YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ပေတရုဩဝါဒစာပထမစောင် 2:2-11

ရှင်ပေတရုဩဝါဒစာပထမစောင် 2:2-11 MSBU

သခင်​ဘုရား​သည် ကျေးဇူးပြု​တော်မူ​ကြောင်း သင်​တို့​မြည်းစမ်း​ကြ​ပြီ​ဖြစ်၍ ဝိညာဉ်ရေး​ဆိုင်ရာ​နို့ရည်​အစစ်​အားဖြင့် ကယ်တင်​ခြင်း​၌​ကြီးထွား​ရန် မွေးကင်းစ​ကလေးငယ်​များ​ကဲ့သို့ ထို​နို့ရည်​ကို​တောင့်တ​ကြ​လော့။ လူ​တို့​၏​ငြင်းပယ်​ခြင်း​ကို​ခံရ​သော်လည်း ဘုရားသခင်​ရွေးကောက်​တော်မူ​သော အဖိုးထိုက်​သည့် အသက်ရှင်​သော​ကျောက်​ဖြစ်​တော်မူ​သော ထို​သခင်​ထံသို့​လာ​၍ သင်​တို့​ကိုယ်တိုင်​သည်​လည်း အသက်ရှင်​သော​ကျောက်​ကဲ့သို့ ဝိညာဉ်ရေး​ဆိုင်ရာ​အိမ်​တော်​အဖြစ် တည်ဆောက်​ခြင်း​ကို​ခံ​ကြ​လော့။ ဤသည်ကား သင်​တို့​သည် သန့်ရှင်း​သော​ယဇ်ပုရောဟိတ်​မျိုး​ဖြစ်​လျက် ဘုရားသခင်​နှစ်သက်​လက်ခံ​တော်မူ​သော ဝိညာဉ်ရေး​ဆိုင်ရာ​ယဇ်​များ​ကို ယေရှု​ခရစ်တော်​အားဖြင့် ပူဇော်​နိုင်​ရန် ဖြစ်​၏။ အဘယ်ကြောင့်​ဆိုသော် “ကြည့်ရှု​လော့။ ရွေးကောက်​ထား​သည့် အဖိုးထိုက်​သော​ထောင့်ချုပ်​ကျောက်​ကို ဇိအုန်​၌ ငါ​ချ​ထား​၏။ ထို​ကျောက်​ကို ယုံကြည်​သော​သူ​သည် မည်သည့်​အခါ​မျှ အရှက်ရ​လိမ့်မည်​မ​ဟုတ်”​ဟု ကျမ်းစာ​၌ ဆို​ထား​၏။ သို့ဖြစ်၍ ထို​ကျောက်​သည် ယုံကြည်​သော​သင်​တို့​အတွက် ဂုဏ်သရေ​ဖြစ်​၏။ မ​ယုံကြည်​သော​သူ​တို့​အတွက်​မူကား “​တိုက်​ဆောက်​သူ​များ​ပယ်​ထား​သော်လည်း ထိပ်ဆုံး​ထောင့်ချုပ်​ကျောက်​ဖြစ်လာ​သော​ကျောက်​” ဖြစ်​ပြီး “​ခလုတ်တံသင်း​ဖြစ်​သော​ကျောက်၊ မှားယွင်း​စေ​သော​ကျောက်” ဖြစ်​၏။ သူ​တို့​သည် နှုတ်ကပတ်​တရား​ကို မ​ယုံကြည်​သောကြောင့် ခလုတ်တိုက်​ကြ​၏။ ထိုသို့​ဖြစ်​ရန် သူ​တို့​ကို သတ်မှတ်​ထား​ခြင်း​လည်း​ဖြစ်​၏။ သင်​တို့​မူကား ရွေးကောက်​ခံရ​သော​အမျိုးအနွယ်၊ တော်ဝင်​ယဇ်ပုရောဟိတ်​မျိုး၊ သန့်ရှင်း​သော​တိုင်းသူပြည်သား၊ ပိုင်ဆိုင်​တော်မူ​သော​လူမျိုး​တော်​ဖြစ်​ကြ​၏။ ဤသည်ကား သင်​တို့​ကို အမှောင်​ထဲမှ မိမိ​၏​အံ့ဩဖွယ်​အလင်း​ထဲသို့ ခေါ်ယူ​တော်မူ​သော​အရှင်​၏​ကောင်းမြတ်​တော်မူ​ခြင်း​များ​ကို သင်​တို့​ဖော်ပြ​ကြ​မည့်​အကြောင်း​တည်း။ သင်​တို့​သည် ယခင်​က လူမျိုး​တော်​မ​ဟုတ်​ခဲ့​သော်လည်း ယခု​အခါ ဘုရားသခင်​၏​လူမျိုး​တော်​ဖြစ်​ကြ​ပြီ။ ယခင်​က ကရုဏာ​တော်​ကို​မ​ခံစား​ခဲ့​ရ​သော်လည်း ယခု​အခါ ကရုဏာ​တော်​ကို​ခံစား​ရ​ကြ​ပြီ။ ချစ်​ရ​သော​သူ​တို့၊ သင်​တို့​သည် ဧည့်သည်​အာဂန္တု​များ​ဖြစ်​ကြ​သဖြင့် စိတ်​ဝိညာဉ်​ကို​ဆန့်ကျင်​တိုက်ခိုက်​သော ကိုယ်ကာယ​တပ်မက်​ခြင်း​များ​ကို ရှောင်ကြဉ်​ကြ​ရန် ငါ​တိုက်တွန်း​နှိုးဆော်​ပါ​၏။