YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယအနာဂတ္တိကျမ်း 17

17
ဒမတ်စကပ်မြို့နှင့်ဆိုင်သောဗျာဒိတ်တော်
1ဒမတ်စကပ်​မြို့​နှင့်ဆိုင်သော​ဗျာဒိတ်​တော်​။ “​ကြည့်ရှု​လော့​။ ဒမတ်စကပ်​မြို့​သည် မြို့​အဖြစ်​ရှိ​နေ​တော့​မည်​မ​ဟုတ်​။ ယိုယွင်းပျက်စီးရာ​အစုအပုံ ဖြစ်​လိမ့်မည်​။ 2အာရော်​မြို့ရွာ​များ​သည် စွန့်ပစ်​ခြင်း​ခံရ​၍ တိရစ္ဆာန်အုပ်​တို့​နေစရာ​ဖြစ်​လိမ့်မည်​။ တိရစ္ဆာန်​တို့​သည် ခြောက်လှန့်​မည့်​သူ​မ​ရှိ​ဘဲ ထို​နေရာ​တွင် အိပ်​ရ​လိမ့်မည်​။ 3ဧဖရိမ်​ပြည်​၌ ခံတပ်​ရှိ​တော့​မည်​မ​ဟုတ်​။ ဒမတ်စကပ်​မြို့​၌​လည်း အုပ်စိုးသူမင်း ရှိ​တော့​မည်​မ​ဟုတ်​။ ကြွင်းကျန်​သော​ဆီးရီးယား​လူမျိုး​တို့​သည် အစ္စရေး​အမျိုးသား​တို့​၏​ဘုန်းအသရေ​ကဲ့သို့​ဖြစ်​လိမ့်မည်​”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။
အစ္စရေးလူမျိုးတို့ကိုစီရင်တော်မူခြင်း
4အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​က “​ထို​နေ့ရက်​၌ ယာကုပ်​အမျိုး​၏​ဘုန်းအသရေ​သည် မှေးမှိန်​သွား​လိမ့်မည်​။ ဝဖြိုး​သော​ကိုယ်ခန္ဓာ​သည်​လည်း ပိန်ချုံး​သွား​လိမ့်မည်​။ 5ရိတ်သိမ်းသူ​သည် စပါးပင်​ကို​စု​၍ မိမိ​လက်ရုံး​အားဖြင့် ရိတ်သိမ်း​သကဲ့သို့​လည်းကောင်း​၊ ရေဖိမ်​ချိုင့်ဝှမ်း​၌ စပါးနှံ​များ​ကို ကောက်သင်းကောက်​သကဲ့သို့​လည်းကောင်း ဖြစ်​လိမ့်မည်​။ 6သံလွင်သီး​ကို​ရိုက်ခြွေ​သောအခါ အပင်​ထိပ်ဖျား​၌ သံလွင်သီး​နှစ်​လုံး​သုံး​လုံး​၊ အသီး​များ​သော အခက်အလက်​တို့​၌ လေး​ငါး​လုံး ကောက်သင်းကောက်​ရန်​ကြွင်းကျန်​သကဲ့သို့ ကြွင်းကျန်​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။
7ထို​နေ့ရက်​၌ လူ​သည် မိမိ​၏​ဖန်ဆင်းရှင်​ကို မျှော်ကြည့်​၍ သူ​၏​မျက်စိ​သည် အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင်​ကို ဖူးမြင်​ရ​လိမ့်မည်​။ 8မိမိ​လက်​နှင့်​လုပ်​သော ယဇ်ပလ္လင်​တို့​ကို မျှော်ကြည့်​မည်​မ​ဟုတ်​။ မိမိ​လက်ချောင်း​နှင့်​လုပ်​သော အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​များ​၊ နံ့သာပေါင်း​ပူဇော်​ရာ​ယဇ်ပလ္လင်​များ​ကို​လည်း ဖူးမြင်​မည်​မ​ဟုတ်​။ 9ထို​နေ့ရက်​၌ သူ​၏​ခိုင်ခံ့​သော​မြို့​တို့​သည် အစ္စရေး​အမျိုးသား​တို့​ကြောင့် သူ​တို့​စွန့်ပစ်​ခဲ့​သော​တော​၊ သူ​တို့​စွန့်ပစ်​ခဲ့​သော​တောင်ထိပ်​ကဲ့သို့ လူသူကင်းမဲ့​ရာ​အရပ် ဖြစ်​လိမ့်မည်​။ 10သင်​သည် သင့်​ကို​ကယ်တင်​တော်မူ​သော​ဘုရားသခင်​ကို မေ့လျော့​၍ သင်​၏​မှီခို​ရာ​ကျောက်ဆောင်​ကို မ​အောက်မေ့​။ ထို့ကြောင့် နှစ်သက်​ဖွယ်​သော​အပင်​တို့​ကို​စိုက်ပျိုး​လိမ့်မည်​။ တစ်ပါးအမျိုးသား​၏​စပျစ်ကိုင်း​ကို စိုက်​လိမ့်မည်​။ 11သင်​စိုက်ပျိုး​သော​နေ့​၌​ပင် အပင်​ကြီးထွားအောင်#17:11 သို့မဟုတ် “ခြံစည်းရိုးခတ်သော်လည်း”။​၊ သင်​မျိုးစေ့​ချ​သော​နံနက်​၌​ပင် ဖူးပွင့်​အောင် ပြု​သော်လည်း မ​ပျောက်​နိုင်​သော​ဝေဒနာဆိုး ကျရောက်​သော​နေ့ရက်​၌ ရိတ်သိမ်း​ခြင်း​သည် ရှိ​တော့​မည်​မ​ဟုတ်​။
လူမျိုးတကာတို့ကိုစီရင်တော်မူခြင်း
12အလို​၊ လူမျိုး​များစွာ​တို့​၏​မြည်ဟိန်းသံ​ပါ​တကား​။ သူ​တို့​သည် သမုဒ္ဒရာ​မြည်ဟိန်း​သကဲ့သို့ မြည်ဟိန်း​ကြ​၏​။ အလို​၊ လူ​တို့​၏​မြည်ဟည်းသံ​ပါ​တကား​။ သူ​တို့​သည် ရေလုံးကြီး​၏​မြည်ဟည်းသံ​ကဲ့သို့ မြည်ဟည်း​ကြ​၏​။ 13လူ​တို့​သည် ရေလုံးကြီး​တို့​၏​မြည်ဟည်းသံ​ကဲ့သို့ မြည်ဟည်း​ကြ​သော်လည်း ကိုယ်တော်​သည် သူ​တို့​ကို​ဆုံးမ​တော်မူ​သောအခါ အဝေး​သို့​ထွက်ပြေး​ကြ​ရ​လိမ့်မည်​။ တောင်​ပေါ်မှ​ဖွဲ​ကို လေ​တိုက်​သကဲ့သို့​၊ ဖုန်မှုန့်​ကို လေပွေ​တိုက်​၍ လုံးထွေး​လိမ့်ပါ​သွား​သကဲ့သို့ အလိုက်​ခံရ​ကြ​၏​။ 14ကြည့်ရှု​လော့​။ နေဝင်​ချိန်​၌ ထိတ်လန့်ဖွယ်ဘေး​ရောက်လာ​သောကြောင့် နံနက်​ရောက်သော် သူ​တို့​မ​ရှိ​တော့​ချေ​။ ဤသည်ကား ငါ​တို့​ကို တိုက်ခိုက်လုယက်​ခဲ့​သော​သူ​တို့​၏​ဝေစု​၊ ငါ​တို့​ကို သိမ်းပိုက်​ခဲ့​သော​သူ​တို့​၏​ပေါက်မဲ ဖြစ်​၏​။

လက်ရှိရွေးချယ်ထားမှု

ဟေရှာယအနာဂတ္တိကျမ်း 17: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ