သို့သော် ဘုရားသခင်ကိုမသိခဲ့စဉ်က သင်တို့သည် ပင်ကိုအားဖြင့် ဘုရားမဟုတ်သောအရာများထံ ကျွန်ခံခဲ့ကြ၏။ ယခုမူကား သင်တို့သည် ဘုရားသခင်ကိုသိကြ၏။ တစ်နည်းဆိုရလျှင် ဘုရားသခင်သည် သင်တို့ကိုသိတော်မူ၏။ သို့ဖြစ်လျှင် အားနည်း၍ ချမ်းသာမပေးနိုင်သောအခြေခံတရားဘက်သို့ အဘယ်ကြောင့် ပြန်လှည့်၍ ထိုအခြေခံတရားထံ အသစ်တစ်ဖန် ပြန်၍ကျွန်ခံလိုကြသနည်း။ သင်တို့သည် နေ့ရက်များ၊ လများ၊ အချိန်အခါများနှင့် နှစ်များကို စောင့်ထိန်းကြပြီတကား။ သင်တို့အတွက် ငါကြိုးစားလုပ်ဆောင်ခဲ့သောအရာသည် အကြောင်းတစ်စုံတစ်ခုကြောင့် အချည်းနှီးဖြစ်ပြီလောဟု သင်တို့အတွက် ငါစိုးရိမ်၏။ ညီအစ်ကိုတို့၊ ငါကဲ့သို့ဖြစ်ကြပါဟု သင်တို့အား ငါတောင်းပန်၏။ အဘယ်ကြောင့်ဆိုသော် ငါသည်လည်း သင်တို့ကဲ့သို့ဖြစ်ခဲ့၏။ သင်တို့သည် ငါ့အပေါ် မည်သည့်မတရားမှုကိုမျှ မပြုခဲ့ကြပေ။ ပထမအကြိမ် သင်တို့အား ကောင်းမြတ်သောသတင်းကို ငါဟောပြောရခြင်းမှာ ကိုယ်ကာယနာမကျန်းသောကြောင့်ဖြစ်သည်ကို သင်တို့သိကြ၏။ ထိုသို့ ငါ၏ကိုယ်ကာယအခြေအနေသည် သင်တို့အတွက် စုံစမ်းနှောင့်ယှက်ခြင်းဖြစ်သော်လည်း သင်တို့သည် ငါ့ကိုမထီမဲ့မြင်မပြု၊ ရွံရှာခြင်းလည်းမရှိဘဲ ဘုရားသခင်၏ကောင်းကင်တမန်ကဲ့သို့လည်းကောင်း၊ ခရစ်တော်ယေရှုကဲ့သို့လည်းကောင်း ငါ့ကိုလက်ခံကြ၏။ သို့ဖြစ်လျက်ပင် သင်တို့ခံစားရသောမင်္ဂလာသည် မည်သို့ဖြစ်သွားသနည်း။ သင်တို့သည် ဖြစ်နိုင်လျှင် သင်တို့၏မျက်စိကိုပင်ထုတ်၍ ငါ့အားပေးခဲ့ကြပေလိမ့်မည်ဟု သင်တို့နှင့်ပတ်သက်၍ ငါသက်သေခံ၏။ ငါသည် သင်တို့အား သမ္မာတရားကိုဟောပြောသောကြောင့် သင်တို့၏ရန်သူဖြစ်သွားပြီလော။ သင်တို့အပေါ် အရေးတယူပြုကြသောထိုသူတို့သည် ကောင်းသောရည်ရွယ်ချက်ကြောင့်မဟုတ်ဘဲ သူတို့အပေါ် အရေးတယူပြုစေရန် သင်တို့ကို သီးသန့်ဖယ်ထုတ်လို၍သာဖြစ်၏။ သင်တို့နှင့်အတူ ငါရှိနေစဉ်တွင်သာမဟုတ်ဘဲ အစဉ်အမြဲ ကောင်းသောရည်ရွယ်ချက်ဖြင့် အရေးတယူပြုခံရခြင်းသည် ကောင်းပေ၏။ ခရစ်တော်၏အသွင်သဏ္ဌာန်သည် သင်တို့ထဲ၌ ပေါ်ပေါက်လာသည့်တိုင်အောင် သင်တို့အတွက် သားဖွားခြင်းဝေဒနာကို ငါတစ်ဖန်ခံစားရသော ငါ့သားသမီးတို့၊ ငါသည် သင်တို့နှင့်ပတ်သက်၍ တွေးမရဖြစ်နေသဖြင့် ယခုပင် သင်တို့နှင့်အတူရှိလျက် ငါ့လေသံကို ငါပြောင်းလို၏။ ပညတ်တရားအောက်၌နေလိုသောသူတို့၊ ငါ့ကိုပြောပြကြလော့။ ပညတ်တရားက မည်သို့မိန့်ဆိုထားသည်ကို သင်တို့မကြားကြသလော။ အကြောင်းမူကား “အာဗြဟံ၌ သားနှစ်ဦးရှိ၏။ တစ်ဦးသည် ကျွန်မ၏သားဖြစ်ပြီး တစ်ဦးသည် လွတ်လပ်သောမိန်းမ၏သားဖြစ်၏”ဟု ရေးထား၏။ ကျွန်မ၏သားသည် သွေးသားဇာတိအရမွေးဖွားလာ၏။ လွတ်လပ်သောမိန်းမ၏သားမူကား ကတိတော်အရမွေးဖွားလာ၏။ ဤအကြောင်းအရာတို့သည် ပုံဆောင်ချက်များဖြစ်ကြ၏။ အကြောင်းမူကား ထိုမိန်းမနှစ်ဦးသည် ပဋိညာဉ်နှစ်ပါးကိုဆိုလို၏။ တစ်ပါးသည် သိနာတောင်မှဖြစ်၍ ကျွန်ကိုမွေးဖွား၏။ ထိုသူသည် ဟာဂရဖြစ်၏။ ဟာဂရသည် အာရေဗျပြည်၌ရှိသော သိနာတောင်ကိုဆိုလို၍ လက်ရှိဂျေရုဆလင်မြို့နှင့်လည်း အလားတူ၏။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် မိမိ၏သားသမီးတို့နှင့်အတူ ကျွန်ခံနေရ၏။ သို့သော် အထက်အရပ်တွင်ရှိသော ဂျေရုဆလင်မြို့သည် လွတ်လပ်သောမိန်းမဖြစ်၍ ၎င်းသည် ငါတို့၏အမိဖြစ်၏။ အကြောင်းမူကား “သားမဖွားဖူးသောအမြုံမ၊ ပျော်ရွှင်လော့။ သားဖွားခြင်းဝေဒနာကိုမခံစားဖူးသောမိန်းမ၊ အသံကုန်လွှင့်၍ ဟစ်ကြော်လော့။ အဘယ်ကြောင့်ဆိုသော် စွန့်ပစ်ခံရသောမိန်းမ၏သားသမီးတို့သည် ယောက်ျားရှိသောမိန်းမ၏သားသမီးတို့ထက် များကြ၏”ဟု ရေးထား၏။ ညီအစ်ကိုတို့၊ သင်တို့မူကား ဣဇက်ကဲ့သို့ ကတိတော်နှင့်ဆိုင်သော သားသမီးများဖြစ်ကြ၏။ သို့သော် ထိုစဉ်က သွေးသားဇာတိအရမွေးဖွားသောသားသည် ဝိညာဉ်တော်အရမွေးဖွားသောသားကို ညှဉ်းဆဲသကဲ့သို့ ယခုလည်း ထိုနည်းတူဖြစ်၏။ သို့ရာတွင် ကျမ်းစာက မည်သို့ဆိုထားသနည်း။ “ကျွန်မနှင့်သူ၏သားကို နှင်ထုတ်လော့။ အကြောင်းမူကား ကျွန်မ၏သားသည် လွတ်လပ်သောမိန်းမ၏သားနှင့်အတူ လုံးဝအမွေဆက်ခံရမည်မဟုတ်”ဟု ဆိုထား၏။ သို့ဖြစ်၍ ညီအစ်ကိုတို့၊ ငါတို့သည် ကျွန်မ၏သားသမီးများမဟုတ်ဘဲ လွတ်လပ်သောမိန်းမ၏သားသမီးများဖြစ်ကြ၏။
ဂလာတိဩဝါဒစာ 4 ကို ဖတ်ရှုရန်
နားထောင်ရန် ဂလာတိဩဝါဒစာ 4
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဂလာတိဩဝါဒစာ 4:8-31
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ