YouVersion လိုဂို
ရှာရန် အိုင်ကွန်

တိတုဩဝါဒစာ 3:1-9

တိတုဩဝါဒစာ 3:1-9 MSBU

အုပ်ချုပ်​သူ​များ​နှင့်​အာဏာပိုင်​များ​ကို နာခံ​လျက် ထို​သူ​တို့​၏​စကား​ကို​နားထောင်​ရန်​လည်းကောင်း၊ ကောင်း​သော​အမှု​ရှိသမျှ​တို့​အတွက် အသင့်​ရှိ​ရန်​လည်းကောင်း၊ မည်သူ့​ကို​မျှ စော်ကား​ပြောဆို​ခြင်း၊ ရန်တွေ့​ခြင်း​မ​ပြု​ဘဲ ညင်သာ​သော​သဘော​ရှိ​လျက် လူ​အပေါင်း​တို့​အပေါ် နူးညံ့​သိမ်မွေ့​ခြင်း​ကို​ပြသ​ရန်​လည်းကောင်း သူ​တို့​အား သတိပေး​နှိုးဆော်​လော့။ အကြောင်းမူကား တစ်ချိန်က ငါ​တို့​သည်​လည်း မိုက်မဲ​သော​သူ၊ နာခံ​ခြင်း​မ​ရှိ​သော​သူ၊ လမ်းလွဲ​သော​သူ​များ​ဖြစ်​ကြ​ပြီး အမျိုးမျိုး​သော တပ်မက်​ခြင်း​နှင့်​ကာမဂုဏ်​ခံစား​ခြင်း​တို့​၌​ကျွန်ခံ​၍ မကောင်းမှု​နှင့်​မလိုမုန်းထား​ခြင်း​တို့​၌​ကျင်လည်​ကြ​ကာ မုန်းတီး​ခြင်း​ခံရ​လျက် အချင်းချင်း​ကို​လည်း​မုန်းတီး​လျက်​နေ​ကြ​၏။ သို့သော် ငါ​တို့​ကယ်တင်ရှင်​ဘုရားသခင်​၏​ကျေးဇူးပြု​ခြင်း​နှင့်​ချစ်ခင်​ကြင်နာ​ခြင်း​တို့ ပေါ်ထွန်း​တော်မူ​သောအခါ ကိုယ်တော်​သည် ငါ​တို့​ပြု​ခဲ့​သည့် ဖြောင့်မတ်​သော​အကျင့်​အားဖြင့်​မ​ဟုတ်​ဘဲ မိမိ​၏​ကရုဏာ​တော်​နှင့်အညီ အသစ်​မွေးဖွား​ခြင်း​နှင့်ဆိုင်သော​ဆေးကြော​ခြင်း​နှင့် သန့်ရှင်း​သော​ဝိညာဉ်​တော်​၏​အသစ်​ပြုပြင်​ခြင်း​တို့​အားဖြင့် ငါ​တို့​ကို ကယ်တင်​တော်မူ​၏။ ဘုရားသခင်​သည် ထို​ဝိညာဉ်​တော်​ကို ငါ​တို့​၏​ကယ်တင်ရှင်​ယေရှု​ခရစ်တော်​အားဖြင့် ငါ​တို့​အပေါ် ကြွယ်ဝ​စွာ​သွန်းလောင်း​တော်မူ​၏။ ဤသည်ကား ငါ​တို့​သည် ကိုယ်တော်​၏​ကျေးဇူး​တော်​အားဖြင့် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​လျက် ထာဝရ​အသက်​ကို​မျှော်လင့်​ခြင်း​အားဖြင့် အမွေခံ​ဖြစ်လာ​ကြ​မည့်​အကြောင်း​တည်း။ ဤ​စကား​သည် သစ္စာ​စကား​ဖြစ်​၏။ ဘုရားသခင်​ကို​ယုံကြည်​သော​သူ​တို့​သည် ကောင်း​သော​အမှု​တို့​ကို​ပါဝင်​လုပ်ဆောင်​ရန် အမြဲ​ဂရုစိုက်​ကြ​မည့်​အကြောင်း ငါ​သည် သင့်​အား ဤ​အရာ​များ​အတွက် အခိုင်အမာ​ရပ်တည်​စေ​လို​၏။ ဤ​အရာ​များ​သည် ကောင်းမြတ်​၍ လူ​တို့​အတွက်​အကျိုး​ရှိ​၏။ သို့သော် မိုက်မဲ​သော​အငြင်းပွား​မှု​များ၊ ဆွေစဉ်မျိုးဆက်​စာရင်း​များ၊ ပဋိပက္ခ​ဖြစ်​ခြင်း​နှင့် ပညတ်​တရား​ကြောင့် ခိုက်ရန်​ဖြစ်​ခြင်း​တို့​ကို ရှောင်ကြဉ်​လော့။ အကြောင်းမူကား ထို​အရာ​တို့​သည် အကျိုးမဲ့​၍ အချည်းနှီး​ဖြစ်​ကြ​၏။