုး​တို့​ကို သင်​တို့​ရှေ့​မှ မုချ​နှင်ထုတ်​တော်မူ​မည်​ဖြစ်ကြောင်း​ကို ဤသို့​အားဖြင့် သင်​တို့​သိ​ရ​မည်​။ မြေ​တစ်ပြင်လုံး​ကို​အစိုးရ​သော​အရှင်သခင်​၏​ပဋိညာဉ်​သေတ္တာ​တော်​သည် ဂျော်ဒန်​မြစ်​ကို သင်​တို့​ရှေ့​မှ​ကူးသွား​မည်​။ သို့ဖြစ်၍ ယခု အစ္စရေး​မျိုးနွယ်​များ​ထဲမှ မျိုးနွယ်​တစ်နွယ်​လျှင်​တစ်ယောက်စီ လူ​တစ်ဆယ့်​နှစ်​ယောက်​ကို ခေါ်ယူ​လော့​။ မြေ​တစ်ပြင်လုံး​ကို​အစိုးရ​သော​အရှင် ထာဝရဘုရား​၏​သေတ္တာ​တော်​ကို​ထမ်း​ရ​သော ယဇ်ပုရောဟိတ်​တို့​သည် ဂျော်ဒန်​မြစ်ရေ​၌ ခြေချ​လိုက်​သည်​နှင့် အထက်​မှ​စီးဆင်း​လာ​သော​ရေ​သည် ရပ်သွား​၍ တစ်ဖက်တည်း​၌​စုပုံ​လျက် တန့်​နေ​လိမ့်မည်​”​ဟု ဆို​လေ​၏​။ လူ​တို့​သည် မိမိ​တို့​တဲ​များ​မှ​ထွက်​၍ ဂျော်ဒန်​မြစ်​ကို​ဖြတ်ကူး​သောအခါ ပဋိညာဉ်​သေတ္တာ​တော်​ကို​ထမ်း​ရ​သော​ယဇ်ပုရောဟိတ်​တို့​သည် လူ​တို့​ရှေ့​မှ​သွား​ကြ​၏​။ ဂျော်ဒန်​မြစ်ရေ​သည် ရိတ်သိမ်း​ရာ​ကာလ​၌ မြစ်ကမ်း​တစ်လျှောက်​ရေ​လျှံ​လေ့​ရှိ​၏​။ သေတ္တာ​တော်​ကို​ထမ်း​ရ​သော​ယဇ်ပုရောဟိတ်​တို့​သည် ဂျော်ဒန်​မြစ်​သို့​ရောက်​၍ ရေ​စပ်​၌ ခြေချ​သည်​နှင့် အထက်​မှ​စီးဆင်း​လာ​သော​ရေ​သည် ရပ်​၍ အလှမ်းဝေး​သော​ဇာရတန်​မြို့​အနီး​ရှိ​အာဒံ​မြို့​အထိ တစ်ဖက်တည်း​၌​စုပုံ​လျက် တန့်​နေ​၏​။ အရာဗ​ပင်လယ်​ဟု​ခေါ်​သော ဆား​ပင်လယ်​တိုင်အောင် စီးဆင်း​သော​ရေ​သည် လုံးလုံး​ပြတ်​သွား​၏​။ လူ​တို့​သည်​လည်း တစ်ဖက်ကမ်း​ရှိ ဂျေရိခေါ​မြို့​သို့ ကူးသွား​ကြ​၏​။ လူ​အားလုံး​ဂျော်ဒန်​မြစ်​ကို​ဖြတ်ကူး​ပြီး​သည်​အထိ ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​ကို​ထမ်း​ရ​သော​ယဇ်ပုရောဟိတ်​တို့​သည် ဂျော်ဒန်​မြစ်​အလယ်​၊ ခြောက်သွေ့​သော​မြေ​ပေါ်၌ မြဲမြံ​စွာ​ရပ်​နေ​ကြ​၏​။ အစ္စရေး​လူမျိုး​အပေါင်း​တို့​သည် ခြောက်သွေ့​သော​မြေ​ပေါ်၌ ကူးသွား​ရ​ကြ​၏​။