ရှင်လုကာ 17
17
အခန်း (၁၇)
ကိုယ်တော်ယေရှု၏သတိပေးချက်များ
1ထို့နောက် ကိုယ်တော်ယေရှုသည် တပည့်တော်တို့အား “လူတို့အား အပြစ်ကျူးလွန်မိစေရန် လှုံ့ဆော်သောအရာများစွာရှိ၏။ သို့သော် လူတို့အား အပြစ်ကျူးလွန်မိစေရန် စေ့ဆော်လုပ်ဆောင်သောသူတို့သည် အမင်္ဂလာရှိ၏။ 2ထိုသူသည် သူတစ်ပါးကို အပြစ်ဒုစရိုက်ကျူးလွန်စေမည့်အစား မိမိလည်ပင်းကို ကြိုးကွင်းစွပ်ကာ ကျောက်တုံးကို ဆွဲ၍ ပင်လယ်ထဲသို့ ခုန်ချသည်သာ ပို၍ကောင်းပေလိမ့်မည်။ 3ထို့ကြောင့် သင်တို့သည် မိမိကိုယ်ကို သတိမူ၍နေကြလော့။
သင်ကဲ့သို့ ယုံကြည်သူဖြစ်သော ညီအစ်ကိုတစ်ဦးသည် အပြစ်ပြုမိလျှင် သူ့ကိုဆုံးမသွန်သင်လော့။ သူသည် နောင်တသံဝေဂရလျှင် သူ့ကိုခွင့်လွှတ်ကြလော့။ 4တစ်နေ့အတွင်း သူသည် သင့်ကိုခုနှစ်ကြိမ်တိုင် ပြစ်မှားလျက် သင့်ထံသို့ အကြိမ်တိုင်းလာ၍ တောင်းပန်ပါက သူ့ကိုခွင့်လွှတ်ရမည်” ဟုမိန့်တော်မူ၏။
ယုံကြည်ခြင်းနှင့် တာဝန်ဝတ္တရား
5ထိုအခါ သာဝကများက အရှင်ယေရှုအား “ဘုရားရှင်အထံတော်၌ အကျွန်ုပ်တို့၏ယုံကြည်ခြင်းပို၍ တိုးပွားစေတော်မူပါ” ဟုလျှောက်တင်ကြသဖြင့်
6ကိုယ်တော်ကလည်း “သင်တို့၌ သေးငယ်လှစွာသောမုန်ညင်းနက်စေ့ခန့်မျှ ယုံကြည်ခြင်းရှိလျှင်ပင် ဤပိုးစာပင်အား အမြစ်မှကျွတ်ထွက်၍ ပင်လယ်ထဲ၌ပေါက်စေဟု အမိန့်ပေးလျှင် ထိုအပင်သည် သင်တို့ကိုနာခံလိမ့်မည်။
7သင်၏အစေခံသည် လယ်ထွန်၊ သိုးကျောင်းပြီး ပြန်လာသည့်အခါ၌ သင်သည် သူ့အား ‘ကြိုဆိုပါ၏၊ အိမ်ထဲဝင်၍ စားသောက်ပါလော့’ ဟုဆိုမည်လော။ 8ထိုအစား သင်သည် ‘ငါစားဖို့ရန် စားစရာပြင်ဆင်၍ ငါစားသောက်ပြီးသည်အထိ အနားမှာစောင့်လျက်နေလော့။ ထို့နောက်မှ သင်သည် စားသောက်လော့’ ဟုဆိုမည်မဟုတ်လော။ 9အစေအပါးသည် သူ၏တာဝန်ဝတ္တရားအတိုင်း ဆောင်ရွက်သည်ကို သခင်သည် အထူးတလည် သူ့ကိုကျေးဇူးတင်သလော။ 10ထိုနည်းတူ သင်တို့သည်လည်း မိမိတို့ကို စေခိုင်းသည့်အရာအားလုံးကို ဆောင်ရွက်ပြီးစီးသောအခါ ‘အကျွန်ုပ်တို့သည် သာမန်အစေအပါးများသာဖြစ်ကြပါ၏။ အကျွန်ုပ်တို့ ဆောင်ရွက်ရမည့်အမှုအရာကိုသာ ဆောင်ရွက်ခဲ့ခြင်းသာဖြစ်ပါ၏’ ဟုဆိုကြလော့” ဟူ၍မိန့်တော်မူ၏။
အနာကြီးရောဂါသည် ဆယ်ဦး
11ထို့နောက် ကိုယ်တော်သည် ဂျေရုဆလင်မြို့သို့ သွားရာလမ်းရှိ ရှမာရိပြည်နှင့် ဂါလိလဲပြည်တို့၏နယ်စပ်ကြားကို ဖြတ်သွားတော်မူ၏။ 12ရွာတစ်ရွာသို့ရောက်သောအခါ အနာကြီးရောဂါသည်ဆယ်ဦးတို့သည် ကိုယ်တော်နှင့် မလှမ်းမကမ်းမှာရပ်နေလျှက် ကြိုဆိုကြပြီး 13ကျယ်လောင်သောအသံတို့ဖြင့် “ကိုယ်တော်ယေရှု၊ အကျွန်ုပ်တို့ကို သနားတော်မူပါ” ဟုလျှောက်ကြ၏။
14ကိုယ်တော်သည် သူတို့ကိုမြင်လျှင် “သင်တို့သည် ပုရောဟိတ်တို့ထံသွား၍ မိမိတို့ခန္ဓာကိုယ်ကို ပြကြလော့” ဟုမိန့်တော်မူ၏။ ထိုသူတို့လည်း သွားနေစဉ်မှာပင် အနာကြီးရောဂါ ပျောက်ကင်းသွားကြ၏။
15ထိုသူတို့ထဲမှ တစ်ဦးသည် အနာကြီးရောဂါ ပျောက်ကင်းသွားသည်ကို သိမြင်လျှင် ဘုရားရှင်၏ဂုဏ်တော်ကို ကျယ်လောင်စွာ ချီးမွမ်း၍ ကိုယ်တော်ထံသို့ ပြန်လှည့်လာလေ၏။ 16ထို့နောက် သူသည် ကိုယ်တော်၏ခြေတော်ရင်း၌ ပျပ်ဝပ်၍ ကျေးဇူးတော်ကို ချီးမွမ်းလေ၏။ ထိုသူသည်ကား ရှမာရိအမျိုးသားတစ်ဦးဖြစ်၏။
17ထိုအခါ ကိုယ်တော်က “အနာကြီးရောဂါပျောက်ကင်းသူသည် တစ်ဆယ်ဦးမဟုတ်လော။ အခြားသူကိုးဦးသည်ကား အဘယ်မှာနည်း။ 18ဘုရားရှင်၏ဂုဏ်တော်ကို ချီးမွမ်းဖို့ ပြန်လာသူသည် ဤလူမျိုးခြားကလွဲ၍ တစ်ဦးမျှမရှိသလော” ဟုမေးတော်မူပြီးမှ 19ထိုရှမာရိပြည်သားအား “ထ၍ သွားလော့။ သင်၏ယုံကြည်ခြင်းသည် သင့်ကို ကျန်းမာစေပြီ” ဟုမိန့်တော်မူ၏။
ဘုရားရှင်၏သာသနာတော်
20တစ်ခါတွင် ဖာရိရှဲအချို့က ကိုယ်တော်အား “ဘုရားရှင်၏သာသနာတော်သည် မည်သည့်အချိန်၌ ပေါ်ထွန်းမည်နည်း” ဟုမေးလျှောက်ကြသဖြင့် ကိုယ်တော်က “ဘုရားရှင်၏သာသနာတော်သည် သင်တို့မြင်နိုင်သည့်ပုံစံအားဖြင့် ပေါ်ထွန်းမည်မဟုတ်။ 21ဤအရပ်၌ကြည့်လော့။ ထိုအရပ်၌ကြည့်လော့ ဟူ၍လည်း မပြောနိုင်။ အကြောင်းမူကား ဘုရားရှင်၏သာသနာတော်သည် သင်တို့အတွင်း၌ရှိ၏” ဟုမိန့်တော်မူ၏။
22တဖန် ကိုယ်တော်က တပည့်တော်တို့အား “သင်တို့သည် လူ့သားတော်ရှိနေသည့်နေ့ရက်များထဲမှ တစ်ရက်ကိုပင် အလွန်တွေ့မြင်လိုသော်လည်း မတွေ့မြင်ရမည့်နေ့ရက်များ ရောက်လာလိမ့်မည်။ 23လူတို့က သင်တို့အား ‘ထိုအရပ်၌ ရှိ၏၊ သို့မဟုတ် ဤအရပ်၌ရှိ၏’ ဟုဆိုကြလျှင်လည်း လိုက်မသွားကြနှင့်။ 24အကြောင်းမူကား လူ့သားတော်သည် ကောင်းကင်၌ လျှပ်စီးလက်၍ ကောင်းကင်တစ်ခွင်လုံး ထွန်းလင်းသကဲ့သို့ လူတိုင်းသိမြင်နိုင်မည့်ပုံစံဖြင့် ကြွလာတော်မူလိမ့်မည်။ 25သို့သော် သူသည် ထိုအချိန်မတိုင်မီ ပထမဦးစွာ ဒုက္ခဝေဒနာကို ခံစားရ၍ ဤခေတ်လူတို့၏ငြင်းပယ်ခြင်းကို ခံရမည်။
26နောဧလက်ထက်#17:26 နောဧလက်ထက် ဘုရားရှင်သည် ရေလွှမ်းမိုးခြင်းဖြင့် ကမ္ဘာမြေကို ဖျက်ဆီးသောအခါ နောဧနှင့် သူ၏မိသားစုကို ကယ်တင်ခဲ့သည်။ (ကမ္ဘာဦးကျမ်း ၁၉း၁-၂၉ ကိုကြည့်ပါ)တွင် ဖြစ်ခဲ့သည့်အတိုင်း လူ့သားတော်၏နေ့ရက်များ၌လည်း ဖြစ်လိမ့်မည်။ 27ရေလွှမ်းမိုးတော့မည်ဖြစ်၍ နောဧသည် သင်္ဘောပေါ်သို့ ဝင်သည့်နေ့တိုင်အောင် လူတို့သည် စားလျက်၊ သောက်လျက်၊ ထိမ်းမြားလျက်နေခဲ့ကြသဖြင့် ရေလွှမ်းမိုးခံရကာ သူတို့အားလုံးသည် သေဆုံးပျက်စီးခဲ့ရ၏။
28ထိုနည်းတူ လောတလက်ထက်#17:28 လောတလက်ထက် သောဒုံမြို့နှင့် ဂေါမောရမြို့တို့ကို ဘုရားရှင် ဖျက်ဆီးသောအခါ၊ လောတနှင့် သူ့မိသားစုကို ကယ်တင်တော်မူသည်။ (ကမ္ဘာဦးကျမ်း ၁၉း၁-၂၉ ကိုကြည့်ပါ)တွင်လည်း သောဒုံမြို့မှလူတို့သည် စားသောက်လျက်၊ ရောင်းဝယ်လျက်၊ စိုက်ပျိုးလျက်၊ တည်ဆောက်လျက်ဖြင့် ပုံမှန်အတိုင်းနေခဲ့ကြသည့်အတွက် 29လောတထွက်ခွာသွားသည့်နေ့၌ ကောင်းကင်မှနေ၍ ကန့်နှင့်ရောသော မီးမိုးရွာ၍ မြို့မှလူအားလုံးကို သေကြေပျက်စီးစေခဲ့၏။
30လူ့သားတော်ပေါ်ထွန်းသည့်နေ့၌လည်း ထိုနည်းတူ ဖြစ်ပျက်လိမ့်မည်။ 31ထိုနေ့ရက်၌ အိမ်ခေါင်မိုးပေါ်၌ရှိသူသည် တစ်စုံတစ်ခုယူရန် အိမ်ထဲသို့ မဆင်းကြနှင့်။ လယ်ကွင်း၌ရှိသောသူသည်လည်း တစ်စုံတစ်ခုယူရန် အိမ်ကို ပြန်မလာကြနှင့်။ 32လောတ၏ဇနီး#17:32 လောတ၏ဇနီး သောဒုံမြို့မှ သေပြေးရှင်ပြေးထွက်ပြေးကြရသော်လည်း လောတ၏ဇနီးသည် သောဒုံမြို့ကို သံယောဇဉ်မဖြတ်နိုင်သဖြင့် ဘုရားရှင်၏အပြစ်စီရင်ခြင်းကို ခံရလေ၏။ (ကမ္ဘာဦးကျမ်း ၁၉း၁၂-၂၉)၌ မည်ကဲ့သို့ဖြစ်ပျက်ခဲ့သည်ကို အမှတ်ရကြလော့။ 33မိမိအသက်ကို ကယ်တင်လိုသောသူသည် ဆုံးရှုံးရလိမ့်မည်။ သို့သော် ငါ့အတွက် မိမိအသက်ကို စွန့်သောသူသည်ကား ကယ်တင်ခြင်းကို ခံရလိမ့်မည်။ 34သင်တို့အား ငါဆိုသည်ကား ထိုည၌ အိပ်ယာတစ်ခုတည်းတွင် အိပ်နေသောလူနှစ်ဦးထဲမှ ငါ့ကိုယုံကြည်သောသူတစ်ဦးကိုသာ ခေါ်ဆောင်မည်ဖြစ်၍ မယုံကြည်သောအခြားသူသည် ကျန်ခဲ့ရပေလိမ့်မည်။ 35ဆန်စပါးအတူတကွ ကြိတ်နေသောအမျိုးသမီးနှစ်ဦးတွင် တစ်ဦးသည်သာ ခေါ်ဆောင်ခံရမည်ဖြစ်၍ အခြားတစ်ဦးသည် ကျန်ခဲ့ရပေလိမ့်မည်။ 36လယ်ကွင်း၌ လူနှစ်ဦးရှိလျှင်လည်း တစ်ဦးကိုသာ ခေါ်ဆောင်ခြင်းခံရပြီး အခြားတစ်ဦးသည် ချန်ထားခံရလိမ့်မည်” ဟုမိန့်တော်မူသဖြင့်
37တပည့်တော်တို့က “ကိုယ်တော်၊ မည်သည့်နေရာ၌ ဤကဲ့သို့ဖြစ်မည်နည်း” ဟုမေးလျှောက်ကြလေ၏။
ကိုယ်တော်ကလည်း “လင်းတငှက်တို့ စုဝေးရာအရပ်၌ အသေကောင်ရှိသည်ကို လူတိုင်းသိကြသကဲ့သို့ပင် ထိုသို့ဖြစ်ပျက်ရာနေရာကိုလည်း လူတိုင်းသိကြလိမ့်မည်” ဟုမိန့်တော်မူ၏။
നിലവിൽ തിരഞ്ഞെടുത്തിരിക്കുന്നു:
ရှင်လုကာ 17: TPRV
ഹൈലൈറ്റ് ചെയ്യുക
പങ്ക് വെക്കു
പകർത്തുക
നിങ്ങളുടെ എല്ലാ ഉപകരണങ്ങളിലും ഹൈലൈറ്റുകൾ സംരക്ഷിക്കാൻ ആഗ്രഹിക്കുന്നുണ്ടോ? സൈൻ അപ്പ് ചെയ്യുക അല്ലെങ്കിൽ സൈൻ ഇൻ ചെയ്യുക
Burmese Buddhist (TPRV) Bible by Beyond Translation is licensed under Creative Commons Attribution-ShareAlike 4.0 License.