YouVersion လိုဂို
ရှာရန် အိုင်ကွန်

သက်သာလောနိတ်ဩဝါဒစာပထမစောင် 5:12-26

သက်သာလောနိတ်ဩဝါဒစာပထမစောင် 5:12-26 MSBU

ညီအစ်ကို​တို့၊ သင်​တို့​ထဲတွင် အားထုတ်​လုပ်ဆောင်​လျက်​၊ သခင်​ဘုရား​၌ သင်​တို့​ကို စီမံ​အုပ်ချုပ်​လျက် သင်​တို့​ကို​သတိပေး​ဆုံးမ​နေ​ကြ​သော​သူ​များ​ကို ကြည်ညို​လေးစား​ကြ​ရန်​လည်းကောင်း၊ သူ​တို့​လုပ်ဆောင်​သော​အမှု​အတွက် မေတ္တာ​စိတ်​နှင့် သူ​တို့​ကို​အထူး​တန်ဖိုးထား​ကြ​ရန်​လည်းကောင်း သင်​တို့​အား ငါ​တို့​တောင်းပန်​ကြ​၏။ သင်​တို့​အချင်းချင်း​သင့်မြတ်​စွာ​နေ​ကြ​လော့။ ညီအစ်ကို​တို့၊ သင်​တို့​အား ငါ​တို့​တိုက်တွန်း​နှိုးဆော်​သည်​ကား စည်းမဲ့​ကမ်းမဲ့​နေ​သော​သူ​တို့​ကို သတိပေး​ဆုံးမ​ကြ​လော့။ စိတ်အားငယ်​သော​သူ​တို့​ကို နှစ်သိမ့်​ကြ​လော့။ အားနည်း​သော​သူ​တို့​ကို ထောက်မ​ကြ​လော့။ လူ​အပေါင်း​တို့​အပေါ် စိတ်ရှည်​သည်းခံ​ကြ​လော့။ မည်သူမျှ သူတစ်ပါး​အပေါ် အဆိုး​ကို​အဆိုး​ဖြင့်​မ​တုံ့ပြန်​ကြ​စေရန် သတိပြု​ကြ​လော့။ အချင်းချင်း​အတွက်​လည်းကောင်း၊ လူ​အပေါင်း​တို့​အတွက်​လည်းကောင်း ကောင်းကျိုး​ကို​သာ အစဉ်​ကြိုးစား​ပြု​ကြ​လော့။ အစဉ်​ဝမ်းမြောက်​ကြ​လော့​။ အမြဲမပြတ် ဆုတောင်း​ကြ​လော့​။ အရာရာ​၌ ကျေးဇူး​တော်​ချီးမွမ်း​ကြ​လော့​။ အကြောင်းမူကား သင်​တို့​သည် ထိုသို့​ပြု​ကြ​ရန် ခရစ်တော်​ယေရှု​၌ ဘုရားသခင်​အလို​ရှိ​တော်မူ​၏​။ ဝိညာဉ်​တော်​၏​အရှိန်​ကို မ​ငြိမ်း​စေ​ကြ​နှင့်။ ပရောဖက်ပြု​ဟောပြော​ခြင်း​ကို မထီမဲ့မြင်​မ​ပြု​ကြ​နှင့်။ သို့သော် အရာ​ခပ်သိမ်း​တို့​ကို​စစ်ဆေး​၍ ကောင်း​သော​အရာ​ကို စွဲကိုင်​ထား​ကြ​လော့။ မကောင်း​မှု​အမျိုးစုံ​တို့​ကို ရှောင်ကြဉ်​ကြ​လော့။ ငြိမ်သက်​ခြင်း​၏​အရှင် ဘုရားသခင်​ကိုယ်တော်​တိုင် သင်​တို့​ကို အကုန်အစင်​သန့်ရှင်း​စေ​တော်မူ​ပါစေသော။ ငါ​တို့​၏​သခင်​ယေရှု​ခရစ်တော်​ကြွလာ​တော်မူ​သောအခါ သင်​တို့​၏​ဝိညာဉ်၊ စိတ်နှလုံး၊ ကိုယ်ခန္ဓာ​ကို အပြစ်တင်​စရာ​မ​ရှိ​စေရန် စောင့်ရှောက်​တော်မူ​ပါစေသော။ သင်​တို့​ကို ခေါ်ယူ​တော်မူ​သော​အရှင်​သည် သစ္စာ​နှင့်​ပြည့်စုံ​သည်​ဖြစ်၍ ထိုသို့​ပြု​တော်မူ​လိမ့်မည်။ ညီအစ်ကို​တို့၊ ငါ​တို့​အတွက်​လည်း ဆုတောင်း​ပေး​ကြ​လော့။ ညီအစ်ကို​အားလုံး​တို့​ကို သန့်ရှင်း​သော​အနမ်း​ဖြင့် နှုတ်ဆက်​ကြ​လော့။