YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာခရစ်ဝင် 23:1-43

ရှင်လုကာခရစ်ဝင် 23:1-43 MSBU

ထို့နောက် တရား​လွှတ်တော်​၌​စုဝေး​သော​သူ​အပေါင်း​တို့​သည် ထ​၍ ကိုယ်တော်​ကို ပိလတ်​မင်း​ရှေ့သို့​ခေါ်ဆောင်​သွား​ပြီးလျှင် “ဤ​သူ​သည် ဆီဇာ​ဧကရာဇ်​အား အခွန်​တော်​မ​ဆက်သ​ရန်​တားမြစ်​ကာ မိမိကိုယ်ကို ခရစ်တော်​တည်းဟူသော​ဘုရင်​တစ်​ပါး​ဖြစ်​ကြောင်း​ပြောဆို​၍ အကျွန်ုပ်​တို့​၏​ပြည်သူ​လူထု​ကို ဖောက်ပြန်​လမ်းလွဲ​စေ​ကြောင်း အကျွန်ုပ်​တို့​တွေ့ရှိ​ရ​ပါ​သည်”​ဟု ကိုယ်တော်​ကို​စွပ်စွဲ​ပြောဆို​ကြ​၏။ ပိလတ်​မင်း​က​လည်း “သင်​သည် ဂျူး​လူမျိုး​တို့​၏​ဘုရင်​လော”​ဟု ကိုယ်တော်​အား မေး​လျှင် ကိုယ်တော်​က“သင်​ပြော​သည့်​အတိုင်း​ပေတည်း”​ဟု ပြန်ဖြေ​တော်မူ​၏။ ထိုအခါ ပိလတ်​မင်း​သည် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် လူထု​ပရိသတ်​တို့​အား “ဤ​သူ​၌ အပြစ်​တစ်စုံတစ်ခု​ကို​မျှ ငါ​မ​တွေ့”​ဟု ဆို​၏။ သို့သော် သူ​တို့​က “သူ​သည် ဂါလိလဲ​နယ်​မှစ၍ ဤ​အရပ်​ဒေသ​တိုင်အောင် ယုဒ​နယ်​တစ်နယ်လုံး​၌​သွန်သင်​လျက် လူထု​ကို​လှုံ့ဆော်​ခဲ့​ပါ​သည်”​ဟု အပြင်းအထန်​ပြောဆို​ကြ​၏။ ပိလတ်​မင်း​သည် ထို​စကား​ကို​ကြား​လျှင် ဤ​သူ​သည် ဂါလိလဲ​နယ်သား​ဖြစ်​သလော​ဟု​မေးမြန်း​ပြီးမှ ဟေရုဒ်​အုပ်စိုး​သည့်​နယ်​မှ​ဖြစ်​ကြောင်း သိ​သောအခါ ကိုယ်တော်​ကို ဟေရုဒ်​ထံသို့​ပို့​လိုက်​၏။ ထို​အချိန်​တွင် ဟေရုဒ်​သည်​လည်း ဂျေရုဆလင်​မြို့​၌​ရောက်ရှိ​နေ​၏။ ဟေရုဒ်​သည် ယေရှု​ကို​မြင်​လျှင် အလွန်​ဝမ်းမြောက်​လေ​၏။ အကြောင်းမူကား သူ​သည် ကိုယ်တော်​အကြောင်း​ကို​ကြားသိ​ထား​၍ ကိုယ်တော်​ကို​တွေ့မြင်​လို​သည်​မှာ အချိန်​ကြာမြင့်​ပြီ​ဖြစ်​ပြီး​ကိုယ်တော်​ပြု​သည့် နိမိတ်​လက္ခဏာ​တစ်စုံတစ်ခု​ကို​မြင်​ရ​ရန်​မျှော်လင့်​နေ​၏။ သို့ဖြစ်၍ သူ​သည် ကိုယ်တော်​ကို​မေးခွန်း​များစွာ​မေး​လေ​၏။ သို့သော် ကိုယ်တော်​သည် မည်သည့်​အရာ​ကို​မျှ ဖြေကြား​တော်​မ​မူ​ခဲ့​ချေ။ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် ကျမ်းပြု​ဆရာ​များ​သည် ထ​၍ ကိုယ်တော်​ကို​ပြင်းထန်​စွာ​စွပ်စွဲ​ကြ​၏။ ဟေရုဒ်​သည်​လည်း မိမိ​စစ်သား​များ​နှင့်အတူ ကိုယ်တော်​ကို​မထီမဲ့မြင်​ပြု​လျက် ပြောင်လှောင်​ကာ တင့်တယ်​သော​ဝတ်လုံ​ကို​ဝတ်​စေ​ပြီးလျှင် ပိလတ်​မင်း​ထံသို့ ပြန်​ပို့​လေ​၏။ ဟေရုဒ်​နှင့်​ပိလတ်​မင်း​တို့​သည် ယခင်​က တစ်ဦး​နှင့်​တစ်ဦး​ရန်ဘက်​ဖြစ်​ခဲ့​သော်လည်း ထို​နေ့​တွင် မိတ်ဆွေ​ဖြစ်လာ​ကြ​၏။ ပိလတ်​မင်း​သည် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ၊ အုပ်ချုပ်သူ​များ​နှင့် လူ​များ​ကို စုဝေး​စေ​၍ “သင်​တို့​သည် လူထု​ကို​မှားယွင်း​စေရန်​လှုံ့ဆော်​သူ​အဖြစ် ဤ​သူ​ကို ငါ့​ထံသို့​ခေါ်ဆောင်​လာ​ကြ​၏။ သို့သော် ကြည့်​လော့။ ငါ​သည် သင်​တို့​ရှေ့​မှာ​ပင် သူ့​ကို​စစ်ဆေး​ခဲ့​သော်လည်း ဤ​သူ​အပေါ် သင်​တို့​စွပ်စွဲ​သည့်​အပြစ်​တစ်စုံတစ်ခု​မျှ​မ​တွေ့။ ဟေရုဒ်​သည်​လည်း အပြစ်​မ​တွေ့​သဖြင့် သူ့​ကို ငါ​တို့​ထံသို့ ပြန်​ပို့​လိုက်​၏။ သူ​သည် သေ​ထိုက်​သော​အပြစ်​တစ်စုံတစ်ခု​ကို​မျှ မ​ပြု​ခဲ့​ချေ။ ထို့ကြောင့် သူ့​ကို​ဆုံးမ​ပြီး လွှတ်​လိုက်​မည်”​ဟု ဆို​၏။ [ထိုသို့​ဆို​ခြင်း​မှာ ပိလတ်​မင်း​သည် ပွဲတော်​တွင် လူ​တစ်​ဦး​ကို လွှတ်​ပေး​ရ​သောကြောင့်​ဖြစ်​၏။] သို့သော် သူ​တို့​က “ထို​သူ​ကို​သုတ်သင်​လိုက်​ပါ။ အကျွန်ုပ်​တို့​အတွက် ဗာရဗ္ဗ​ကို​လွှတ်​ပေး​ပါ”​ဟု တစ်ပြိုင်တည်း​အော်ဟစ်​ကြ​၏။ ဗာရဗ္ဗ​သည် မြို့​ထဲတွင်​ဖြစ်​ခဲ့​သည့် ဆူပူ​အုံကြွ​မှု​နှင့် လူသတ်မှု​တို့​ကြောင့် ထောင်​ထဲ၌ ထည့်​ထား​ခြင်း​ခံရ​သူ​ဖြစ်​၏။ ပိလတ်​မင်း​သည် ယေရှု​ကို​လွှတ်​လို​၍ လူ​တို့​အား နောက်တစ်ဖန်​မိန့်ကြား​လေ​၏။ သို့သော် သူ​တို့​က “လက်ဝါးကပ်တိုင်​ပေါ်၌​တင်​လိုက်​ပါ။ သူ့​ကို​လက်ဝါးကပ်တိုင်​ပေါ်၌​တင်​လိုက်​ပါ”​ဟု အော်ဟစ်​ကြ​၏။ ပိလတ်​မင်း​က​လည်း “အဘယ်ကြောင့်​နည်း။ ဤ​သူ​သည် မည်သည့်​မကောင်းမှု​ကို​ပြု​ခဲ့​သနည်း။ ငါ​သည် သူ​၌ သေ​ထိုက်​သော​အပြစ်​ကို​မ​တွေ့။ ထို့ကြောင့် သူ့​ကို​ဆုံးမ​ပြီး လွှတ်​လိုက်​မည်”​ဟု တတိယ​အကြိမ် သူ​တို့​အား ဆို​လေ​၏။ သို့သော် လူ​တို့​သည် ကိုယ်တော်​ကို လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ရန် ကျယ်လောင်​သော​အသံ​ဖြင့် မရမက​တောင်းဆို​ကြ​သဖြင့် သူ​တို့​၏​အသံ​များ​သည် အနိုင်ရ​သွား​လေ​၏။ ထိုအခါ ပိလတ်​မင်း​သည် သူ​တို့​၏​တောင်းဆို​ချက်​အတိုင်း​လုပ်​ပေး​ရန် စီရင်​ဆုံးဖြတ်​၍ ဆူပူ​အုံကြွ​မှု​နှင့် လူသတ်မှု​တို့​အတွက် ထောင်​ထဲ၌ ထည့်​ထား​ခြင်း​ခံရ​သူ​ကို သူ​တို့​တောင်းဆို​သည့်​အတိုင်း လွှတ်​ပေး​ပြီး ယေရှု​ကို​မူ သူ​တို့​ဆန္ဒ​အတိုင်း​ပြု​ရန် အပ်နှံ​လိုက်​လေ​၏။ သူ​တို့​သည် ကိုယ်တော်​ကို ခေါ်ဆောင်​သွား​ကြ​စဉ် တောရွာ​မှ​လာ​သော ကုရေနေ​မြို့သား​ရှိမုန်​ကို​ဖမ်းဆီး​၍ သူ့​အပေါ်၌ လက်ဝါးကပ်တိုင်​ကို​တင်​လျက်​ထမ်း​စေ​ကာ ယေရှု​၏​နောက်​မှ လိုက်​စေ​ကြ​၏။ လူ​အမြောက်အမြား​နှင့်တကွ ကိုယ်တော်​အတွက် ရင်ဘတ်​စည်တီး​လျက်​မြည်တမ်း​နေ​ကြ​သော အမျိုးသမီး​တို့​သည် ကိုယ်တော်​၏​နောက်​မှ​လိုက်​သွား​ကြ​၏။ ယေရှု​သည် ထို​အမျိုးသမီး​တို့​ဘက်​သို့​လှည့်​၍“ဂျေရုဆလင်​မြို့​၏​သမီး​တို့၊ ငါ့​အတွက်​မ​ငိုကြွေး​ကြ​နှင့်။ သင်​တို့​နှင့် သင်​တို့​၏​သားသမီး​များ​အတွက်​သာ ငိုကြွေး​ကြ​လော့။ အကြောင်းမူကား မြုံ​သော​မိန်းမ၊ သန္ဓေ​မ​လွယ်​ဖူး​သော​ဝမ်း​နှင့် သူငယ်​မ​စို့​ဖူး​သော​သားမြတ်​တို့​သည် မင်္ဂလာရှိ​၏​ဟု​ဆို​ကြ​မည့်​နေ့ရက်​များ​ရောက်လာ​လိမ့်မည်။ ထိုအခါ လူ​တို့​သည် တောင်​များ​အား ‘ငါ​တို့​အပေါ်သို့​ပြိုကျ​ကြ​ပါ’​ဟူ၍​လည်းကောင်း၊ တောင်ကုန်း​များ​အား ‘ငါ​တို့​ကို​ဖုံးအုပ်​ကြ​ပါ’​ဟူ၍​လည်းကောင်း ဆို​ကြ​လိမ့်မည်။ အကြောင်းမူကား သူ​တို့​သည် စိမ်းစို​သော​အပင်​ကို ဤသို့​ပြု​ကြ​လျှင် ခြောက်သွေ့​သော​အပင်​၌ မည်သို့​ဖြစ်​လိမ့်မည်​နည်း”​ဟု မိန့်​တော်မူ​၏။ သူ​တို့​သည် ရာဇဝတ်သား​နှစ်​ယောက်​တို့​ကို​လည်း ကိုယ်တော်​နှင့်အတူ​သတ်​ရန် ခေါ်ဆောင်​သွား​ကြ​၏။ ဦးခေါင်းခွံ​ဟု​ခေါ်ဝေါ်​သော​အရပ်​သို့​ရောက်​သောအခါ သူ​တို့​သည်​ကိုယ်တော်​ကို လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ကြ​ပြီး ရာဇဝတ်သား​တို့​ကို​လည်း လက်ယာ​တော်​ဘက်​တွင်​တစ်​ယောက်၊ လက်ဝဲ​တော်​ဘက်​တွင်​တစ်​ယောက် လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ကြ​၏။ ထိုအခါ ယေရှု​က“အို အဖ၊ သူ​တို့​သည် မိမိ​တို့​ပြု​နေ​သော​အမှု​ကို မ​သိ​ကြ​သည်​ဖြစ်၍ သူ​တို့​ကို​ခွင့်လွှတ်​တော်မူ​ပါ”​ဟု မြွက်ဆို​တော်မူ​၏။ သူ​တို့​သည် ကိုယ်တော်​၏​အဝတ်​တော်​များ​ကို မဲ​ချ​၍​ခွဲဝေ​ကြ​၏။ လူ​တို့​သည်​ရပ်​လျက်​ကြည့်​နေ​ကြ​၏။ အကြီးအကဲ​တို့​မူကား ကိုယ်တော်​ကို​ပြက်ရယ်ပြု​၍ “ဤ​သူ​သည် အခြား​သူ​များ​ကို​ကယ်တင်​ခဲ့​၏။ သူ​သည် ဘုရားသခင်​ရွေးကောက်​တော်မူ​သော​ခရစ်တော်​ဖြစ်​လျှင် မိမိကိုယ်ကို​ကယ်တင်​ပါစေ”​ဟု ပြောဆို​ကြ​၏။ စစ်သား​တို့​သည်​လည်း ကိုယ်တော်​ကို​ပြောင်လှောင်​ကြ​ပြီး ကိုယ်တော်​ထံသို့​ချဉ်းကပ်​လျက် ဝိုင်ချဉ်​ကို​တိုက်​ကာ “သင်​သည် ဂျူး​လူမျိုး​တို့​၏​ဘုရင်​ဖြစ်​လျှင် သင့်ကိုယ်သင်​ကယ်တင်​ပါ”​ဟု ဆို​ကြ​၏။ ကိုယ်တော်​၏​အပေါ်​ဘက်​၌​ကား “ဤ​သူ​သည် ဂျူး​လူမျိုး​တို့​၏​ဘုရင်​ဖြစ်​၏”​ဟူသော​ကမ္ပည်းစာ​ကို​တပ်​ထား​၏။ ဆွဲ​ထား​ခြင်း​ခံရ​သော​ရာဇဝတ်သား​တို့​ထဲမှ တစ်​ဦး​သည်​လည်း ကိုယ်တော်​ကို​စော်ကား​လျက် “သင်​သည် ခရစ်တော်​မ​ဟုတ်​လော။ သင့်ကိုယ်သင်​ကယ်တင်​၍ ငါ​တို့​ကို​လည်း​ကယ်တင်​လော့”​ဟု ဆို​၏။ သို့သော် အခြား​တစ်​ဦး​သည် သူ့​ကို​ဆုံးမ​၍ “သင်​သည် သူ​နှင့်​တူညီ​သော​ပြစ်ဒဏ်​စီရင်​ခြင်း​ကို​ခံရ​လျက်​ပင် ဘုရားသခင်​ကို​မ​ကြောက်​သလော။ ငါ​တို့​သည် ငါ​တို့​ပြု​ခဲ့​သည့်​အမှု​များ​နှင့် ထိုက်သင့်​သော​ဒဏ်​ကို​ခံ​ကြ​ရ​သည်​ဖြစ်၍ အမှန်ပင်​တရား​ပါ​သည်။ ဤ​အရှင်​မူကား မည်သည့်​အပြစ်​ကို​မျှ မ​ပြု​ခဲ့​ပါ”​ဟု ဆို​၏။ ထို့နောက် “ယေရှု၊ ကိုယ်တော်​၏​နိုင်ငံ​တော်​သို့ ကိုယ်တော်​ကြွလာ​တော်မူ​သောအခါ အကျွန်ုပ်​ကို​သတိရ​တော်မူ​ပါ”​ဟု လျှောက်​လေ​၏။ ကိုယ်တော်​က​လည်း“သင့်​အား ငါ​အမှန်​ဆို​မည်။ သင်​သည် ယနေ့​ပင် ငါ​နှင့်အတူ​ပရဒိသု​ဘုံ​၌​ရှိ​မည်”​ဟု သူ့​အား မိန့်​တော်မူ​၏။