တရားသူကြီးမှတ်စာ 2:11-19
တရားသူကြီးမှတ်စာ 2:11-19 MSBU
အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရားမျက်မှောက်တော်တွင် မကောင်းမှုကို ပြုကြ၏။ ဗာလဘုရားကို ဝတ်ပြုကြ၏။ သူတို့သည် အီဂျစ်ပြည်မှ မိမိတို့ကိုထုတ်ဆောင်တော်မူခဲ့သည့် ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကိုစွန့်ပယ်ပြီး မိမိတို့ပတ်လည်ရှိလူမျိုးတို့၏ဘုရားများနောက်သို့လိုက်၍ ထိုဘုရားများကိုရှိခိုးကိုးကွယ်ခြင်းဖြင့် ထာဝရဘုရား၏အမျက်တော်ကိုနှိုးဆော်ကြ၏။ သူတို့သည် ထာဝရဘုရားကို စွန့်၍ ဗာလဘုရားနှင့် အာရှတရက်ဘုရားတို့ကို ဝတ်ပြုကြ၏။ ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ကို အမျက်ထွက်၍ တိုက်ခိုက်လုယက်သောသူတို့လက်ထဲသို့အပ်လိုက်တော်မူသဖြင့် ထိုသူတို့သည် သူတို့ကိုတိုက်ခိုက်လုယက်ကြ၏။ သူတို့ဝန်းကျင်ရှိ ရန်သူတို့ထံ သူတို့ကို ရောင်းလိုက်တော်မူသဖြင့် သူတို့သည် ရန်သူတို့ကို မခုခံနိုင်ကြတော့ပေ။ ထာဝရဘုရား ကျိန်ဆိုမိန့်မြွက်သည့်အတိုင်း သူတို့ စစ်ချီလေရာရာ၌ ထာဝရဘုရား၏လက်တော်သည် သူတို့အပေါ် ကျရောက်သဖြင့် ဘေးအန္တရာယ်နှင့် ကြုံတွေ့ရ၍ အလွန်ဒုက္ခရောက်ရကြ၏။ ထို့နောက်မှ ထာဝရဘုရားသည် တိုက်ခိုက်လုယက်သောသူတို့လက်မှ သူတို့ကို ကယ်တင်ပေးမည့် တရားသူကြီးများကို ပေါ်ထွန်းစေတော်မူ၏။ သို့သော် သူတို့သည် တရားသူကြီးတို့၏စကားကို နားမထောင်၊ အခြားဘုရားများကို ရှိခိုးကိုးကွယ်လျက် ဖောက်ပြန်မှားယွင်းကြ၏။ ဘိုးဘေးတို့ နာခံလိုက်လျှောက်ခဲ့ကြသောထာဝရဘုရား၏ပညတ်တရားလမ်းမှ အလျင်အမြန်လမ်းလွဲသွားကြ၏။ ထိုလမ်းအတိုင်း မလိုက်လျှောက်ကြ။ ထာဝရဘုရားသည် သူတို့အဖို့ တရားသူကြီးကို ပေါ်ထွန်းစေပြီဆိုလျှင် ထိုတရားသူကြီးနှင့် ထာဝရဘုရားအတူရှိတော်မူ၍ ထိုတရားသူကြီးအသက်ရှင်သမျှကာလပတ်လုံး သူတို့ကို ရန်သူ့လက်မှ ကယ်တင်ပေးတော်မူ၏။ အကြောင်းမှာ သူတို့ ညှဉ်းဆဲခံရချိန်၊ ဒုက္ခရောက်ချိန်တွင် ညည်းတွားမြည်တမ်းကြသဖြင့် ထာဝရဘုရားသည် သူတို့ကို သနားတော်မူ၏။ သို့သော် ထိုတရားသူကြီး သေလွန်သွားသောအခါ သူတို့သည် အခြားဘုရားများဘက်သို့ပြန်လှည့်၍ ထိုဘုရားများနောက်သို့လိုက်လျက် ထိုဘုရားများကို ဝတ်ပြုကိုးကွယ်ကြပြန်၏။ ဘိုးဘေးတို့ထက် သာ၍အကျင့်ပျက်ပြားကြ၏။ သူတို့၏အကျင့်စရိုက်၊ ဆိုးညစ်သောအပြုအမူများကို မစွန့်ပစ်ကြ။


