ရောမဩဝါဒစာ 15:23-33
ရောမဩဝါဒစာ 15:23-33 MSBZ
ယခုအခါ ဤအရပ်တို့၌ ငါလုပ်ဆောင်ရမည့်နေရာမရှိတော့သည့်အပြင် သင်တို့ထံသို့လာရန် နှစ်ပေါင်းများစွာကပင် ဆန္ဒရှိခဲ့သည်နှင့်အညီ စပိန်ပြည်သို့ ငါသွားသောအခါ သင်တို့ကို လမ်းကြုံဝင်တွေ့၍ အတော်အတန်အလိုဆန္ဒပြည့်စုံအောင် သင်တို့နှင့်အတူနေပြီးမှ သင်တို့၏ပို့ဆောင်ပေးခြင်းအားဖြင့် ထိုပြည်သို့သွားမည်ဟု ငါမျှော်လင့်ထား၏။ သို့သော် ယခု ငါသည် သန့်ရှင်းသူများ၏အမှုကိုဆောင်ရွက်ရန် ဂျေရုဆလင်မြို့သို့ သွားရမည်။ အဘယ်ကြောင့်ဆိုသော် မာကေဒေါနိပြည်သားနှင့် အခါယပြည်သားတို့သည် ဂျေရုဆလင်မြို့၌ရှိသော သန့်ရှင်းသူများထဲမှ ဆင်းရဲသောသူတို့ကို ကူညီပံ့ပိုးပေးရန် စေတနာစိတ်ရှိကြ၏။ သူတို့သည် စေတနာစိတ်ရှိကြသည်မှန်သကဲ့သို့ ထိုသူတို့အပေါ် အကြွေးတင်သူများလည်းဖြစ်ကြ၏။ အကြောင်းမူကား လူမျိုးခြားတို့သည် ထိုသူတို့၏ဝိညာဉ်ရေးနှင့်ဆိုင်သောအရာများကို မျှဝေခံယူရကြသည်ဆိုလျှင် ရုပ်ဝတ္ထုနှင့်ဆိုင်သောအရာများအားဖြင့် သူတို့၏အမှုကို ဆောင်ရွက်ပေးသင့်၏။ ထို့ကြောင့် ငါသည် ဤအမှုကိစ္စကို ပြီးစီးအောင်ဆောင်ရွက်၍ ဤအလှူပစ္စည်းကို သူတို့အား သေချာစွာအပ်နှင်းပြီးမှ သင်တို့နေရာကိုဖြတ်လျက် စပိန်ပြည်သို့သွားမည်။ သင်တို့ထံသို့ ငါလာသောအခါ ခရစ်တော်၏ကောင်းချီးမင်္ဂလာအပြည့်အစုံနှင့်လာမည်ကို ငါသိ၏။ ညီအစ်ကိုတို့၊ ငါတို့၏သခင်ယေရှုခရစ်တော်နှင့် ဝိညာဉ်တော်၏ချစ်ခြင်းမေတ္တာအားဖြင့် သင်တို့အား ငါတောင်းပန်လိုသည်မှာ ငါသည် ယုဒပြည်ရှိ မယုံကြည်သူတို့၏လက်မှ ကယ်နုတ်ခြင်းခံရပြီး ဂျေရုဆလင်မြို့အတွက် ငါဆောင်ရွက်သောအမှုသည် သန့်ရှင်းသူများရှေ့တွင် နှစ်သက်လက်ခံဖွယ်ဖြစ်သဖြင့် ဘုရားသခင်၏အလိုတော်အားဖြင့် ဝမ်းမြောက်သောစိတ်နှင့် သင်တို့ထံသို့ငါလာ၍ သင်တို့နှင့်အတူ နှစ်သိမ့်သက်သာခြင်းကိုခံစားနိုင်မည့်အကြောင်း ငါနှင့်အတူကြိုးစားအားထုတ်၍ ငါ့အတွက် ဘုရားသခင်ထံဆုတောင်းကြလော့။ ငြိမ်သက်ခြင်း၏အရှင်ဘုရားသခင်သည် သင်တို့အားလုံးနှင့်အတူရှိပါစေသော။ အာမင်။