Logotipo da YouVersion
Ícone de Pesquisa

ရောမဩဝါဒစာ 5

5
ဘုရားသခင်နှင့်ငြိမ်းချမ်းမှုရှိခြင်း
1ထို့ကြောင့် ယုံကြည်​ခြင်း​အားဖြင့် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​သော​ငါ​တို့​သည် ငါ​တို့​၏​သခင်​ယေရှု​ခရစ်တော်​အားဖြင့် ဘုရားသခင်​နှင့် ငြိမ်းချမ်း​မှု​ကို​ရရှိ​ကြ​၏။ 2ယခု ငါတို့​ရပ်တည်​နေ​သော ဤ​ကျေးဇူး​တော်​ထဲသို့ ယုံကြည်​ခြင်း​ကြောင့် ခရစ်တော်​အားဖြင့် တိုးဝင်​ခွင့်​ကို​လည်း ငါ​တို့​ရရှိ​ကြ​သည်​ဖြစ်၍ ဘုရားသခင်​၏​ဘုန်း​အသရေ​တော်​နှင့်ဆိုင်သော​မျှော်လင့်​ခြင်း​၌ ဂုဏ်ယူ​ဝမ်းမြောက်​ကြ​၏။ 3ထိုမျှမက ဆင်းရဲ​ဒုက္ခ​များ​၌​လည်း ဂုဏ်ယူ​ဝမ်းမြောက်​ကြ​၏။ အကြောင်းမူကား ဆင်းရဲ​ဒုက္ခ​သည် သည်းခံ​ခြင်း​ကို​လည်းကောင်း၊ 4သည်းခံ​ခြင်း​သည် ပါရမီ​ရင့်ကျက်​ခြင်း​ကို​လည်းကောင်း၊ ပါရမီ​ရင့်ကျက်​ခြင်း​သည် မျှော်လင့်​ခြင်း​ကို​လည်းကောင်း ဖြစ်ပေါ်​စေ​သည်​ကို ငါ​တို့​သိ​ကြ​၏။ 5ထို​မျှော်လင့်​ခြင်း​သည်​လည်း ငါ​တို့​ကို​အရှက်ရ​စေ​မည်​မ​ဟုတ်။ အကြောင်းမူကား ဘုရားသခင်​၏​ချစ်​ခြင်း​မေတ္တာ​တော်​သည် ငါ​တို့​ကို​ပေး​တော်မူ​သော​သန့်ရှင်း​သော​ဝိညာဉ်​တော်​အားဖြင့် ငါ​တို့​၏​စိတ်နှလုံး​ထဲ၌ သွန်းလောင်း​ခြင်း​ခံရ​ပြီ​ဖြစ်​၏။
6ငါ​တို့​အားနည်း​လျက်​ရှိ​နေ​ကြ​စဉ် ခရစ်တော်​သည် အချိန်တန်​သည်​နှင့် ဘုရား​တရား​မဲ့​သော​သူ​များ​အတွက် အသေခံ​တော်မူ​၏။ 7အကြောင်းမှာ ဖြောင့်မတ်​သော​သူ​အတွက် အသေခံ​မည့်​သူ​ရှိ​ခဲ​၏။ သူတော်ကောင်း​အတွက်​ကား အသေခံ​ဝံ့​သူ​ရှိကောင်းရှိ​လိမ့်မည်။ 8သို့သော် ငါ​တို့​သည် အပြစ်သား​များ​ဖြစ်​ကြ​စဉ်​ပင် ခရစ်တော်​သည် ငါ​တို့​အတွက် အသေခံ​တော်မူ​ခြင်း​အားဖြင့် ဘုရားသခင်​သည် ငါ​တို့​အပေါ်​ထားရှိ​သော မိမိ​၏​ချစ်​ခြင်း​မေတ္တာ​တော်​ကို ထင်ရှား​စေ​တော်မူ​၏။
9သို့ဖြစ်၍ ယခု​အခါ ခရစ်တော်​၏​သွေး​တော်​အားဖြင့် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​သော​ငါ​တို့​သည် ကိုယ်တော်​အားဖြင့် အမျက်​တော်​မှ ပို၍​ပင် ကယ်တင်​ခြင်း​ခံရ​လိမ့်မည်။ 10အကြောင်းမူကား ရန်သူ​ဖြစ်​လျက်​ပင် သား​တော်​၏​အသေခံ​တော်မူ​ခြင်း​အားဖြင့် ဘုရားသခင်​နှင့်​ပြန်လည်​သင့်မြတ်​ခြင်း​အခွင့်​ကို​ရရှိ​ခဲ့​လျှင် ပြန်လည်​သင့်မြတ်​ခြင်း​အခွင့်​ကို​ရရှိ​ပြီး​သော​ငါ​တို့​သည် သား​တော်​၏​အသက်​တော်​အားဖြင့် ပို၍​ပင် ကယ်တင်​ခြင်း​ခံရ​လိမ့်မည်။ 11ထိုမျှမက ယခု ငါ​တို့​အား ပြန်လည်​သင့်မြတ်​ခြင်း​အခွင့်​ကို​ရရှိ​စေ​သော ငါ​တို့​၏​သခင်​ယေရှု​ခရစ်တော်​အားဖြင့် ငါ​တို့​သည် ဘုရားသခင်​၌ ဂုဏ်ယူ​ဝမ်းမြောက်​လျက်​ရှိ​ကြ​၏။
အာဒံနှင့်ယေရှုခရစ်တော်
12ထို့ကြောင့် တစ်​ယောက်​သော​သူ​အားဖြင့် အပြစ်​တရား​သည် ဤ​လောက​ထဲသို့​ဝင်​လာ​၍ အပြစ်​တရား​အားဖြင့် သေ​ခြင်း​တရား​ဝင်လာ​သည်​နှင့်အညီ လူ​အပေါင်း​တို့​သည် အပြစ်​ပြု​သဖြင့် လူသား​အားလုံး​အပေါ်၌ သေ​ခြင်း​တရား​သက်ရောက်​ခဲ့​၏။ 13တစ်နည်းကား ပညတ်​တရား​ကို​မ​ပေး​မီ​က​ပင် အပြစ်​သည် ဤ​လောက​၌​ရှိ​၏။ သို့သော် ပညတ်​တရား​မ​ရှိ​လျှင် အပြစ်​ကို အပြစ်​ဟု မှတ်ယူ​၍​မ​ရ။ 14မည်သို့ပင်ဖြစ်စေ အာဒံ​လက်ထက်​မှစ၍ မောရှေ​လက်ထက်​တိုင်အောင် သေ​ခြင်း​တရား​သည် အာဒံ​၏​ဖောက်ဖျက်​ကျူးလွန်​မှု​နှင့်​တူညီ​သော​အပြစ်​မျိုး​ကို မ​ပြု​သော​သူ​တို့​ကို​ပင် စိုးမိုး​ခဲ့​၏။ အာဒံ​သည် ကြွလာ​ရန်​ရှိ​သော​သူ​၏​ပုံပမာ​ဖြစ်​၏။
15သို့ရာတွင် ဆု​ကျေးဇူး​သည် ကျူးလွန်​သော​အပြစ်​ကဲ့သို့​မ​ဟုတ်​ပေ။ အကြောင်းမူကား တစ်​ယောက်​သော​သူ​ကျူးလွန်​သည့်​အပြစ်​ကြောင့် များစွာ​သော​သူ​တို့​သည် သေ​ခဲ့​လျှင် ဘုရားသခင်​၏​ကျေးဇူး​တော်​နှင့် ယေရှု​ခရစ်တော်​တည်းဟူသော တစ်​ယောက်​သော​သူ​၏​ကျေးဇူး​တော်​အားဖြင့် သက်ရောက်​သော​ကောင်းချီး​လက်ဆောင်​သည် များစွာ​သော​လူ​တို့​၌ ပို၍​ပင် ကြွယ်ဝ​ပြည့်စုံ​မည်​ဖြစ်​၏။ 16ထို့ပြင် ဆု​ကျေးဇူး​သည် တစ်​ယောက်​သော​သူ​က အပြစ်​ပြု​သောကြောင့် ဖြစ်​လာ​သည့်​အရာ​ကဲ့သို့​မ​ဟုတ်​ပေ။ အကြောင်းမူကား ကျူးလွန်​သော​အပြစ်​တစ်​ခု​ကြောင့်​ဖြစ်လာ​သည့် တရား​စီရင်​ခြင်း​သည် ပြစ်ဒဏ်​စီရင်​ခြင်း​သို့​ရောက်​စေ​၏။ သို့သော် ကျူးလွန်​သော​အပြစ်​များစွာ​ကြောင့်​ဖြစ်လာ​သည့် ဆု​ကျေးဇူး​မူကား ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​သို့​ရောက်​စေ​၏။ 17အကြောင်းမူကား တစ်​ယောက်​သော​သူ​ကျူးလွန်​သည့်​အပြစ်​ကြောင့် သေ​ခြင်း​သည် ထို​သူ​တစ်​ယောက်​အားဖြင့် စိုးမိုး​ခဲ့​လျှင် ကျေးဇူး​တော်​နှင့်​ဖြောင့်မတ်​ခြင်း​၏​ကောင်းချီး​လက်ဆောင်​ကို ကြွယ်ဝ​စွာ​ခံစားရ​သော​သူ​တို့​သည် တစ်​ယောက်​သော​သူ​တည်းဟူသော ယေရှု​ခရစ်တော်​အားဖြင့် အသက်ရှင်​ခြင်း​၌ ပို၍​ပင် စိုးမိုး​ရ​ကြ​လိမ့်မည်။
18သို့ဖြစ်၍ ကျူးလွန်​သော​အပြစ်​တစ်​ခု​ကြောင့် ပြစ်ဒဏ်​စီရင်​ခြင်း​သည် လူ​အပေါင်း​တို့​ထံသို့ ရောက်လာ​သကဲ့သို့ ဖြောင့်မတ်​သော​အကျင့်​တစ်​ခု​ကြောင့် အသက်​နှင့်ဆိုင်သော​ဖြောင့်မတ်​ခြင်း​သည် လူ​အပေါင်း​တို့​ထံသို့ ရောက်လာ​၏။ 19တစ်နည်းဆိုသော် လူ​တစ်​ယောက်​၏​မ​နာခံ​မှု​ကြောင့် များစွာ​သော​လူ​တို့​သည် အပြစ်သား​အဖြစ် သတ်မှတ်​ခြင်း​ခံရ​ကြ​သည့်​နည်းတူ တစ်​ယောက်​သော​သူ​၏​နာခံ​မှု​ကြောင့် များစွာ​သော​လူ​တို့​သည် ဖြောင့်မတ်​သော​သူ​အဖြစ် သတ်မှတ်​ခြင်း​ခံရ​ကြ​လိမ့်မည်။
20ပညတ်​တရား​မူကား ကျူးလွန်​သော​အပြစ်​ကို များပြား​စေရန်​ဝင်ရောက်​ခဲ့​၏။ သို့သော် အပြစ်​များပြား​လာ​သည့်​နေရာ​၌ ကျေးဇူး​တော်​သည် ပို၍​ပြည့်စုံ​ကြွယ်ဝ​လေ​၏။ 21ဤသည်ကား အပြစ်​သည် သေ​ခြင်း​အားဖြင့် စိုးမိုး​ခဲ့​သည့်​နည်းတူ ကျေးဇူး​တော်​သည်​လည်း ဖြောင့်မတ်​ခြင်း​အားဖြင့် စိုးမိုး​လျက် ငါ​တို့​၏​သခင်​ယေရှု​ခရစ်တော်​အားဖြင့် ထာဝရ​အသက်​ကို​ရရှိ​စေရန်​ဖြစ်​၏။

Destaque

Compartilhar

Copiar

None

Quer salvar seus destaques em todos os seus dispositivos? Cadastre-se ou faça o login

A YouVersion utiliza cookies para personalizar sua experiência. Ao utilizar nosso site, você aceita o uso de cookies como descrito em nossa Política de Privacidade