ဓမ္မရာဇဝင်စတုတ္ထစောင် 4:8-17
ဓမ္မရာဇဝင်စတုတ္ထစောင် 4:8-17 MSBU
တစ်နေ့တွင် ဧလိရှဲသည် ရှုနင်မြို့သို့သွားရာ ထိုမြို့ရှိထင်ပေါ်သောအမျိုးသမီးတစ်ဦးက သူ့အား ဧည့်ခံကျွေးမွေးရန် ခေါ်ဖိတ်လေ၏။ နောင်တွင်လည်း ဧလိရှဲသည် ထိုမြို့သို့ရောက်လျှင် ထိုအမျိုးသမီးအိမ်သို့ဝင်၍ ရပ်နားစားသောက်လေ့ရှိ၏။ ထိုအမျိုးသမီးက မိမိခင်ပွန်းအား “အကျွန်ုပ်တို့ထံ မကြာခဏဝင်ထွက်သွားလာသောဤသူသည် ဘုရားသခင်၏သန့်ရှင်းသောလူဖြစ်သည်ကို အကျွန်ုပ်သိပါ၏။ ယခု ခေါင်မိုးပြင်ပေါ်မှာ အိပ်ရာ၊ စားပွဲ၊ မီးအိမ်ပါသော အခန်းငယ်တစ်ခန်းကို သူ့အဖို့ ဆောက်လုပ်ကြစို့။ အကျွန်ုပ်တို့ထံလာသောအခါ ထိုအခန်းတွင် တည်းခိုနေပါစေ”ဟု ဆို၏။ တစ်နေ့တွင် ဧလိရှဲသည် ထိုအိမ်သို့ရောက်လာပြီး အထက်ခန်းသို့တက်သွား၍ လဲလျောင်းနေ၏။ ထို့နောက် မိမိငယ်သားဂေဟာဇိအား “ထိုရှုနင်မြို့သူကို ခေါ်လိုက်ပါ”ဟုဆို၏။ ဂေဟာဇိခေါ်လိုက်သဖြင့် ထိုအမျိုးသမီးသည် ဧလိရှဲရှေ့၌ ရပ်နေ၏။ ထိုအခါ ဧလိရှဲက မိမိငယ်သားအား “ထိုအမျိုးသမီးကိုပြောလော့။ သင်သည် ဤမျှလောက် ငါတို့ကိုဂရုတစိုက်ပြုစု၏။ ငါတို့က သင့်အဖို့ မည်သို့ပြုပေးရမည်နည်း။ ရှင်ဘုရင်ထံဖြစ်စေ၊ စစ်သူကြီးထံဖြစ်စေ လျှောက်တင်ပေးစရာ တစ်စုံတစ်ခုရှိသလော”ဟု မေးစေလျှင် ထိုအမျိုးသမီးက “အကျွန်ုပ်သည် အကျွန်ုပ်လူမျိုးများနှင့်အတူ နေရသည်ဖြစ်၍ လိုလေသေးမရှိပါ”ဟု ပြန်လျှောက်၏။ တစ်ဖန် ဧလိရှဲက ဂေဟာဇိအား “သူ့ကို မည်သို့ပြုပေးသင့်သနည်း”ဟု မေးပြန်လျှင် ဂေဟာဇိက “သူ၌ သားမရှိပါ။ ခင်ပွန်းသည်လည်း အသက်ကြီးပါပြီ”ဟု ပြန်လျှောက်၏။ ဧလိရှဲက “ထိုမိန်းမကို ခေါ်လိုက်ပါ”ဟု ဆိုသဖြင့် သူ့ကိုခေါ်၍ သူသည် တံခါးဝ၌ လာရပ်နေ၏။ ထိုအခါ ဧလိရှဲက သူ့အား “နောက်နှစ် ဤအချိန်တွင် သင်သည် သားကို ချီပွေ့ရလိမ့်မည်”ဟု ဆိုလျှင် သူက “မဖြစ်နိုင်ပါ အကျွန်ုပ်၏သခင်။ အို ဘုရားသခင်၏လူ၊ အရှင့်အစေအပါးကို မလှည့်စားပါနှင့်”ဟု ပြန်လျှောက်၏။ သို့သော် ထိုမိန်းမသည် ကိုယ်ဝန်ဆောင်၍ သူ့အား ဧလိရှဲဆိုသည့်အတိုင်း နောက်နှစ် ထိုရာသီရောက်သည့်အခါ သားယောက်ျားကို မွေးဖွားလေ၏။


