ဘုရားသခင်သည် မိတ်ဆွေကို ချစ်တော်မူသည်နမူနာ

ဘုရားသခင်၏ စိတ်ရှည်သော မေတ္တာတော်
သို့ရာတွင်၊ သူ့ကို တစ်ဖန် ငါဖြားယောင်းမည်။ တောလမ်းဖြင့် ပို့ဆောင်သော်လည်း၊ နှစ်သိမ့်စေသောစကားကို ပြောမည် (ဟော၊ ၂း၁၄)။
လောကီသား၏ လောကီချစ်ခြင်းသည် ခေတ္တခဏသာ တည်တတ်သည် မဟုတ်ပါလား။
ဤတင့်တယ်လှသော ကျမ်းပိုဒ်တွင်၊ ဘုရားသခင်၏ လူမျိုးတော်သည် သစ္စာမဲ့စွာ အခြားဘုရားများကို ဝတ်ပြုကိုးကွယ်ခဲ့သော်လည်း၊ ထာဝရဘုရားသခင်သည် ထိုသူတို့ကို သစ္စာရှိစွာ သည်းခံလျက် ချစ်တော်မူခဲ့သည်။ ဣသရေလလူမျိုးတို့သည် အကျိုးနည်းပြီး မျှော်လင့်မဲ့ ဖြစ်စဉ်တွင်၊ ကိုယ်တော်က နှစ်သိမ့်စေသောစကားကို ပြောမည်ဟု မိန့်တော်မူခဲ့သည်။ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုကာလ၌ သင်သည် ငါ့ကို သခင်ဟူ၍ မခေါ်ရ၊ ခင်ပွန်းဟူ၍ ခေါ်ရမည် (ဟော၊ ၂း၁၆)။ ဤသည်မှာ ခရစ်တော်ဘုရား၏ ကတိတော်မြတ် ဖြစ်ပါသည်။ အရှင်ယေရှုဘုရား၏ အသေခံတော်မူခြင်းနှင့် ရှင်မြန်ထမြောက်တော်မူခြင်းအားဖြင့် လူသားနှင့် ဘုရားသခင်ရှိ စပ်ကြားအုတ်တံတိုင်းနံရံကို ဖြိုဖျက်၍ မိတ်သဟာယဖွဲ့ခြင်းကို ပြန်လည်ထည်ထောင်စေတော်မူပြီ။ ဘုရားသခင်သည် ကျွန်တော်တို့၏ ဗီဇအပြစ်နှင့် ဒုစရိုက်အပြစ်တို့ကို လုံးလုံးခွင့်လွှတ်တော်မူပြီ။ ကိုယ်တော်ဘုရားသည် ကျွန်တော်နှင့်အတူ မျှော်လင့်ခြင်းကို ပေးလျက် မိတ်သဟာယကို ဖွဲ့စေခြင်းငှာ စိတ်ရှည်စွာ စောင့်တော်မူသောဘုရား ဖြစ်ပါသည်။ မိမိသားတော်၏ အသွးတော်မြတ်အားဖြင့် ဘုရားသခင်၏ မဟာမေတ္တာတော်ကို ပြသလျက် ကျွန်တော်တို့ကို ဖြားယောင်းတော်မူသည်။
ယနေ့၊ ဘုရားသခင်၏ စိတ်ရှည်သော မေတ္တာတော်အကြောင်းကို ဆင်ခြင်စဉ်းစားလိုက်ပါ။
သစ္စာတော်နှင့် ပြည့်စုံတော်မူသော ဘုရားသခင်၏ မဟာမေတ္တာတော်အကြောင်း ကျေးဇူးတော်ကို ချီးမွမ်းလိုက်ပါ။ သခင်ဘုရားသည် မိတ်ဆွေကို ချစ်သလို၊ မိတ်ဆွေသည် သူတစ်ပါးကို ချစ်တတ်နိုင်မည်အကြောင်း ကိုယ်တော်မြတ်ထံ ဆုတောင်းပါ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း

ဘုရားသခင်သည် မိတ်ဆွေကို ချစ်တော်မူသည်။ မိတ်ဆွေသည် ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ၊ မိမိအသက်တာ၌ မည်သည့်အခြေအနေရှိသည်ဖြစ်ပါစေ၊ ဘုရားသခင်သည် မိတ်ဆွေကို အလွန်တရာ ချစ်တော်မူသည်။ ဘုရားသခင်၏ မိတ်ဆွေအပေါ်ရှိ ချစ်ခြင်းမေတ္တာတော်သည် အခြားချစ်ခြင်းမေတ္တာများထက် သာ၍ ကြီးမြတ်ကြောင်း အောက်မေ့သတိရစေပါ။ ဤ (၄) ရက်တာအစီစဉ်တွင်၊ ဘုရားသခင်၏ မဟာမေတ္တာတော်ကို ရရှိခံစားလိုက်ပါ။
More