YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 22:1-22

ရှင်မဿဲ 22:1-22 Judson Bible (JBMLE)

တစ်​ဖန် ယေ​ရှု​သည် ဥ​ပ​မာ​ကို​ဆောင်၍ ပ​ရိ​သတ်​တို့​အား မိန့်​မြွက်​တော်​မူ​သည်​ကား၊- ကောင်း​ကင်​နိုင်​ငံ​တော်​သည် မိ​မိ​သား​အ​ဖို့ ထိမ်း​မြား​မင်္ဂ​လာ​ဆောင်​ပွဲ​ကို စီ​ရင်​သော မင်း​ကြီး​နှင့် တူ၏။- ထို​မင်း​ကြီး​သည် ဖိတ်​ပြီး​သော​သူ​တို့​ကို ခေါ်​စေ​ခြင်း​ငှာ လု​လင်​တို့​ကို စေ​လွှတ်​သော​အ​ခါ ထို​သူ​တို့​သည် မ​လာ​ဘဲ​နေ​ကြ၏။- တစ်​ဖန် အ​ခြား​သော​လု​လင်​တို့​ကို စေ​လွှတ်၍ ငါ့​ပွဲ​ကို ငါ​ပြင်​ဆင်​ပြီ။ နွား​မှ​စ​သော ဆူ​ဖြိုး​သော တိ​ရ​စ္ဆာန်​များ​ကို သတ်၍​ပြီး​ပြီ။ အ​လုံး​စုံ​တို့​သည် အ​သင့်​ရှိ​ပြီ။ မင်္ဂ​လာ​ဆောင်​ပွဲ​သို့ လာ​ကြ​ပါ​ဟု ဖိတ်​ပြီး​သော​သူ​တို့​အား ပြော​ကြ​ဟု မှာ​လိုက်​ပြန်၏။- သို့​သော်​လည်း ထို​သူ​တို့​သည် နား​မ​ထောင်​ဘဲ အ​ချို့​တို့​သည် မိ​မိ​လယ်​သို့ သွား​ကြ၏။ အ​ချို့​တို့​သည် ကုန်​သွယ်​ရာ​သို့ သွား​ကြ၏။- ကြွင်း​သော​သူ​တို့​သည်​လည်း လု​လင်​တို့​ကို​ဖမ်း​ဆီး၍ ညှဉ်း​ဆဲ​ခြင်း၊ အ​သေ​သတ်​ခြင်း​ကို ပြု​ကြ၏။- ထို​မင်း​ကြီး​သည်​ကြား​လျှင် အ​မျက်​ထွက်၍ စစ်​ချီ​စေ​သ​ဖြင့်၊ လူ​အ​သက်​ကို​သတ်​သော ထို​သူ​တို့​ကို အ​ပြီး​လုပ်​ကြံ၍ သူ​တို့၏​မြို့​ကို မီး​ရှို့​လေ၏။ ထို​နောက်​မှ မင်း​ကြီး​သည်​လု​လင်​တို့​ကို​ခေါ်၍ ငါ၏ မင်္ဂ​လာ​ဆောင်​ပွဲ​သည် အ​သင့်​ရှိ၏။ ခေါ်​ဖိတ်​သော​သူ​တို့​သည် မ​ထိုက်​မ​တန်​သော​ကြောင့်၊- လမ်း​မ​လမ်း​ကြား​သို့​သွား၍ တွေ့​သ​မျှ​သော​သူ​တို့​ကို ပွဲ​သို့​ခေါ်​ဖိတ်​ကြ​ဟု အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း၊- လု​လင်​တို့​သည် လမ်း​များ​သို့​ထွက်​သွား၍ ကောင်း​မ​ကောင်း တွေ့​သ​မျှ​သော လူ​အ​ပေါင်း​တို့​ကို စု​ဝေး​စေ၍ ပွဲ​တော်၌ အ​ပြည့်​ရှိ​လေ၏။- မင်း​ကြီး​သည် ပွဲ၌​လျောင်း​သော​သူ​တို့​ကို ကြည့်​ရှု​ခြင်း​ငှာ ဝင်​တော်​မူ​သော​အ​ခါ၊ မင်္ဂ​လာ​ဆောင်​ပွဲ၏ အ​ဝတ်​ကို​မ​ဝတ်​သော သူ​တစ်​ယောက်​ကို​မြင်​လျှင်၊- အ​ဆွေ၊ မင်္ဂ​လာ​ဆောင်​ပွဲ၏ အ​ဝတ်​မ​ရှိ​ဘဲ အ​ဘယ်​ကြောင့် ဝင်​သ​နည်း​ဟု မေး​တော်​မူ​သည်​ကို ထို​သူ​သည် မ​ပြော​နိုင်​ဘဲ​နေ၏။- ထို​အ​ခါ မင်း​ကြီး​သည် အ​ခြံ​အ​ရံ​တို့​အား ထို​သူ၏​လက်​ခြေ​ကို တုပ်​နှောင်​လော့။ ငို​ကြွေး​ခြင်း အံ​သွား​ခဲ​ကြိတ်​ခြင်း​ရှိ​ရာ၊ ပြင်​အ​ရပ် မှောင်​မိုက်​ထဲ​သို့ ယူ​သွား​ချ​လိုက်​ကြ​ဟု အ​မိန့်​တော်​ရှိ၏။- ထို​သို့ ခေါ်​တော်​မူ​သော​သူ အ​များ​ရှိ​သော်​လည်း၊ ရွေး​ကောက်​တော်​မူ​သော​သူ နည်း​သည်​ဟု မိန့်​တော်​မူ၏။ ထို​အ​ခါ ဖာ​ရိ​ရှဲ​တို့​သည် ထွက်​သွား​ပြီး​လျှင်၊ ငါ​တို့​သည် သူ၏​စ​ကား​ကို ချောင်း​မြောင်း၍ အ​ပြစ်​ပြု​ခွင့်​ကို အ​ဘယ်​သို့​ရ​နိုင်​သ​နည်း​ဟု မေး​မြန်း​တိုင်​ပင်​ပြီး​မှ၊- မိ​မိ​တ​ပည့်​တို့​နှင့် ဟေ​ရုဒ်​တ​ပည့်​တို့​ကို အ​ထံ​တော်​သို့ စေ​လွှတ်၍ အ​ရှင်​ဘု​ရား၊ ကိုယ်​တော်​သည် သ​စ္စာ​ရှိ​ပါ၏။ အ​ဘယ်​သူ​ကို​မျှ​မ​ကြောက်၊ လူ​မျက်​နှာ​ကို​မ​ထောက်​ဘဲ ဘု​ရား​သ​ခင်၏ တ​ရား​လမ်း​ကို ဟုတ်​မှန်​စွာ ပြ​တော်​မူ​သည်​ကို အ​ကျွန်ုပ်​တို့ သိ​ကြ​ပါ၏။- သို့​ဖြစ်၍ ကိုယ်​တော်​သည် အ​ဘယ်​သို့ ထင်​တော်​မူ​သ​နည်း။ ကဲ​သာ​ဘု​ရင်​အား အ​ခွန်​ကို ဆက်​အပ်​သ​လော၊ မ​ဆက်​အပ်​သ​လော အ​ကျွန်ုပ်​တို့​အား မိန့်​တော်​မူ​ပါ​ဟု မေး​လျှောက်​ကြ၏။- ယေ​ရှု​သည် ထို​သူ​တို့၏ ဆိုး​ညစ်​သော​သ​ဘော​ကို သိ​တော်​မူ​လျှင်၊ လျှို့​ဝှက်​သော​သူ​တို့၊ အ​ဘယ်​ကြောင့် ငါ့​ကို စုံ​စမ်း​နှောင့်​ယှက်​ကြ​သ​နည်း။- အ​ခွန်​ငွေ​တစ်​ပြား​ကို ပြ​ပါ​ဟု မိန့်​တော်​မူ၍၊ ဒေ​နာ​ရိ​တစ်​ပြား​ကို ယူ​ခဲ့​ကြ၏။- ဤ​ပုံ ဤ​လိပ်​စာ​ကား၊ အ​ဘယ်​သူ၏​ပုံ အ​ဘယ်​သူ၏​လိပ်​စာ ဖြစ်​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊- ကဲ​သာ​ဘု​ရင်၏​ပုံ၊ လိပ်​စာ​ဖြစ်​ပါ​သည်​ဟု လျှောက်​ကြ​သော်၊ ယေ​ရှု​က​လည်း၊ ကဲ​သာ​ဘု​ရင်၏​ဥ​စ္စာ​ကို ကဲ​သာ​ဘု​ရင်​အား ဆက်​ပေး​ကြ​လော့။ ဘု​ရား​သ​ခင်၏ ဥ​စ္စာ​ကို​ကား ဘု​ရား​သ​ခင်​အား ဆက်​ပေး​ကြ​လော့​ဟု မိန့်​တော်​မူ၏။- ထို​သူ​တို့​သည် ကြား​ရ​လျှင် အံ့​ဩ၍ အ​ထံ​တော်​မှ ထွက်​သွား​ကြ၏။

ရှင်မဿဲ 22:1-22 Common Language Bible (BCL)

သ​ခင်​ယေ​ရှု​သည်​ပုံ​ဥ​ပ​မာ​ဆောင်​၍​ထို​သူ တို့​အား​မိန့်​တော်​မူ​ပြန်​၏။- ကိုယ်​တော်​က ``ကောင်း​ကင်​နိုင်​ငံ​တော်​သည်​သား တော်​အ​တွက်​မင်္ဂ​လာ​ဆောင်​ဧည့်​ခံ​ပွဲ​ကို​ပြင်​ဆင် ထား​သည့်​ဘု​ရင်​တစ်​ပါး​ကြုံ​တွေ့​ရ​သည့်​အ​ဖြစ် အ​ပျက်​နှင့်​တူ​၏။- မင်း​ကြီး​သည်​ဖိတ်​ကြား​ထား​သူ​များ​ထံ​သို့​မင်း စေ​တို့​ကို​လွှတ်​၍​ခေါ်​ဖိတ်​စေ​၏။ သို့​ရာ​တွင်​သူ​တို့ သည်​မ​လာ​လို​ကြ။- မင်း​ကြီး​က `ငါ​၏​ည​စာ​စား​ပွဲ​အ​သင့်​ရှိ​ပြီ။ နွား အ​စ​ရှိ​သည့်​ဆူ​ဖြိုး​သော​တိ​ရစ္ဆာန်​များ​ကို​လည်း သတ်​ပြီး​ပြီ။ အား​လုံး​အ​ဆင်​သင့်​ရှိ​ပြီ​ဖြစ်​၍ မင်္ဂ​လာ​ဆောင်​ပွဲ​သို့​ကြွ​ရောက်​ကြ​ပါ' ဟု​ဖိတ် ကြား​ထား​သူ​တို့​အား​ပြော​ကြ​လော့​ဟူ​၍ အ​ခြား​မင်း​စေ​တို့​အား​လွှတ်​တော်​မူ​၏။- သို့​ရာ​တွင်​ဖိတ်​ကြား​ထား​သူ​တို့​သည်​မင်း​စေ တို့​ကို​ဂ​ရု​မ​စိုက်​ဘဲ​တစ်​ယောက်​က​လယ်​တော သို့​လည်း​ကောင်း၊ အ​ခြား​တစ်​ယောက်​က​မိ​မိ ကုန်​သွယ်​ရာ​သို့​လည်း​ကောင်း​သွား​ကြ​၏။- ကျန်​သော​သူ​များ​က​မင်း​စေ​တို့​ကို​ဖမ်း​၍ ရိုက်​နှက်​သတ်​ဖြတ်​ကြ​၏။- မင်း​ကြီး​သည်​လွန်​စွာ​အ​မျက်​ထွက်​၍​စစ်​သား များ​ကို​စေ​လွှတ်​ပြီး​လျှင်​ထို​လူ​သတ်​သ​မား တို့​ကို​သုတ်​သင်​စေ​၏။ သူ​တို့​၏​မြို့​ကို​လည်း မီး​ရှို့​စေ​၏။- ထို​နောက်​မင်း​စေ​တို့​ကို​ခေါ်​ပြီး​လျှင်​မင်္ဂ​လာ​ဆောင် ဧည့်​ခံ​ပွဲ​သည်​အ​သင့်​ရှိ​ပြီ​ဖြစ်​သော်​လည်း​ဖိတ် ကြား​ခြင်း​ခံ​ရ​သူ​တို့​သည်​ထို​ပွဲ​နှင့်​မ​ထိုက်​မ​တန် ကြ​သ​ဖြင့်၊- `လမ်း​မ​ကြီး​များ​သို့​သွား​၍​သင်​တို့​တွေ့​ရှိ​သ​မျှ သော​သူ​တို့​ကို​ခေါ်​ဖိတ်​ကြ​လော့' ဟု​မိန့်​တော်​မူ​၏။- မင်း​စေ​တို့​သည်​လမ်း​များ​သို့​သွား​၍​တွေ့​ရှိ​သ​မျှ သော​လူ​ဆိုး​လူ​ကောင်း​တို့​ကို​ခေါ်​ဆောင်​ခဲ့​ကြ​၏။ သို့​ဖြစ်​၍​မင်္ဂ​လာ​ဆောင်​ပွဲ​ခန်း​မ​သည်​ဧည့်​သည် များ​ဖြင့်​ပြည့်​၍​နေ​လေ​၏။'' ``မင်း​ကြီး​သည်​ဧည့်​သည်​များ​ကို​ကြည့်​ရှု​ရန် ကြွ​လာ​သော​အ​ခါ မင်္ဂ​လာ​ဆောင်​ပွဲ​ထိုင်​ဝတ်​စုံ ကို​ဝတ်​ဆင်​မ​ထား​သူ​လူ​တစ်​ယောက်​ကို​မြင် တော်​မူ​သ​ဖြင့် `အ​ဆွေ​သင်​သည်​ပွဲ​ထိုင်​ဝတ်​စုံ ကို​မ​ဝတ်​မ​ဆင်​ဘဲ​အ​ဘယ်​ကြောင့်​လာ​ပါ သ​နည်း' ဟု​မေး​တော်​မူ​၏။- သို့​ရာ​တွင်​ထို​သူ​သည်​မ​ဖြေ​နိုင်​ဘဲ​ရှိ​နေ​၏။- ထို​အ​ခါ​မင်း​ကြီး​က​မင်း​စေ​တို့​အား `ထို​သူ​၏ ခြေ​လက်​တို့​ကို​တုပ်​နှောင်​ပြီး​လျှင်​အ​ပြင်​အ​မှောင် ထဲ​သို့​ထုတ်​လိုက်​ကြ။ ထို​နေ​ရာ​တွင်​သူ​သည် ငို​ကြွေး​မြည်​တမ်း​၍​အံ​သွား​ခဲ​ကြိတ်​လျက် နေ​ရ​လိမ့်​မည်' ဟု​အ​မိန့်​တော်​ရှိ​၏'' ဟူ​၍ မိန့်​တော်​မူ​သည်။ ထို​နောက်​သ​ခင်​ယေ​ရှု​က ``ဖိတ်​ကြား​ခြင်း​ခံ​ရ သူ​တို့​မှာ​များ​သော်​လည်း​ရွေး​ကောက်​ခြင်း​ခံ​ရ သူ​တို့​ကား​နည်း​၏'' ဟု​မိန့်​တော်​မူ​သည်။ ထို​နောက်​ဖာ​ရိ​ရှဲ​တို့​သည်​ထွက်​သွား​ပြီး​လျှင် ကိုယ်​တော်​အား​အ​ဘယ်​သို့​ပ​ရိ​ယာယ်​ဆင်​၍ မေး​မြန်း​ရ​မည်​ကို​ဆွေး​နွေး​တိုင်​ပင်​ကြ​၏။- သူ​တို့​သည်​မိ​မိ​တို့​၏​တ​ပည့်​များ​ကို​ဟေ​ရုဒ် ၏​ပါ​တီ​ဝင်​အ​ချို့​နှင့်​အ​တူ​အ​ထံ​တော်​သို့ စေ​လွှတ်​ပြီး​လျှင် ``ဆ​ရာ​တော်၊ အ​ရှင်​သည်​သစ္စာ ရှိ​တော်​မူ​၍​ဘု​ရား​သ​ခင်​၏​တ​ရား​လမ်း​ကို ဟုတ်​မှန်​သည်​အ​တိုင်း​သွန်​သင်​တော်​မူ​ပါ​၏။ လူ တို့​အ​ဘယ်​သို့​ထင်​မြင်​ကြ​သည်​ကို​အ​မှု​မ ထား​ပါ။ လူ့​မျက်​နှာ​ကို​လည်း​ထောက်​တော်​မ​မူ​ပါ။- သို့​ဖြစ်​၍​အ​ရှင်​အ​ဘယ်​သို့​ထင်​မြင်​သည်​ကို အ​ကျွန်ုပ်​တို့​အား​မိန့်​တော်​မူ​ပါ။ ရော​မ​ဧ​က​ရာဇ် ဘု​ရင်​အား​အ​ခွန်​ဆက်​အပ်​ပါ​သ​လော၊ မ​ဆက် အပ်​ပါ​သ​လော'' ဟု​မေး​လျှောက်​ကြ​၏။ သို့​ရာ​တွင်​သ​ခင်​ယေ​ရှု​သည်​သူ​တို့​၏​ဆိုး​ညစ် သော​အ​ကြံ​အ​စည်​ကို​သိ​တော်​မူ​သ​ဖြင့် ``ကြောင် သူ​တော်​တို့၊ သင်​တို့​သည်​အ​ဘယ်​ကြောင့်​ငါ့​အား ပ​ရိ​ယာယ်​ဆင်​၍​မေး​မြန်း​ကြ​သ​နည်း။- အ​ခွန်​တော်​ပေး​ဆောင်​ရန်​ငွေ​ဒင်္ဂါး​တစ်​ပြား​ကို ငါ့​အား​ပြ​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။ သူ​တို့​သည်​ဒေ​နာ​ရိ​တစ်​ပြား​ကို​ယူ​ခဲ့​ကြ​၏။- ကိုယ်​တော်​က ``ဤ​ရုပ်​ပုံ၊ ဤ​ကမ္ပည်း​လိပ်​စာ​သည်​မည် သူ့​ရုပ်​ပုံ၊ မည်​သူ့​ကမ္ပည်း​လိပ်​စာ​ဖြစ်​သ​နည်း'' ဟု မေး​တော်​မူ​၏။ သူ​တို့​က ``ဧက​ရာဇ်​၏​ရုပ်​ပုံ၊ ဧ​က​ရာဇ်​ဘု​ရင်​ကမ္ပည်း လိပ်​စာ​ဖြစ်​ပါ​သည်'' ဟု​ပြန်​လျှောက်​ကြ​၏။ ထို​အ​ခါ​ကိုယ်​တော်​က ``ဧ​က​ရာဇ်​ဘု​ရင်​ပိုင်​သည့် အ​ရာ​ကို​ဧ​က​ရာဇ်​ဘု​ရင်​အား​ဆက်​ကြ​လော့။ ဘု​ရား​သ​ခင်​ပိုင်​သည့်​အ​ရာ​ကို​ဘု​ရား​သခင် အား​ဆက်​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။ ထို​သူ​တို့​သည်​ထို​စ​ကား​ကို​ကြား​လျှင်​လွန် စွာ​အံ့​သြ​ကြ​၏။ ထို​နောက်​ကိုယ်​တော်​၏​ထံ​မှ ထွက်​ခွာ​သွား​ကြ​၏။

ရှင်မဿဲ 22:1-22 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

တစ်ဖန် ယေရှု​သည် ပုံ​ဥပမာ​များ​ဖြင့် သူ​တို့​အား မြွက်ဆို​တော်မူ​သည်​မှာ “ကောင်းကင်​နိုင်ငံ​တော်​သည် မိမိ​သား​အတွက် မင်္ဂလာဆောင်​ပွဲ​ကျင်းပ​သော ဘုရင်​တစ်​ပါး​နှင့်​တူ​၏။ သူ​သည် ဖိတ်ခေါ်​ထား​သော​သူ​တို့​ကို မင်္ဂလာဆောင်​ပွဲ​သို့​ခေါ်​လာ​ရန် မိမိ​၏​အစေအပါး​တို့​ကို​စေလွှတ်​သော်လည်း သူ​တို့​သည် မ​လာ​လို​ကြ​ပေ။ တစ်ဖန် သူ​သည် အခြား​သော​အစေအပါး​တို့​အား ‘ငါ​၏​ဧည့်ခံပွဲ​ကို ငါ​ပြင်ဆင်​ထား​ပြီ။ ငါ​၏​နွားလား​နှင့် ဆူဖြိုး​သော​တိရစ္ဆာန်​များ​ကို သတ်​ပြီး​ပြီ။ အားလုံး​အဆင်သင့်​ဖြစ်​ပြီ။ မင်္ဂလာဆောင်​ပွဲ​သို့ ကြွ​ကြ​ပါ​ဟု ဖိတ်ခေါ်​ထား​သော​သူ​တို့​ကို ပြော​ကြ​လော့’​ဟူ၍ မှာကြား​လျက် စေလွှတ်​လေ​၏။ သို့သော် သူ​တို့​သည် ဂရုမစိုက်​ကြ​ဘဲ တစ်​ဦး​သည် မိမိ​လယ်​သို့​လည်းကောင်း၊ အခြား​တစ်​ဦး​သည် မိမိ​ကုန်သွယ်​ရာ​သို့​လည်းကောင်း သွား​ကြ​၏။ အခြား​သော​သူ​တို့​မူကား ဘုရင်​၏​အစေအပါး​တို့​ကို​ဖမ်းဆီး​လျက် နှိပ်စက်​ကာ သတ်ဖြတ်​ကြ​၏။ ထိုအခါ ဘုရင်​သည် အမျက်ထွက်​၍ သူ​၏​စစ်သား​များ​ကို​စေလွှတ်​ကာ ထို​လူသတ်သမား​တို့​ကို​ဖျက်ဆီး​စေ​ပြီး သူ​တို့​၏​မြို့​ကို​မီးရှို့​စေ​၏။ ထို့နောက် သူ​၏​အစေအပါး​တို့​အား ‘မင်္ဂလာဆောင်​ပွဲ​သည် အဆင်သင့်​ဖြစ်​သော်လည်း ဖိတ်ခေါ်​ထား​သော​သူ​တို့​သည် မ​ထိုက်တန်​ကြ​သောကြောင့် လမ်းဆုံလမ်းခွ​များ​သို့​သွား​၍ တွေ့​သမျှ​သော​သူ​တို့​ကို မင်္ဂလာဆောင်​ပွဲ​သို့ ဖိတ်ခေါ်​ကြ​လော့’​ဟု မိန့်​တော်မူ​၏။ ထိုအခါ အစေအပါး​တို့​သည် လမ်း​များ​သို့​သွား​၍ လူ​ဆိုး​ဖြစ်စေ၊ လူ​ကောင်း​ဖြစ်စေ တွေ့​သမျှ​သော​သူ​တို့​ကို စုဝေး​စေ​ကြ​သဖြင့် မင်္ဂလာဆောင်​ပွဲ​သည် ဧည့်သည်​များ​နှင့်​ပြည့်​သွား​လေ​၏။ ဘုရင်​သည် ဧည့်သည်​များ​ကို​ကြည့်ရှု​ရန် ကြွလာ​သောအခါ ထို​နေရာ​၌ မင်္ဂလာဆောင်​ပွဲထိုင်​ဝတ်စုံ​မ​ဝတ်​ထား​သော​လူ​တစ်​ယောက်​ကို မြင်​လျှင် ‘အဆွေ၊ သင်​သည် မင်္ဂလာဆောင်​ပွဲထိုင်​ဝတ်စုံ​ကို​မ​ဝတ်​ဘဲ မည်ကဲ့သို့ ဤ​နေရာ​သို့​ဝင်​လာ​သနည်း’​ဟု ထို​သူ​အား မေး​တော်မူ​၏။ သို့သော် သူ​သည် နှုတ်ဆိတ်​လျက်​နေ​လေ​၏။ ထိုအခါ ဘုရင်​က ‘ထို​သူ​၏​ခြေ​နှင့်​လက်​တို့​ကို​ချည်နှောင်​၍ သူ့​ကို အပြင်​ဘက်​အမှောင်​ထဲသို့ နှင်ထုတ်​ကြ​လော့။ ထို​နေရာ​၌ ငိုကြွေး​ခြင်း​နှင့်​အံကြိတ်​ခြင်း​ရှိ​လိမ့်မည်’​ဟု အစေခံ​တို့​အား မိန့်​တော်မူ​၏။ အကြောင်းမူကား ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သော​သူ​တို့​သည် များစွာ​ရှိ​ကြ​သော်လည်း ရွေးကောက်​ခံရ​သော​သူ​တို့​သည် နည်း​ကြ​၏”​ဟု မိန့်​တော်မူ​၏။ ထိုအခါ ဖာရိရှဲ​တို့​သည် ထွက်သွား​၍ ကိုယ်တော်​ကို နှုတ်​တော်​ထွက်​စကား​ဖြင့် အကွက်ဆင်​ဖမ်း​နိုင်​ရန် တိုင်ပင်​ဆွေးနွေး​ကြ​၏။ ထို့နောက် သူ​တို့​၏​တပည့်​များ​ကို ဟေရုဒ်​၏​လူ​များ​နှင့်အတူ အထံ​တော်​သို့​စေလွှတ်​ကာ “ဆရာ၊ ဆရာ​သည် ဖြောင့်မှန်​သော​သူ​ဖြစ်​ပြီး ဘုရားသခင်​၏​တရား​လမ်း​ကို သမ္မာတရား​နှင့်အညီ သွန်သင်​ကြောင်း​ကို​လည်းကောင်း၊ လူ့​မျက်နှာ​ကို​မ​ထောက်​သောကြောင့် မည်သူ့​ကို​မျှ အား​မ​နာ​ကြောင်း​ကို​လည်းကောင်း အကျွန်ုပ်​တို့​သိ​ကြ​ပါ​၏။ သို့ဖြစ်၍ ဆရာ​မည်သို့​ထင်မြင်​ကြောင်း အကျွန်ုပ်​တို့​အား ပြောပြ​ပါ။ ဆီဇာ​ဧကရာဇ်​ကို အခွန်​ဆက်သ​ခြင်း​သည် တရား​တော်​နှင့်​ညီ​သလော​၊ သို့မဟုတ် မ​ညီ​သလော”​ဟု မေးလျှောက်​စေ​ကြ​၏။ သို့သော် ယေရှု​သည် သူ​တို့​၏​ဆိုးညစ်​မှု​ကို​သိ​တော်မူ​၍“သူတော်ကောင်း​ယောင်ဆောင်​သော​သူ​တို့၊ အဘယ်ကြောင့် ငါ့​ကို​စမ်းသပ်​ကြ​သနည်း။ အခွန်​ငွေဒင်္ဂါး​တစ်​ပြား​ကို ငါ့​အား​ပြ​ကြ​လော့”​ဟု မိန့်​တော်မူ​လျှင် သူ​တို့​သည် ဒေနာရိ​တစ်​ပြား​ကို အထံ​တော်​သို့​ယူလာ​ကြ​၏။ ကိုယ်တော်​က​လည်း“ဤသည်ကား မည်သူ​၏​ပုံ၊ မည်သူ​၏​ကမ္ပည်းစာ​ဖြစ်​သနည်း”​ဟု မေး​တော်မူ​လျှင် သူ​တို့​က “ဆီဇာ​ဧကရာဇ်​၏​ပုံ​နှင့်​ကမ္ပည်းစာ​ဖြစ်​ပါ​သည်”​ဟု လျှောက်​ကြ​၏။ ကိုယ်တော်​က​လည်း“သို့ဖြစ်လျှင် ဆီဇာ​ဧကရာဇ်​နှင့်ဆိုင်သော​အရာ​များ​ကို ဆီဇာ​ဧကရာဇ်​အား​ဆက်သ​၍ ဘုရားသခင်​နှင့်ဆိုင်သော​အရာ​များ​ကို ဘုရားသခင်​အား​ဆက်သ​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ သူ​တို့​သည် ထို​စကား​ကို​ကြား​ရ​သောအခါ အံ့ဩ​၍ ကိုယ်တော်​ထံမှ ထွက်သွား​ကြ​၏။