YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိအနာဂတ္တိကျမ်း 4:1-9

ယေရမိအနာဂတ္တိကျမ်း 4:1-9 MSBU

ထာဝရဘုရား​က “​အို အစ္စရေး​လူမျိုး​တို့​၊ သင်​ပြန်လာ​မည်​ဆိုလျှင်​၊ ငါ့​ထံသို့​ပြန်လာ​ပါ​။ သင်​၏​ရွံရှာဖွယ်​ရာ​တို့​ကို ငါ့​ရှေ့​မှ​ဖယ်ရှား​ပြီး တည်တည်ကြည်ကြည်​နေ​မည်​ဆိုလျှင်​၊ ‘ထာဝရဘုရား​အသက်ရှင်​တော်မူ​သည်’​ဟု သစ္စာရှိ​စွာ​၊ တရားမျှတ​စွာ​၊ ဖြောင့်မတ်​စွာ သင်​ကျိန်ဆို​လျှင် လူမျိုးတကာ​တို့​သည် ထာဝရဘုရား​ထံ​တော်​မှ ကောင်းချီးမင်္ဂလာ​ခံစား​ရ​မည်​။ ကိုယ်တော်​ကို ချီးမွမ်း​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။ ထာဝရဘုရား​က ယုဒ​ပြည်သူ ဂျေရုဆလင်​မြို့သား​တို့​အား “​သင်​တို့​၏​လယ်မြေ​ကို ထွန်ယက်​ကြ​လော့​။ ဆူးပင်​များ​ကြားတွင် မျိုး​မ​ကြဲ​နှင့်​။ ယုဒ​ပြည်သူ​ဂျေရုဆလင်​မြို့သား​တို့​၊ အရေဖျားလှီး​ခြင်း​ကို​ခံ​၍ သင်တို့ကိုယ်သင်တို့ ထာဝရဘုရား​ထံ​ဆက်ကပ်​ကြ​လော့​။ သင်​တို့​၏​စိတ်နှလုံး​အရေဖျား​ကို ဖယ်ရှား​ကြ​လော့​။ သို့မဟုတ်လျှင် သင်​တို့​၏​ဆိုးညစ်​သော​လုပ်ရပ်​ကြောင့် ငါ့​အမျက်​သည် မီး​ကဲ့သို့ မည်သူ​မျှ​မ​ငြှိမ်း​နိုင်​အောင် တောက်လောင်​လိမ့်မည်​။ ယုဒ​ပြည်​၌ ဟောပြော​လော့​။ ဂျေရုဆလင်​မြို့​ကို ကြားသိ​စေ​လော့​။ ပြည်​တစ်လျှောက်လုံး တံပိုး​မှုတ်​ကြ​လော့​။ ‘စုဝေး​ကြ​စို့​။ ခံတပ်​မြို့​များ​အတွင်း​သို့​ဝင်​ကြ​စို့’​ဟု ကြွေးကြော်​ကြ​လော့​။ ဇိအုန်​တောင်​ရှိ​ရာ​ဘက်​သို့ အချက်ပြအလံ​ကို လွှင့်ပြ​လော့​။ လုံခြုံ​ရာ​သို့​ပြေး​ကြ​လော့​။ ရပ်​မ​နေ​ကြ​နှင့်​။ အကြောင်းမူကား ငါ​သည် ပျက်စီး​ခြင်း​ဘေးအန္တရာယ်​ကြီး​ကို မြောက်အရပ်​မှ ရောက်လာ​စေ​မည်​”​ဟု မိန့်​တော်မူ​၏​။ ခြင်္သေ့​သည် ပုန်းအောင်း​ရာ​မှ​ထွက်လာ​ပြီ​။ လူမျိုးတကာ​တို့​ကို​ဖျက်ဆီး​သော​သူ​သည် မိမိ​၏​နေရာ​မှ​ထွက်လာ​ပြီ​။ သင်​၏​ပြည်​ကို လူသူကင်းမဲ့​ရာ​အရပ်​ဖြစ်စေ​ရန် မိမိ​နေရာ​မှ​ထွက်လာ​ပြီ​။ သင်​တို့​၏​မြို့​များ​သည် ပျက်စီး​သွား​လိမ့်မည်​။ နေထိုင်​သူ​ရှိ​မည်​မ​ဟုတ်​။ ထို့ကြောင့် လျှော်တေအဝတ်​ကို​ဝတ်​၍ ငိုကြွေး​မြည်တမ်း​ကြ​လော့​။ အကြောင်းမူကား ထာဝရဘုရား​၏​ပြင်းထန်​သော​အမျက်​တော်​သည် ငါ​တို့​ထံမှ ပြန်လှည့်​မ​သွား​သေး​ပေ​။ ထာဝရဘုရား​က “​ထို​နေ့ရက်​၌ ရှင်ဘုရင်​နှင့်​အကြီးအကဲ​တို့​သည် စိတ်ပျက်​အားလျော့​ကြ​လိမ့်မည်​။ ယဇ်ပုရောဟိတ်​တို့​သည် တုန်လှုပ်ချောက်ချား​၍ ပရောဖက်​တို့​သည် အံ့အားသင့်​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။