ရှင်လုကာ 10
10
အခန်း (၁၀)
တပည့်တော်ခုနှစ်ဆယ်ဦးကို စေလွှတ်ခြင်း
1ထို့နောက် ကိုယ်တော်သည် အခြားသော တပည့်တော်ခုနစ်ဆယ်ဦး#10:1 ခုနစ်ဆယ်ဦး အချို့ကျမ်းစာတွင် ခုနှစ်ဆယ့်နှစ်ဦး ဟုဆိုကြ၏။ကို ရွေးချယ်ကာ နှစ်ယောက်တစ်တွဲစီတွဲ၍ ကိုယ်တော်ကြွတော်မူမည့် မြို့တိုင်း၊ ရွာတိုင်းသို့ ကြိုတင်စေလွှတ်တော်မူ၏။ 2တပည့်တော်တို့အား မစေလွှတ်မီ ကိုယ်တော်က သူတို့အား ဤကဲ့သို့မိန့်မှာတော်မူ၏။ ၎င်းမှာ “ငါ့အား လက်ခံယုံကြည်ရန် အသင့်ဖြစ်နေသော လူများစွာရှိသော်လည်း ထိုသူတို့ထံ မင်္ဂလာသတင်းကောင်းကို ဟောပြောဝေငှရန်လူတို့မှာကား နည်းပါးလှ၏။ ထိုသူတို့သည် ရိတ်သိမ်းရန် အသင့်ဖြစ်နေသော ကြီးမားကျယ်ပြန့်သည့်လယ်ကွင်းနှင့်တူ၏။ သို့သော်ငြား ၎င်းကိုရိတ်သိမ်းရန်အတွက် လုံလောက်သောလုပ်သားများမရှိပေ။ ထို့ကြောင့် ရိတ်သိမ်းခြင်း၏အရှင် ဘုရားရှင်ထံတော်၌ ရိတ်သိမ်းရန်လုပ်သားများ ပိုမိုစေလွှတ်ပေးရန် ဆုတောင်းလျှောက်ကြလော့။ 3ယခု သင်တို့သည် လူတို့ထံ သတိမူ၍ သွားကြလော့။ အကြောင်းမူကား ကူကယ်ရာမဲ့သောသိုးငယ်ကဲ့သို့သော သင်တို့အား သားရဲဝံပုလွေများကဲ့သို့သော သင်တို့ကို ဆန့်ကျင်ကြမည့်လူများထံသို့ ငါစေလွှတ်တော်မူသောကြောင့်ဖြစ်၏။ 4သင်တို့သွားကြရာ၌ ငွေအိတ်၊ လွယ်အိတ်နှင့် ဖိနပ်တို့ကိုလည်း မယူသွားကြနှင့်။ လမ်း၌လည်း လူတို့ကိုနှုတ်ဆက်၍ နှောင့်နှေးခြင်းမရှိကြနှင့်။
5မည်သည့်အိမ်ကိုမဆို သင်တို့ဝင်ကြသောအခါ ‘ဤအိမ်၌ ငြိမ်းချမ်းခြင်းရှိပါစေ’ ဟူ၍ဆုတောင်းပေးကြလော့။ 6အကယ်၍ ထိုနေရာ၌ ငြိမ်းချမ်းခြင်းကို လိုလားလက်ခံသောသူရှိပါက သင်၏ဆုတောင်းခြင်းသည် ထိုနေရာ၌သက်ရောက်ပေလိမ့်မည်။ အကယ်၍ မလိုလားမလက်ခံပါက ငြိမ်းချမ်းခြင်းသည် ထိုနေရာ၌ သက်ရောက်မည်မဟုတ်။ 7တစ်အိမ်မှ တစ်အိမ်လှည့်လည်တည်းခိုခြင်း မပြုကြနှင့်။ ထိုတစ်အိမ်တည်းမှာပင် တည်းခို၍ အိမ်ရှင်ကျွေးမွေးသည်ကို စားသောက်ကြလော့။ အကြောင်းမူကား အလုပ်လုပ်သောသူသည် လုပ်အားခကို ရထိုက်၏။
8မြို့တစ်မြို့ကို ဝင်သောအခါ၌ ထိုမြို့မှလူတို့သည် သင်တို့အား ကြိုဆိုလက်ခံကြလျှင် သူတို့တည်ခင်းကျွေးမွေးသည်ကို စားသုံးကြလော့။ 9ထိုမြို့ရှိ နာမကျန်းဖြစ်သူများကို ကျန်းမာစေ၍ ‘ဘုရားရှင်၏သာသနာတော်ပေါ်ထွန်းရန် အချိန်နီးကပ်လာပြီ’ ဟုသူတို့ကို ဟောပြောကြလော့။ 10သို့သော် မြို့တစ်မြို့ကို ဝင်၍ သင်တို့ကို ထိုမြို့မှလူတို့သည် လက်ခံမကြိုဆိုကြလျှင်ကား ထိုမြို့၏လမ်းမပေါ်သို့ထွက်၍ 11‘ဘုရားရှင်သည် သင်တို့အား စီရင်မည့်အကြောင်းကို သင်တို့အား သတိပေးသည့်အနေဖြင့် ငါတို့ခြေတွင် ကပ်နေသည့် သင်တို့မြို့မှ မြေမှုန့်ကိုပင် ငါတို့ခါချခဲ့၏။ သို့သော်ငြား ဘုရားရှင်၏သာသနာတော်သည် ပေါ်ထွန်းလုနီးပြီဖြစ်ကြောင်း သင်တို့သိမှတ်ကြလော့’ ဟုဆိုကြလော့။ 12သင်တို့အား ငါဆိုသည်ကား တရားစီရင်သောနေ့ရက်ရောက်သောအခါ ထိုမြို့မှလူတို့သည် သောဒုံမြို့#10:12 သောဒုံမြို့ ကမ္ဘာဦးကျမ်း၁၉း၁-၂၈ (သောဒုံမြို့နှင့်ဂေါမောရမြို့တို့သည် ဆိုးသွမ်းမှုကြောင့် ဘုရားရှင်ဖျက်စီးတော်မူခဲ့သော မြို့နှစ်မြို့ဖြစ်သည်)မှ ဆိုးညစ်သောသူတို့ထက်သာ၍ ဆိုးရွားစွာစီရင်ခြင်းကို ခံရပေလိမ့်မည်” ဟုမိန့်တော်မူလေသည်။
နောင်တသံဝေဂမရသောမြို့များ
(မ၊ ၁၁:၂၀-၂၄)
13တဖန် ကိုယ်တော်က “အို ခေါရာဇိန်မြို့နှင့် ဗက်ဇဲဒမြို့သားတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့မြို့များ၍ ငါဆောင်ရွက်တော်မူသောအံ့ဖွယ်နိမိတ်လက္ခဏာတို့ကို လူမျိုးခြားတို့၏မြို့များဖြစ်ကြသော တုရုမြို့နှင့် ဇိဒုန်မြို့#10:13 တုရုမြို့နှင့် ဇိဒုန်မြို့ တုရုမြို့နှင့် ဇိဒုန်မြို့တို့သည် အစ္စရေးနိုင်ငံမြောက်ပိုင်းတွင်ရှိပြီး ဂျူးလူမျိုးမဟုတ်သော လူမျိုးခြားတို့နေထိုင်ရာဖြစ်သည်။တို့၌ ပြုခဲ့လျှင် ထိုမြို့များမှလူတို့သည် လျှော်တေအဝတ်ကိုဝတ်လျက် ပြာထဲ၌ထိုင်ကာ#10:13 လျှော်တေအဝတ်ကိုဝတ်လျက် ပြာထဲ၌ထိုင်ကာ ထိုခေတ်အခါက လူတို့သည် သူတို့၏အပြစ်များအတွက် နောင်တရခြင်း သို့ စိတ်မကောင်းဖြစ်ခြင်းကို ဖော်ပြသည့်အနေဖြင့် ကြမ်းတမ်း၍ အဆင်မပြေသောအဝတ်ကို ဝတ်၍ သူတို့၏ဦးခေါင်း၊ ပုခုံးတို့ပေါ်မှ ပြာမှုန့်များ လောင်းကာ ပြာပုံတွင် ထိုင်သည့်ဓလေ့ထုံးစံတစ်ခုဖြစ်သည်။ သူတို့၏အပြစ်များအတွက် နောင်တသံဝေဂရခဲ့ကြပေလိမ့်မည်။ 14ထို့ကြောင့် တရားစီရင်တော်မူသောအချိန်၌ တုရုမြို့နှင့် ဇိဒုန်မြို့မှလူတို့ထက် သင်တို့သည် သာ၍အပြစ်ဒဏ်ကိုခံကြရလိမ့်မည်။ 15ကပေရနောင်မြို့သားတို့၊ သင်တို့ကိုလည်း ဘုရားရှင်သည် ရွှေမြို့တော်၌ ချီးမြှင့်မြှောက်စားလိမ့်မည်ဟု မတွေးထင်ကြနှင့်။ ထိုအစား သင်တို့သည် ငရဲသို့သာ ပစ်ချခြင်းကိုခံရလိမ့်မည်” ဟုမိန့်တော်မူ၏။
16ထို့နောက် ကိုယ်တော်က တပည့်တော်တို့အား “တပည့်တော်တို့၊ သင်တို့၏စကားကို နားထောင်လက်ခံသောသူသည် ငါ့စကားကို နားထောင်လက်ခံသကဲ့သို့ပင်ဖြစ်၏။ သင်တို့ကို ငြင်းပယ်သောသူသည်ကား ငါ့ကို ငြင်းပယ်သူဖြစ်၏။ ငါ့ကိုငြင်းပယ်သောသူဆိုသည်ကား ငါ့ကိုစေလွှတ်တော်မူသော ဘုရားရှင်ကို ငြင်းပယ်သောသူဖြစ်၏” ဟုမိန့်တော်မူလေ၏။
တပည့်တော်ခုနှစ်ဆယ်ဦး ပြန်လာခြင်း
17ထို့နောက်တွင် တပည့်တော်ခုနှစ်ဆယ်ဦးတို့သည် ရွှင်လန်းဝမ်းမြောက်စွာဖြင့် ပြန်လာကြပြီးလျှင် ကိုယ်တော့်အား “ကိုယ်တော်၊ အကျွန်ုပ်တို့သည် မကောင်းဆိုးဝါးတို့ကို ကိုယ်တော်၏နာမတော်ကိုအသုံးပြု၍ အမိန့်ပေးသောအခါ သူတို့သည်နာခံကြပါ၏” ဟုလျှောက်တင်ကြ၏။
18ကိုယ်တော်ကလည်း “သင်တို့သည် မကောင်းဆိုးဝါးများကို နှိမ်နင်းသောအခါ၌ မာရ်နတ်သည် လျှပ်စီးလက်သကဲ့သို့ မိုးကောင်းကင်မှ ပြုတ်ကျလာသည်ကို ငါမြင်၏။ 19နားထောင်ကြလော့။ ငါသည် သင်တို့အား မြွေဆိုးများနှင့် ကင်းမြှီးကောက်များကို နင်းချေ၍ ရန်သူ၏တန်ခိုးအလုံးစုံ#10:19 ရန်သူ၏တန်ခိုးအလုံးစုံ တနည်းအားဖြင့် ကိုယ်တော်ယေရှုသည် တပည့်တော်များအား မည်သည့်ဆိုးညစ်သောအရာကိုမဆို နှိမ်နင်းနိုင်သောတန်ခိုးအာဏာကို ပေးအပ်ထားခြင်းဖြစ်သည်ဟု ယူဆနိုင်ပါသည်။ကို နှိမ်နင်းနိုင်ရန် တန်ခိုးအာဏာကို ပေးအပ်ထားပြီးဖြစ်၏။ 20သို့သော်လည်း သင်တို့သည် မကောင်းဆိုးဝါးတို့ကို နှင်ထုတ်နိုင်ရုံမျှနှင့် ဝမ်းမြောက်ခြင်းမရှိကြနှင့်။ ထိုအစား သင်တို့၏အမည်များကို ရွှေမြို့တော်၌ရေးမှတ်ထားခြင်းခံရသည့်အတွက်သာ ဝမ်းမြောက်ပျော်ရွှင်ကြလော့” ဟုမိန့်တော်မူ၏။
ကိုယ်တော်ယေရှု ရွှင်လန်းဝမ်းမြောက်တော်မူခြင်း
(မ၊ ၁၁:၂၅-၂၇၊ ၁၃:၁၆-၁၇)
21ထိုအချိန်၌ ကိုယ်တော်အား ဉာဏ်အလင်းတော်သည် ရွှင်လန်းဝမ်းမြောက်စေတော်မူသဖြင့် ကိုယ်တော်က “ရွှေမြို့တော်နှင့် ကမ္ဘာလောကကို အုပ်စိုးတော်မူသော အဖဘုရား၊ အရှင်ဘုရားသည် ဉာဏ်ပညာကြီးမား၍ မိမိကိုယ်ကို ပညာရှိဟုထင်မှတ်နေသောသူတို့အား ဤအမှန်တရားတို့ကို သိမြင်စေတော်မမူဘဲ ကလေးငယ်များကဲ့သို့သောလူတို့ကိုသာ သိမြင်စေသောကြောင့် ကျေးဇူးတော်ချီးမွမ်းပါ၏။ ဤသည်ကား အရှင်ဘုရားနှစ်သက်တော်မူသောအရာပင်ဖြစ်သည်ကိုလည်း အကျွန်ုပ်သိပါ၏” ဟုဘုရားရှင်ကို ချီးမွမ်းတော်မူ၏။
22ထို့နောက် ကိုယ်တော်က ထိုနေရာ၌ရှိသောသူတို့အား “ငါ၏အဖဘုရားရှင်သည် အရာခပ်သိမ်းတို့အပေါ်၌ အခွင့်အာဏာကို ငါ့အားပေးအပ်တော်မူပြီ။ သားတော်သည် မည်သူမည်ဝါဖြစ်ကြောင်းကို အဖဘုရားရှင်မှတစ်ပါး မည်သူမျှမသိသကဲ့သို့ အဖဘုရားရှင်သည် မည်သူဖြစ်ကြောင်းကိုလည်း သားတော်နှင့် သားတော်မှဖွင့်ပြလိုသောသူတို့မှတစ်ပါး မည်သူမျှမသိ” ဟုမြွက်ဆိုတော်မူ၏။
23ထို့နောက် ကိုယ်တော်သည် တပည့်တော်များဘက်သို့ လှည့်၍ “သင်တို့မြင်တွေ့ခဲ့ရသည့်အကြောင်းအရာတို့ကို မြင်တွေ့ခွင့်ရသည့်လူအပေါင်းတို့သည် မင်္ဂလာရှိကြ၏။ 24သင်တို့အား ငါအမှန်ဆိုသည်ကား များစွာသောအရိယာသူတော်စင်များနှင့် ရှင်ဘုရင်တို့သည်ပင် သင်တို့မြင်တွေ့ရသောအရာတို့ကို မြင်ခွင့်ရရန်၊ ကြားသိခွင့်ရရန် အလိုရှိခဲ့ကြသော်လည်း မမြင်ခဲ့ရ၊ မကြားခဲ့ရကြပေ” ဟုသူတို့ကိုသာ သီးခြားမိန့်တော်မူ၏။
ရှမာရိလူကောင်းတစ်ဦး ပုံဥပမာ
25တစ်နေ့တွင် ကိုယ်တော်သည် လူထုပရိသတ်တို့အား သွန်သင်ဟောပြောနေစဉ် ကျမ်းတတ်ဆရာတစ်ဦးသည် ထ၍ ကိုယ်တော်အား “ဆရာ၊ နိစ္စထာဝရအသက်#10:25 နိစ္စထာဝရအသက် တဖန်ပြန်လည်မွေးဖွားခြင်း မရှိဘဲ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ခြင်းကို ရဖို့ရန်အတွက် မည်သည်ကိုပြုရပါမည်နည်း” ဟုအကဲစမ်း၍မေးလျှောက်လေ၏။
26ထိုအခါ ကိုယ်တော်က “ပညတ်ကျမ်း၌ မည်သို့ရေးထားသနည်း။ သင်မည်သို့နားလည်သနည်း” ဟုပြန်လည်မေးမြန်းသဖြင့် 27ထိုသူက “ကျမ်းစာ၌ ‘သင်၏အရှင်သခင်ဖြစ်တော်မူသော ဘုရားရှင်အား သင်၏စိတ်နှလုံးအကြွင်းမဲ့၊ သင်၏စိတ်ဝိညာဉ်တစ်ခုလုံး၊ သင်၏အစွမ်းသတ္တိရှိသမျှနှင့် သင်၏အသိဉာဏ်ရှိသမျှတို့ဖြင့် မေတ္တာထားချစ်ခင်ရမည်ဟူ၍လည်းကောင်း၊ သင်၏အိမ်နီးချင်းကိုလည်း မိမိကိုယ်ကိုမေတ္တာထားချစ်ခင်သလို ချစ်ခင်ရမည်ဟူ၍လည်းကောင်း’ ရေးသားထားပါသည်” ဟုပြန်လည်လျှောက်တင်လေ၏။
28ကိုယ်တော်ကလည်း “မှန်ပေ၏။ ထိုအတိုင်းပြုလော့။ ထိုသို့ပြုလျှင် သင်သည် နိစ္စထာဝရအသက်တာကို လက်ခံရရှိနိုင်ပေလိမ့်မည်” ဟုမိန့်တော်မူ၏။
29သို့သော် ကျမ်းတတ်ဆရာက မိမိကိုယ်မိမိ ဖြောင့်မတ်ကြောင်းကို ဖော်ပြလို၍ ကိုယ်တော်အား “ဤသို့ဆိုလျှင် အကျွန်ုပ်တို့၏အိမ်နီးချင်းဟူသည် မည်သူကိုဆိုလိုပါသနည်း” ဟုမေးလျှောက်သဖြင့် 30ကိုယ်တော်က ထိုသူအား ဤပုံဥပမာကို မိန့်ဆိုတော်မူ၏။ ပုံဥပမာမှာ “တစ်ခါက လူတစ်ဦးသည် ဂျေရုဆလင်မြို့မှ ဂျေရိခေါမြို့သို့ သွားလေ၏။ လမ်းခရီး၌ ထိုသူသည် ဓါးပြများနှင့်တွေ့သဖြင့် ဓါးပြတို့သည် ထိုသူ၏အဝတ်အစားများကို ချွတ်ယူကာ သူ့အား သေလုမျောပါးဖြစ်သည်အထိ ရိုက်နှက်ကြ၍ ထွက်သွားခဲ့ကြ၏။ 31ထို့နောက်တွင် ပုရောဟိတ်တစ်ပါးသည် ထိုလမ်းအတိုင်းလာသည်နှင့် ဒဏ်ရာများစွာဖြင့် လဲကျနေသောသူ့ကို မြင်သော်လည်း သူ့ကို ကူညီမည့်အစား လမ်း၏အခြားတစ်ဖက်မှ ရှောင်ကွင်းထွက်သွားလေ၏။ 32ထိုကဲ့သို့ပင် လေဝိအနွယ်ဝင်#10:32 လေဝိအနွယ်ဝင် လေဝိလူမျိုးတို့သည် ဂျူးလူမျိုးတစ်ဆယ့်နှစ်နွယ်ထဲမှ ဆင်းသက်လာသူများဖြစ်သည်။ သူတို့သည် တဲတော်သယ်ယူပို့ဆောင်ရေး၊ ပရိဘောဂများထိန်းသိမ်းခြင်းနှင့် မြင့်မြတ်သောနေရာကို ပြုပြင်ထိန်းသိမ်းခြင်းအပါအဝင် တာဝန်အမျိုးမျိုးရှိကြသည်။တစ်ဦးသည်လည်း ထိုနေရာသို့ရောက်လာပြီးလျှင် ထိုသူ့ကိုမြင်သော်လည်း အခြားလမ်းတစ်ဖက်မှရှောင်ထွက်သွားပြန်လေ၏။ 33သို့သော် ခရီးထွက်လာသည့် ရှမာရိအမျိုးသားတစ်ဦးသည်ကား ထိုသူ့ကိုမြင်သည်နှင့် သနားကရုဏာသက်သဖြင့် 34သူ့အနားကို ချဉ်းကပ်လျက် သူ၏ဒဏ်ရာတို့ကို စပျစ်ရည်လောင်းပေးပြီး သံလွင်ဆီ#10:34 သံလွင်ဆီ ထိုခေတ်အခါက လူတို့သည် စပျစ်ရည်ကို ပိုးသတ်ရန်အတွက် အသုံးပြုကြပြီး အနာသက်သာစေရန်အတွက် သံလွင်ဆီကို အသုံးပြုကြ၏။နှင့်သုတ်လိမ်းကာ အဝတ်ဖြင့်စည်းပေး၏။ ထို့နောက် သူ့အား မြည်း#10:34 မြည်း မြည်းသည် ပုံသဏ္ဌာန်အားဖြင့် မြင်းကျားနှင့်တူ၏။ သို့သော် ကိုယ်ပေါ်၌ အစင်းကျားများ မပါရှိချေ။ မြင်းထက် ကိုယ်ထည်သေးငယ်၍၊ အများအားဖြင့် ညိုမွဲမွဲအသွေးရှိသည်။ မြည်းများတွင် ရှည်၍ ထောင်နေသော နားရွက်များရှိ၍ မြင်းထက် လည်ဆံ တိုသည်။ ယနေ့တိုင်အောင် ဝန်ဆွဲရန်အတွက် မြည်းကို အသုံးချလျက်ရှိကြသည်။ပေါ်တင်၍ တည်းခိုဆောင်သို့ခေါ်ဆောင်သွား၍ ပြုစုစောင့်ရှောက်လေ၏။ 35နောက်တစ်နေ့၌ သူသည် တည်းခိုဆောင်ပိုင်ရှင်အား ဒေနာရီဒင်္ဂါးနှစ်ပြားကိုပေး၍ ‘ဤလူနာကို ပြုစုစောင့်ရှောက်ပေးပါ။ ဤထက်မက ကုန်ကျလျှင်လည်း အကျွန်ုပ်ပြန်လာသည့်အချိန်၌ ပေးပါမည်’ ဟုမှာခဲ့လေ၏” ဟူ၍ဖြစ်သည်။
36ထို့နောက် ကိုယ်တော်က ကျမ်းတတ်ဆရာအား “ထိုသူသုံးဦးတွင် မည်သူသည် ဓါးပြတိုက်ခံရသောသူ၏အိမ်နီးချင်းအစစ်ဖြစ်မည်နည်း” ဟုမေးလေ၏။
37ထိုအခါ ကျမ်းတတ်ဆရာက “ဓါးပြတိုက်ခံရသောသူအပေါ်၌ သနားကရုဏာသက်၍ ကူညီပေးသောသူဖြစ်ပါ၏” ဟုပြန်လည်ဖြေကြားလေရာ
ကိုယ်တော်က “သင်သည်လည်း သွား၍ လူတို့အား ဤနည်းအတိုင်းပြုကျင့်လော့” ဟုမိန့်တော်မူ၏။
မာသနှင့်မာရိ
38ထို့နောက် ကိုယ်တော်သည် တပည့်တော်တို့နှင့်အတူ ခရီးဆက်နေစဉ် ရွာတစ်ရွာသို့ ရောက်ရှိလာလေ၏။ ထိုရွာမှ မာသအမည်ရှိသော အမျိုးသမီးတစ်ဦးသည် ကိုယ်တော်နှင့်တပည့်တော်များအား သူမ၏အိမ်သို့ပင့်ဖိတ်လေ၏။ 39သူမတွင် မာရိအမည်ရှိသော ညီမတစ်ဦးလည်းရှိ၏။ မာရိသည် ကိုယ်တော်၏ရှေ့တွင်ထိုင်၍ တရားတော်များကို နာကြားလျှက်နေလေ၏။ 40မာသမှာမူ ဧည့်သည်များအတွက် ဧည့်ဝတ်ပြုရန် အလုပ်များလျှက် ရှိနေလေ၏။ နောက်ဆုံးတွင် မာသသည် ကိုယ်တော်ထံပါးသို့ ချဉ်းကပ်၍ “ကိုယ်တော်၊ အကျွန်ုပ်၏ညီမသည် အိမ်မှုကိစ္စအားလုံးကို အကျွန်ုပ်တစ်ဦးတည်းလုပ်စေရန် ပစ်ပယ်ထားသည့်အတွက် အကျွန်ုပ်အား ကူညီပေးရန် သူမကိုအမိန့်ရှိတော်မူပါ” ဟုလျှောက်တင်လေ၏။
41ထိုအခါ ကိုယ်တော်က “မာသ၊ သင်သည် အရာရာကိုစိုးရိမ်စိတ်နှင့် အလုပ်များနေသော်လည်း 42အမှန်စင်စစ် လိုအပ်သောအရာသည် တစ်ခုတည်းရှိ၏။ မာရိသည် ထိုကောင်းမွန်သောအရာကို ရွေးချယ်ထားပြီးဖြစ်၍ ၎င်းကို သူမထံမှ မဖယ်ရှားသင့်ပေ” ဟုမိန့်တော်မူလေ၏။
നിലവിൽ തിരഞ്ഞെടുത്തിരിക്കുന്നു:
ရှင်လုကာ 10: TPRV
ഹൈലൈറ്റ് ചെയ്യുക
പങ്ക് വെക്കു
പകർത്തുക

നിങ്ങളുടെ എല്ലാ ഉപകരണങ്ങളിലും ഹൈലൈറ്റുകൾ സംരക്ഷിക്കാൻ ആഗ്രഹിക്കുന്നുണ്ടോ? സൈൻ അപ്പ് ചെയ്യുക അല്ലെങ്കിൽ സൈൻ ഇൻ ചെയ്യുക
Burmese Buddhist (TPRV) Bible by Beyond Translation is licensed under Creative Commons Attribution-ShareAlike 4.0 License.