ယောရှုမှတ်စာ 21:1-19
ယောရှုမှတ်စာ 21:1-19 MSBZ
လေဝိအမျိုး၏အကြီးအမှူးတို့သည် ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏သားယောရှုနှင့် အစ္စရေးအမျိုးအနွယ်တို့၏အကြီးအမှူးတို့ရှိရာ ခါနာန်ပြည်၊ ရှိလောအရပ်သို့လာ၍ “အကျွန်ုပ်တို့နေစရာမြို့နှင့် အကျွန်ုပ်တို့တိရစ္ဆာန်များအတွက် စားကျက်မြေများကို အကျွန်ုပ်တို့အား ပေးရမည်ဟူ၍ မောရှေမှတစ်ဆင့် ထာဝရဘုရား မိန့်မှာခဲ့ပါသည်”ဟု ဆိုကြ၏။ ထို့ကြောင့် အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရား မိန့်မှာခဲ့သည့်အတိုင်း သူတို့ရသောအမွေမြေထဲမှ လေဝိအမျိုးတို့အား မြို့များနှင့် စားကျက်မြေများကို ခွဲဝေပေး၏။ မဲချရာတွင် ကောဟတ်အမျိုးတို့ မျိုးနွယ်စုအလိုက် မဲကျ၏။ လေဝိအမျိုးအနွယ်၊ ယဇ်ပုရောဟိတ်အာရုန်၏ သားမြေးတို့သည် ယုဒအမျိုးအနွယ်၊ ရှိမောင်အမျိုးအနွယ်၊ ဗင်္ယာမိန်အမျိုးအနွယ်တို့ထံမှ မြို့တစ်ဆယ့်သုံးမြို့ကို ရရှိ၏။ မဲချရာတွင် ကျန်ကောဟတ်အမျိုးတို့သည် ဧဖရိမ်အမျိုးအနွယ်၏မျိုးနွယ်စု၊ ဒန်အမျိုးအနွယ်၊ မနာရှေအမျိုးအနွယ်တစ်ဝက်တို့ထံမှ မြို့ဆယ်မြို့ကို ရရှိ၏။ မဲချရာတွင် ဂေရရှုန်အမျိုးတို့သည် ဣသခါအမျိုးအနွယ်၏မျိုးနွယ်စု၊ အာရှာအမျိုးအနွယ်၊ နဿလိအမျိုးအနွယ်၊ ဗာရှန်ပြည်ရှိ မနာရှေအမျိုးအနွယ်တစ်ဝက်တို့ထံမှ မြို့တစ်ဆယ့်သုံးမြို့ကို ရရှိ၏။ မေရာရိအမျိုးသည် မျိုးနွယ်စုအလိုက် ရုဗင်အမျိုးအနွယ်၊ ဂဒ်အမျိုးအနွယ်၊ ဇာဗုလုန်အမျိုးအနွယ်တို့ထံမှ မြို့တစ်ဆယ့်နှစ်မြို့ကို ရရှိ၏။ ဤသို့ဖြင့် မောရှေအား ထာဝရဘုရား မိန့်မှာခဲ့သည့်အတိုင်း အစ္စရေးအမျိုးသားတို့က လေဝိအမျိုးတို့အား မြို့များနှင့် စားကျက်မြေများကို မဲချခွဲဝေပေးလေ၏။ ယုဒအမျိုးအနွယ်နှင့် ရှိမောင်အမျိုးအနွယ်တို့ရသောအမွေမြေထဲမှ မြို့များကိုအမည်နှင့်တကွ မဲချခွဲဝေပေးခြင်းဖြစ်၏။ လေဝိအမျိုးအနွယ်၊ ကောဟတ်မျိုးနွယ်စုများထဲမှာ အာရုန်၏သားမြေးများသည် ပထမဆုံးမဲကျသောကြောင့် သူတို့အား ထိုမြို့များကို ခွဲဝေပေး၏။ သူတို့အား ယုဒတောင်ပေါ်ဒေသရှိ ဟေဗြုန် ခေါ် ကိရယအာဘမြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများကို ပေးလေ၏။ (အာဘသည် အာနက၏ဖခင်ဖြစ်၏။) ထိုမြို့ဝန်းကျင်ရှိကျေးရွာနှင့် လယ်မြေများကို ယေဖုန္နာ၏သား ကာလက်အား အပိုင်ပေးလေ၏။ ဟေဗြုန်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ လိဗနမြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများကို ယဇ်ပုရောဟိတ်အာရုန်၏သားမြေးတို့အား ပေး၏။ (ဟေဗြုန်မြို့သည် မတော်တဆလူသတ်မိသောသူတို့ ခိုလှုံနိုင်သောမြို့ဖြစ်၏။) ယတ္တိရမြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ ဧရှတမောမြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ ဟောလုန်မြို့နှင့်စားကျက်မြေများ၊ ဒေဗိရမြို့နှင့်စားကျက်မြေများ၊ အဣနမြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ ယုတ္တမြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ ဗက်ရှေမက်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ စသည်ဖြင့် မြို့ကိုးမြို့ကို အမျိုးအနွယ်နှစ်နွယ်ရသောအမွေမြေမှ ခွဲဝေပေးခြင်းဖြစ်၏။ ဗင်္ယာမိန်အမျိုးအနွယ်ရသောအမွေမြေထဲမှ ဂိဗောင်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ ဂေဗမြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ အာနသုတ်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ အာလမုန်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ စသောမြို့လေးမြို့ကို ပေး၏။ အာရုန်၏သားမြေးဖြစ်သောယဇ်ပုရောဟိတ်တို့သည် မြို့ပေါင်းတစ်ဆယ့်သုံးမြို့နှင့် ထိုမြို့တို့ဝန်းကျင်ရှိ စားကျက်မြေတို့ကို ရလေ၏။