YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံကျမ်း 30:11-23

သုတ္တံကျမ်း 30:11-23 MSBZ

မိမိ​၏​ဖခင်​ကို​ကျိန်ဆဲ​၍ မိမိ​၏​မိခင်​ကို ကောင်းချီး​မ​ပေး​သော​သူ​များ​ရှိ​၏​။ မိမိ​၏​အညစ်အကြေး​ကို မ​ဆေးကြော​ဘဲ ကိုယ့်ကိုယ်ကိုယ်​စင်ကြယ်​သည်​ဟု ထင်မြင်​သော​သူ​များ​ရှိ​၏​။ မျက်နှာ​အလွန်​ထောင်လွှား​၍ မိမိ​မျက်လွှာ​ကို ပင့်​ထား​သော​သူ​များ​ရှိ​၏​။ အဖိနှိပ်​ခံရ​သော​သူ​တို့​ကို မြေကြီး​ပေါ်မှ​လည်းကောင်း​၊ နွမ်းပါး​သော​သူ​တို့​ကို လူထု​ထဲမှ​လည်းကောင်း ဝါးမျို​ပစ်​ရန် သန်လျက်​ကဲ့သို့သော​သွား​နှင့် ဓား​ကဲ့သို့သော​အစွယ်​ရှိ​သော​သူ​များ​ရှိ​၏​။ မျှော့​၌ “​ပေး​ပါ​၊ ပေး​ပါ​”​ဟု ဆို​သော​သမီး​နှစ်​ယောက်​ရှိ​၏​။ အလို​မ​ပြည့်စုံ​နိုင်​သော​အရာ​သုံး​ပါး​မက “​တော်​ပါ​ပြီ​”​ဟု မ​ဆို​တတ်​သော​အရာ​လေး​ပါး​မှာ မရဏာနိုင်ငံ​၊ မြုံ​သော​ဝမ်း​၊ ရေ​မ​ဝ​နိုင်​သော​မြေကြီး​နှင့် “​တော်​ပါ​ပြီ​”​ဟု မ​ဆို​တတ်​သော​မီး​တို့​ဖြစ်​ကြ​၏​။ ဖခင်​ကို​ပြက်ရယ်ပြု​၍ မိခင်​အား​နာခံ​ခြင်း​ကို မထီမဲ့မြင်ပြု​တတ်​သော​မျက်စိ​ကို လျှိုမြောင်​၌​ရှိ​သော​ကျီးကန်း​တို့​သည် ဖောက်ထုတ်​၍ လင်းတ​၏​သားပေါက်​တို့​သည် စား​ကြ​လိမ့်မည်​။ ငါ​အံ့မခန်း​ဖြစ်​ရ​သော​အရာ​သုံး​ပါး​မက ငါ​နား​မ​လည်​နိုင်​သော​အရာ​လေး​ပါး​မှာ မိုးကောင်းကင်​၌​လင်းယုန်​သွား​ရာ​လမ်း​၊ ကျောက်ဆောင်​ပေါ်၌​မြွေ​သွား​ရာ​လမ်း​၊ ပင်လယ်​အလယ်​၌​သင်္ဘော​သွား​ရာ​လမ်း​နှင့် မိန်းမပျို​နှင့်အတူ​ယောက်ျား​သွား​ရာ​လမ်း​တို့​ဖြစ်​ကြ​၏​။ အိမ်ထောင်ရေးဖောက်ပြန်​သော မိန်းမ​၏​လမ်း​သည်​လည်း ထိုနည်းတူ​ဖြစ်​၏​။ သူ​သည် စားသောက်​ပြီးမှ မိမိ​၏​ပါးစပ်​ကို​သုတ်​ပြီး “​မည်သည့်​အပြစ်ဒုစရိုက်​ကို​မျှ ငါ​မ​ပြု​”​ဟု ဆို​တတ်​၏​။ မြေကြီး​လှုပ်ခတ်​ရ​သော​အကြောင်းခြင်း​ရာ​သုံး​ပါး​မက မြေကြီး​မ​ခံ​နိုင်​သော​အကြောင်းခြင်း​ရာ​လေး​ပါး​မှာ ကျွန်​က မင်းပြု​ခြင်း​၊ မိုက်မဲ​သော​သူ​က အစာ​ဝ​ခြင်း​၊ မုန်းစရာ​ကောင်း​သော​မိန်းမ​က လက်ထပ်​ရ​ခြင်း​နှင့် ကျွန်မ​က သူ့​သခင်မ​၏​အမွေ​ကို​ဆက်ခံ​ရ​ခြင်း​တို့​ဖြစ်​ကြ​၏​။