YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဂလာတိဩဝါဒစာ 3:10-25

ဂလာတိဩဝါဒစာ 3:10-25 MSBU

“ပညတ်​တရား​ကျမ်း​၌ ရေး​ထား​သမျှ​သော​အရာ​တို့​ကို အမြဲ​မ​ကျင့်သုံး​သော​သူ​တိုင်း​သည် ကျိန်​ခြင်း​ကို​ခံရ​၏”​ဟု ရေး​ထား​သည်​ဖြစ်၍ ပညတ်​တရား​နှင့်ဆိုင်သော​အကျင့်​ကို အမှီပြု​သော​သူ​ရှိ​သမျှ​တို့​သည် ကျိန်​ခြင်း​အောက်၌​ရှိ​ကြ​၏။ “ဖြောင့်မတ်​သော​သူ​သည် ယုံကြည်​ခြင်း​အားဖြင့် အသက်ရှင်​မည်”​ဖြစ်​သောကြောင့် ပညတ်​တရား​အားဖြင့် မည်သူမျှ ဘုရားသခင်​ရှေ့​တော်​၌ ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​မည်​မ​ဟုတ်​ကြောင်း သိသာ​ထင်ရှား​၏။ သို့သော် ပညတ်​တရား​သည် ယုံကြည်​ခြင်း​နှင့်​ဆိုင်​သည်​မ​ဟုတ်​ဘဲ “ပညတ်​တရား​တို့​ကို ကျင့်သုံး​သော​သူ​သည် ၎င်း​တို့​အားဖြင့် အသက်ရှင်​မည်”​ဖြစ်​၏။ ခရစ်တော်​သည် ငါ​တို့​အတွက် ကျိန်​ခြင်း​ခံရ​သူ​ဖြစ်​ပြီး ငါ​တို့​ကို ပညတ်​တရား​၏​ကျိန်​ခြင်း​မှ ရွေးနုတ်​တော်မူ​၏။ အဘယ်ကြောင့်​ဆိုသော် “သစ်​တိုင်​ပေါ်၌​ဆွဲ​ထား​ခြင်း​ခံရ​သူ​တိုင်း ကျိန်​ခြင်း​ကို​ခံရ​သူ​ဖြစ်​၏”​ဟု ရေး​ထား​၏။ ထိုသို့ ငါ​တို့​ကို​ရွေးနုတ်​တော်မူ​ခြင်း​မှာ အာဗြဟံ​ခံစား​ရ​သော​ကောင်းချီး​မင်္ဂလာ​သည် ခရစ်တော်​ယေရှု​အားဖြင့် လူမျိုးခြား​တို့​အပေါ်သို့ သက်ရောက်​သဖြင့် ကတိ​ထား​တော်မူ​သော​ဝိညာဉ်​တော်​ကို ယုံကြည်​ခြင်း​အားဖြင့် ငါ​တို့​ခံယူ​ရရှိ​ရန်​အတွက်​ဖြစ်​၏။ ညီအစ်ကို​တို့၊ လူ​၏​ထုံးစံ​ကို​ပုံဆောင်​၍ ငါ​ပြော​မည်။ လူ​တို့​ချုပ်ဆို​ထား​သော​စာချုပ်​ပင်လျှင် မည်သူ​က​မျှ ပယ်ဖျက်​ခြင်း​၊ သို့မဟုတ် ဖြည့်စွက်​ခြင်း​မ​ပြု​ရ​ချေ။ ဘုရားသခင်​သည် အာဗြဟံ​နှင့်​သူ​၏​အမျိုးအနွယ်​အား ကတိ​ပေး​တော်မူ​ရာ​၌ အများ​ကို​ရည်ညွှန်း​၍ “အမျိုးအနွယ်​တို့”​ဟု မိန့်​တော်​မ​မူ​ဘဲ တစ်​ယောက်​သော​သူ​ကို​သာ​ရည်ညွှန်း​၍ “သင်​၏​အမျိုးအနွယ်”​ဟု မိန့်​တော်မူ​၏။ ထို​သူ​ကား ခရစ်တော်​ဖြစ်​၏။ ငါ​ဆိုလို​သည်​မှာ ဤသို့​ဖြစ်​၏။ နှစ်​ပေါင်း​လေးရာ​သုံးဆယ်​လွန်​ပြီးမှ ပေါ်လာ​သည့်​ပညတ်​တရား​သည် ဘုရားသခင်​ကြိုတင်​ဖွဲ့​ထား​သော​ပဋိညာဉ်​ကို မ​ပယ်ဖျက်​သကဲ့သို့ ကတိ​တော်​ကို​လည်း မ​ပျက်ပြယ်​စေ​နိုင်​ရာ။ အကြောင်းမူကား အမွေ​တော်​သည် ပညတ်​တရား​အပေါ်​၌​မူတည်​လျှင် ကတိ​တော်​အပေါ်​၌ မ​မူတည်​တော့​ပေ။ သို့သော် ဘုရားသခင်​သည် အာဗြဟံ​အား ထို​အမွေ​တော်​ကို ကတိ​တော်​အားဖြင့် ပေး​သနား​တော်မူ​ပြီ။ သို့ဖြစ်လျှင် ပညတ်​တရား​သည် အဘယ်ကြောင့်​ရှိ​ရ​သနည်း။ ၎င်း​သည် ကတိ​တော်​ကို​ခံရ​သော​အမျိုးအနွယ်​ပေါ်ထွန်း​သည်​အထိ ဖောက်ဖျက်​ကျူးလွန်​မှု​များ​ကြောင့် ဖြည့်စွက်​ထား​ခြင်း​ခံရ​ပြီး ကောင်းကင်​တမန်​များ​မှ​တစ်ဆင့် ကြားဝင်​စေ့စပ်​သူ​အားဖြင့် ပြဋ္ဌာန်း​ခြင်း​ခံရ​၏။ ကြားဝင်​စေ့စပ်​သူ​သည် တစ်​ဖက်​နှင့်​သာ​ဆိုင်​သည်​မ​ဟုတ်။ ဘုရားသခင်​မူကား တစ်ပါးတည်း​ဖြစ်​တော်မူ​၏။ သို့ဖြစ်လျှင် ပညတ်​တရား​သည် ဘုရားသခင်​၏​ကတိ​တော်​နှင့် ဆန့်ကျင်ဘက်​ဖြစ်​သလော။ လုံးဝ​မ​ဖြစ်​ပေ။ အကြောင်းမူကား ပေးအပ်​ထား​သော​ပညတ်​တရား​သည် အသက်ရှင်​စေ​နိုင်​သည်​ဆိုလျှင် ဖြောင့်မတ်​ခြင်း​ကို ထို​ပညတ်​တရား​အားဖြင့် အမှန်ပင်​ရရှိ​ခဲ့​ပေ​လိမ့်မည်။ သို့သော် ယေရှု​ခရစ်တော်​ကို​ယုံကြည်​ခြင်း​နှင့်စပ်ဆိုင်​သော​ကတိ​တော်​ကို ယုံကြည်​သော​သူ​တို့​အား​ပေးအပ်​ရန် ကျမ်းစာ​သည် လူ​အပေါင်း​တို့​ကို အပြစ်​တရား​၏​လက်အောက်​တွင် ချုပ်နှောင်​ထား​၏။ သို့ရာတွင် ငါ​တို့​သည် ယုံကြည်​ခြင်း​တရား​ရောက်​မ​လာ​မီ ပညတ်​တရား​အောက်၌ စောင့်ရှောက်​ခြင်း​ခံရ​လျက် ယုံကြည်​ခြင်း​တရား​ထင်ရှား​လာ​သည့်​အထိ ချုပ်နှောင်​ထား​ခြင်း​ခံရ​ကြ​၏။ ထို့ကြောင့် ပညတ်​တရား​သည် ယုံကြည်​ခြင်း​အားဖြင့် ဖြောင့်မတ်​သည်​ဟု​ငါ​တို့​အသိအမှတ်ပြု​ခြင်း​ခံရ​ရန် ငါ​တို့​ကို ခရစ်တော်​ထံသို့​ပို့ဆောင်​သော ငါ​တို့​၏​အုပ်ထိန်း​သူ​ဖြစ်​၏။ သို့သော် ယုံကြည်​ခြင်း​တရား​ရောက်လာ​ပြီ​ဖြစ်၍ ငါ​တို့​သည် အုပ်ထိန်း​သူ​၏​လက်အောက်​၌ မ​ရှိ​ကြ​တော့​ပေ။