ဆာလံကျမ်း 78:17-31
ဆာလံကျမ်း 78:17-31 MSBZ
သို့သော် သူတို့သည် အမြင့်ဆုံးသောအရှင်ကို ခြောက်သွေ့သောအရပ်တွင်ပုန်ကန်သောအားဖြင့် နောက်တစ်ဖန်ထပ်၍ ကိုယ်တော်ကိုပြစ်မှားကြ၏။ မိမိတို့အလိုရှိသောအစားအစာကိုလည်း တောင်းဆိုခြင်းအားဖြင့် သူတို့၏စိတ်နှလုံးထဲ၌ ဘုရားသခင်ကိုစမ်းသပ်ကြ၏။ သူတို့က “ဘုရားသခင်သည် တောကန္တာရတွင် စားပွဲကိုတည်ခင်းနိုင်ပါမည်လော။ ကျောက်ဆောင်ကိုရိုက်သောအခါ ရေများစီးထွက်လာပါ၏။ စမ်းချောင်းများစီးဆင်းပါ၏။ သို့သော် မုန့်ကိုကား ပေးနိုင်ပါမည်လော။ မိမိလူမျိုးတော်အတွက် အသားကို ပြင်ဆင်ပေးနိုင်ပါမည်လော”ဟု ဘုရားသခင်ကို ဆန့်ကျင်ပြောဆိုကြ၏။ ထို့ကြောင့် ထာဝရဘုရားသည် ထိုစကားကိုကြား၍ အမျက်ထွက်တော်မူ၏။ မီးသည် ယာကုပ်အမျိုးပေါ်၌ ထလောင်၍ အမျက်တော်သည်လည်း အစ္စရေးအမျိုးအပေါ် သက်ရောက်လေ၏။ အကြောင်းမူကား သူတို့သည် ဘုရားသခင်ကိုမယုံကြည်ကြ။ ကိုယ်တော်၏ကယ်တင်ခြင်းကိုလည်း ယုံကြည်ကိုးစားခြင်းမရှိကြ။ သို့သော် ကိုယ်တော်သည် အထက်အရပ်မှမိုးတိမ်တို့ကိုအမိန့်ပေး၍ ကောင်းကင်တံခါးတို့ကိုဖွင့်ကာ သူတို့စားရန် မန္နမုန့်ကိုသူတို့အပေါ်ရွာကျစေပြီး ကောင်းကင်မှကောက်ပဲသီးနှံကို သူတို့အားပေးတော်မူ၏။ လူသည် ကောင်းကင်တမန်တို့၏မုန့်ကို စားခဲ့ရ၏။ ကိုယ်တော်သည် သူတို့အား စားနပ်ရိက္ခာကို ပြည့်စုံကြွယ်ဝစွာပို့ပေးတော်မူ၏။ ကိုယ်တော်သည် အရှေ့လေကို ကောင်းကင်မှထွက်ခွာစေပြီး မိမိ၏အစွမ်းသတ္တိအားဖြင့် တောင်လေကိုတိုက်ခတ်လာစေတော်မူ၏။ ဤသို့ဖြင့် အသားကို မြေမှုန့်နှင့်အမျှ၊ တောင်ပံပါသောငှက်တို့ကို သမုဒ္ဒရာ၏သဲပွင့်နှင့်အမျှ သူတို့အပေါ်ရွာကျစေတော်မူပြီး သူတို့၏စခန်းအတွင်းနှင့် သူတို့နေထိုင်ရာအရပ်ပတ်လည်၌ ကျစေတော်မူ၏။ ထိုသို့ သူတို့၏အာသာဆန္ဒအတိုင်း သူတို့အား ပေးတော်မူသဖြင့် သူတို့သည် ဝလင်စွာစားရကြ၏။ သို့သော် သူတို့၏အာသာဆန္ဒမပြေမီ သူတို့၏အစားအစာသည် သူတို့၏ပါးစပ်ထဲ၌ရှိစဉ်ပင် ဘုရားသခင်၏အမျက်တော်သည် သူတို့အပေါ်သက်ရောက်သဖြင့် သူတို့ထဲမှ အကြံ့ခိုင်ဆုံးသောသူတို့ကို ကွပ်မျက်၍ အစ္စရေးလူပျိုတို့ကို လှဲချတော်မူ၏။