YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 78:56-72

ဆာလံကျမ်း 78:56-72 MSBZ

သို့သော် သူ​တို့​သည် အမြင့်ဆုံး​သော​ဘုရားသခင်​ကို အကဲစမ်း​၍​ပုန်ကန်​ကြ​၏​။ ကိုယ်တော်​၏​သက်သေခံချက်​တို့​ကို​လည်း မ​စောင့်ထိန်း​ဘဲ မိမိ​တို့​ဘိုးဘေး​များ​ကဲ့သို့ ဖောက်ပြန်​၍ သစ္စာမဲ့​သော​သူ​များ​ဖြစ်​ကြ​၏​။ လိမ်ကောက်​သော​လေး​ကဲ့သို့ အသုံးမကျ​သော​သူ​များ​လည်း​ဖြစ်​ကြ​၏​။ သူ​တို့​သည် မိမိ​တို့​အထွတ်အမြတ်​ထား​ရာ​နေရာ​များ​အားဖြင့် ကိုယ်တော်​ကို​အမျက်ထွက်​စေ​ပြီး မိမိ​တို့​၏​ရုပ်တု​များ​အားဖြင့် ကိုယ်တော်​ကို​သဝန်တို​စေ​ကြ​၏​။ ဘုရားသခင်​သည် ကြားသိ​၍ အမျက်ထွက်​ကာ အစ္စရေး​အမျိုးသား​တို့​ကို လုံးလုံး​စွန့်ပယ်​တော်မူ​၏​။ ထို့ကြောင့် ကိုယ်တော်​သည် ရှိလော​အရပ်​ရှိ ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​ဖြစ်​သည့် လူ​တို့​အလယ်​၌ တည်ဆောက်​ထား​တော်မူ​သော​တဲ​တော်​ကို ပစ်ပယ်​တော်မူ​၏​။ ကိုယ်တော်​သည် မိမိ​၏​အစွမ်းသတ္တိ​ကို သုံ့ပန်း​အဖြစ်​သို့​လည်းကောင်း​၊ မိမိ​၏​ဂုဏ်ကျက်သရေ​ကို ရန်သူ​တို့​၏​လက်​သို့​လည်းကောင်း ပေးအပ်​တော်မူ​၏​။ မိမိ​၏​လူမျိုး​တော်​ကို​လည်း ဓားဘေး​သို့​အပ်နှံ​၍ မိမိ​၏​အမွေ​တော်​ကို အမျက်ထွက်​တော်မူ​၏​။ မီး​သည် ကိုယ်တော်​၏​လူပျို​တို့​ကို​လောင်ကျွမ်း​၍ ကိုယ်တော်​၏​အပျိုကညာ​တို့​သည် မင်္ဂလာ​သီချင်း​များ​ကို မ​ဆို​ရ​ကြ​ပေ​။ ကိုယ်တော်​၏​ယဇ်ပုရောဟိတ်​တို့​သည် ဓားဘေး​ဖြင့်​ကျဆုံး​ကြ​၍ ကိုယ်တော်​၏​မုဆိုးမ​တို့​သည် မ​ငိုကြွေး​ရ​ကြ​ပေ​။ ထိုအခါ ဘုရားရှင်​သည် အိပ်ပျော်​ရာ​မှ​နိုး​လာ​သော​သူ​ကဲ့သို့​လည်းကောင်း​၊ စပျစ်ဝိုင်​အရှိန်ပြေ​သွား​သော စစ်သူရဲ​ကဲ့သို့​လည်းကောင်း နိုးထ​တော်မူ​၍ မိမိ​၏​ရန်သူ​တို့​ကို ရိုက်ထုတ်​တွန်းလှန်​ကာ ထာဝရ​ကဲ့ရဲ့ပြစ်တင်​ခြင်း​ကို သူ​တို့​အပေါ်​သက်ရောက်​စေ​တော်မူ​၏​။ ထို့နောက် ကိုယ်တော်​သည် ယောသပ်​၏​တဲ​ကို​စွန့်ပယ်​၍ ဧဖရိမ်​အမျိုးအနွယ်​ကို​လည်း ရွေးချယ်​တော်​မ​မူ​ဘဲ ယုဒ​အမျိုးအနွယ်​နှင့် မိမိ​ချစ်​တော်မူ​သော​ဇိအုန်​တောင်​ကို ရွေးချယ်​တော်မူ​ပြီး မိမိ​၏​သန့်ရှင်းရာဌာန​တော်​ကို အထွတ်အထိပ်​ကဲ့သို့​လည်းကောင်း​၊ အစဉ်အမြဲ​တည်​စေ​တော်မူ​သော ကမ္ဘာမြေကြီး​ကဲ့သို့​လည်းကောင်း တည်ဆောက်​တော်မူ​၏​။ တစ်ဖန် မိမိ​၏​အစေအပါး​ဒါဝိဒ်​ကို​ရွေးချယ်​ပြီး သူ့​ကို​သိုး​ခြံ​များ​ထဲမှ​ခေါ်ယူ​တော်မူ​၍ သားငယ်​ရှိ​သော​သိုးမ​များ​ကို​ထိန်းကျောင်း​ရာ​မှ မိမိ​၏​လူမျိုး​တော်​ဖြစ်​သော​ယာကုပ်​၊ မိမိ​၏​အမွေ​တော်​ဖြစ်​သော​အစ္စရေး​ကို ထိန်းကျောင်း​စေရန် သူ့​ကို​ခေါ်ဆောင်​လာ​တော်မူ​၏​။ သူ​သည်​လည်း တည်ကြည်​သော​စိတ်နှလုံး​ဖြင့် သူ​တို့​ကို​ထိန်းကျောင်း​၍ ကျွမ်းကျင်​လိမ္မာ​သော​လက်​ဖြင့် သူ​တို့​ကို​ပို့ဆောင်​၏​။