ရှင်လုကာခရစ်ဝင် 11:5-13
ရှင်လုကာခရစ်ဝင် 11:5-13 MSBZ
ထို့နောက် ကိုယ်တော်က“သင်တို့ထဲမှတစ်စုံတစ်ယောက်တွင် မိတ်ဆွေတစ်ဦးရှိသည်ဆိုပါစို့။ သူသည် သန်းခေါင်အချိန်၌ ထိုမိတ်ဆွေထံသွား၍ ‘အဆွေ၊ အကျွန်ုပ်၏မိတ်ဆွေတစ်ဦးသည် ခရီးသွားရာမှ အကျွန်ုပ်ထံသို့ရောက်လာ၏။ အကျွန်ုပ်၌ သူ့ကိုကျွေးရန် မည်သည့်အရာမျှမရှိသောကြောင့် အကျွန်ုပ်အား မုန့်သုံးလုံးချေးပေးပါ’ဟု ဆိုသော်လည်း ထိုသူက ‘ငါ့ကိုအနှောင့်အယှက်မပေးပါနှင့်။ တံခါးပိတ်ထားပြီ။ ငါ့သားသမီးများသည်လည်း ငါနှင့်အတူအိပ်ရာဝင်ကြပြီ။ ငါသည်ထ၍ သင့်အား မည်သည့်အရာကိုမျှမပေးနိုင်ပါ’ဟု အိမ်တွင်းမှ ပြန်ပြောလိမ့်မည်။ သင်တို့အား ငါဆိုမည်။ ထိုသူသည် မိမိမိတ်ဆွေဖြစ်သည်ကိုထောက်၍ မည်သည့်အရာကိုမျှ ထ၍မပေးသော်လည်း အားမလျှော့ဘဲတောင်းဆိုသည်ကိုထောက်၍ လိုသမျှကို ထ၍ပေးလိမ့်မည်။ ထို့ကြောင့် သင်တို့အား ငါဆိုမည်။ တောင်းကြလော့။ တောင်းလျှင် သင်တို့ရကြလိမ့်မည်။ ရှာကြလော့။ ရှာလျှင် သင်တို့တွေ့ကြလိမ့်မည်။ တံခါးကိုခေါက်ကြလော့။ ခေါက်လျှင် သင်တို့ကို ဖွင့်ပေးလိမ့်မည်။ အကြောင်းမူကား တောင်းသောသူတိုင်းသည်ရ၏။ ရှာသောသူသည်လည်းတွေ့၏။ တံခါးခေါက်သောသူကိုလည်း ဖွင့်ပေးလိမ့်မည်။ သင်တို့တွင် မည်သည့်ဖခင်သည် သားက ငါးကိုတောင်းသောအခါ ငါးအစားမြွေကိုပေးမည်နည်း၊ သို့မဟုတ် ကြက်ဥကိုတောင်းသောအခါ ကင်းမြီးကောက်ကိုပေးမည်နည်း။ သင်တို့သည် မကောင်းသောသူများဖြစ်ကြလျက်ပင် သင်တို့၏သားသမီးများအား ကောင်းသောလက်ဆောင်များပေးရမည်ကိုသိကြလျှင် ကောင်းကင်ဘုံရှင်အဖသည် မိမိထံတောင်းလျှောက်သောသူများအား သန့်ရှင်းသောဝိညာဉ်တော်ကို သာ၍ပင် ပေးတော်မူလိမ့်မည်မဟုတ်လော”ဟု မိန့်တော်မူ၏။