နိုင်ငံအသီးသီးမှ ဘာသာစကားအမျိုးမျိုးကိုပြောဆိုသော ကမ္ဘာအရပ်ရပ်ရှိလူမျိုးအပေါင်းတို့ထံသို့ ငါနေဗုခဒ်နေဇာမင်းကြီး ပြောကြားလိုက်ပါ၏။ သင်တို့ ကြီးပွားတိုးတက်ကြပါစေသော။ ငါ့အား အမြင့်ဆုံးသောဘုရားသခင် ပြတော်မူသော နိမိတ်လက္ခဏာ၊ အံ့ဖွယ်အမှုတို့ကို ဖော်ပြလိုပါ၏။ ကိုယ်တော်ပြုတော်မူသောနိမိတ်လက္ခဏာသည် ကြီးမားလှပါ၏။ အံ့ဖွယ်သောအမှုတို့သည်လည်း တန်ခိုးပါရှိ၏။ နိုင်ငံတော်သည် ထာဝရတည်သောနိုင်ငံ ဖြစ်၏။ အာဏာစက်သည် ကာလအစဉ်အဆက် တည်တော်မူ၏။ ငါနေဗုခဒ်နေဇာမင်းကြီးသည် ငါ့စံအိမ်တွင် နားနားနေနေရှိစဉ်၊ ငါ့နန်းတော်တွင် စည်းစိမ်ခံစားလျက်နေစဉ်၊ အိပ်မက်တစ်ခုကို မြင်မက်၏။ ထိုအိပ်မက်သည် ငါ့ကို ခြောက်လှန့်၏။ သလွန်တော်ပေါ်တွင်လဲလျောင်းနေစဉ် တွေးမိသောအတွေး၊ စိတ်အာရုံတွင် မြင်ရသောအရာတို့က ငါ့ကို ထိတ်လန့်စေ၏။ ထို့ကြောင့် အိပ်မက်၏အနက်အဓိပ္ပာယ်ကို ငါ့အား ဖော်ပြရန် ဘေဘီလုံပညာရှိအပေါင်းတို့ကို ငါ့ရှေ့မှောက်သို့ သွင်းစေဟု အမိန့်ထုတ်ပြန်လိုက်၏။ မှော်ဆရာများ၊ ဗေဒင်ဆရာများ၊ ခါလဒဲပညာရှိများ၊ နက္ခတ်ဗေဒပညာရှင်များအား ငါ့အိပ်မက်ကို ပြောပြသော်လည်း မည်သူမျှအိပ်မက်အနက်အဓိပ္ပာယ်ကို မဖော်ပြပေးနိုင်ကြ။ နောက်ဆုံးတွင် သန့်ရှင်းသောဘုရားများ၏ဝိညာဉ်နှင့်ပြည့်သော၊ ငါ့ဘုရား၏နာမအတိုင်း အမည်သစ်ရသောဗေလတရှာဇာ ခေါ် ဒံယေလသည် ငါ့ထံရောက်လာ၏။ ငါသည်လည်း သူ့အား “အို မှော်ဆရာချုပ်ကြီးဗေလတရှာဇာ၊ သင်၌ သန့်ရှင်းသောဘုရားများ၏ဝိညာဉ်တည်သောကြောင့် မည်သည့်နက်နဲသောအရာမျှ သင့်အတွက် မခက်ခဲကြောင်းကို ငါသိ၏။ ထို့ကြောင့် စိတ်အာရုံတွင် ငါမြင်မက်သောအိပ်မက်နှင့် အနက်အဓိပ္ပာယ်ကို ဖော်ပြပါလော့။ ငါသည် သလွန်တော်ပေါ်တွင် တွေးတောလျက်နေစဉ် စိတ်အာရုံတွင် ကမ္ဘာမြေကြီး၏အလယ်ဗဟို၌ အလွန်မြင့်မားသောသစ်ပင်တစ်ပင်ကို ငါမြင်ရ၏။ ထိုအပင်သည် ရှင်သန်ကြီးထွားလျက် မိုးထိအောင်မြင့်သဖြင့် မြေကြီးစွန်းမှပင် ထီးထီးကြီးမြင်ရ၏။ အရွက်များ ဝေဆာလှပပြီး အသီးလည်း လှိုင်လှိုင်သီးသောကြောင့် ထိုအပင်ကို မှီခိုသောသတ္တဝါအားလုံး စားစရာရရှိကြ၏။ တောတိရစ္ဆာန်တို့သည် ထိုအပင်အောက်၌ အရိပ်ခိုကြပြီး မိုးကောင်းကင်ငှက်တို့သည်လည်း ထိုအပင်၏အကိုင်းအခက်များတွင် အသိုက်ကိုလုပ်ကြ၏။ သက်ရှိသတ္တဝါအားလုံးတို့သည် ထိုအပင်ကို မှီခိုစားသုံးကြ၏။ သလွန်တော်ပေါ်တွင် တွေးတောလျက်နေစဉ် တစ်ဖန် စိတ်အာရုံတွင် မြင်ရပြန်၏။ သန့်ရှင်းသူကောင်းကင်တမန်တစ်ပါးသည် ကောင်းကင်မှဆင်းသက်လာပြီး ကျယ်လောင်စွာ အော်ဟစ်လျက် ‘ဤသစ်ပင်ကို ခုတ်လှဲပစ်လော့။ အကိုင်းအခက်များကိုလည်း ခုတ်ဖြတ်ပစ်လော့။ အရွက်များကို ခြွေချပြီး အသီးများကိုလည်း ဖြန့်ကြဲပစ်လော့။ တောတိရစ္ဆာန်တို့သည် ထိုအပင်အောက်မှလည်းကောင်း၊ ငှက်တို့သည် အကိုင်းအခက်တို့မှလည်းကောင်း ထွက်ပြေးကြပါစေ။ မြေတွင်စွဲနေသောအမြစ်နှင့်အငုတ်ကို သံကြိုး၊ ကြေးနီတို့ဖြင့် ချည်နှောင်၍ မြက်နုများပေါက်ရာကွင်းပြင်တွင် ချန်ထားလော့။ မိုးကောင်းကင်နှင်းများ စိုပါစေ။ တိရစ္ဆာန်တို့နှင့်အတူ မြက်ပင်ကို အတူစားစေ။ ခုနစ်နှစ်ပတ်လုံး လူစိတ်ပျောက်၍ တိရစ္ဆာန်စိတ်ဖြင့် နေထိုင်စေ။ ဤသည်ကား ကောင်းကင်တမန်တို့ကြေညာသော စီရင်ချက်ဖြစ်၏။ သန့်ရှင်းသူတို့၏စကားလည်း ဖြစ်၏။ အမြင့်ဆုံးသောအရှင်သည် လူ့ပြည်ကိုအုပ်စိုး၍ အလိုတော်ရှိသောသူအား ပေးတော်မူကြောင်းနှင့် အနိမ့်ဆုံးသောသူကိုပင် အုပ်စိုးခွင့်ပေးတော်မူကြောင်းကို အသက်ရှင်သူတို့ သိစေရန် ဖြစ်၏’ဟု ဆိုလေ၏။ ဤသည်ကား ငါနေဗုခဒ်နေဇာမင်းကြီး မြင်မက်သောအိပ်မက်ဖြစ်၏။ ယခုတွင် အသင်ဗေလတရှာဇာ၊ ငါ့အိပ်မက်၏အနက်အဓိပ္ပာယ်ကို ဖော်ပြပါလော့။ ငါ့နိုင်ငံမှ ပညာရှိအပေါင်းတို့သည် ငါ့အိပ်မက်အနက်အဓိပ္ပာယ်ကို မဖော်ပြနိုင်ကြ။ သင်မူကား သန့်ရှင်းသောဘုရားများ၏ဝိညာဉ်သည် သင်၌တည်သောကြောင့် ဖော်ပြနိုင်လိမ့်မည်”ဟု မိန့်ဆို၏။
ဒံယေလအနာဂတ္တိကျမ်း 4 ကို ဖတ်ရှုရန်
နားထောင်ရန် ဒံယေလအနာဂတ္တိကျမ်း 4
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဒံယေလအနာဂတ္တိကျမ်း 4:1-18
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ