ယောဘဝတ္ထု 4:12-21
ယောဘဝတ္ထု 4:12-21 MSBZ
ငါ့နားထဲတွင် တိုးညှင်းသောစကားသံတစ်ခုကို သဲ့သဲ့လေးကြားရ၏။ လူတို့အိပ်မောကျနေချိန် ညစိတ်အာရုံထဲတွင် ပူပန်စရာအတွေးများ ရောက်လာ၍ ကြောက်ရွံ့ထိတ်လန့်ခြင်းသည် ငါ့ကိုဝိုင်းရံသဖြင့် ငါ့အရိုးရှိသမျှတို့သည် တုန်လှုပ်ကြပါ၏။ ဝိညာဉ်တစ်ပါးသည် ငါ့ရှေ့မှရွေ့လျားသွားသဖြင့် ငါ့တစ်ကိုယ်လုံး ကြက်သီးထမိပါ၏။ ထိုဝိညာဉ်သည် မလှုပ်မယှက်ရပ်နေ၏။ သို့သော် သူ့ရုပ်သွင်ကို ငါမဖော်ပြတတ်။ သူ့သဏ္ဌာန်ကိုသာ ငါမြင်ရ၏။ တိတ်ဆိတ်နေ၏။ ထို့နောက် အသံတစ်ခုကို ငါကြားရ၏။ သေမျိုးဖြစ်သောလူသည် ဘုရားသခင်ရှေ့တွင် ဖြောင့်မတ်နိုင်မည်လော။ လူသည် သူ့ကိုဖန်ဆင်းသောအရှင်ရှေ့တွင် စင်ကြယ်နိုင်မည်လော။ မိမိအစေအပါးတို့ကို အယုံအကြည်ရှိတော်မမူ၊ မိမိကောင်းကင်တမန်တို့ကိုပင် အပြစ်ရှိသည်ဟု စီရင်တော်မူလျှင် မြေမှုန့်တွင်အုတ်မြစ်ချထားသောရွှံ့အိမ်၌ နေထိုင်ကြပြီး ပိုးကောင်ကဲ့သို့ အမှုန့်ချေ၍ရသောသူတို့ကိုမူ အဘယ်ဆိုဖွယ်ရှိသနည်း။ သူတို့သည် နေထွက်ချိန်နှင့် နေဝင်ချိန်ကြား၌ပင် အမှုန့်ဖြစ်သွားနိုင်၏။ သတိမထားမိချိန်မှာပင် အစဉ်ပျက်စီးသွားနိုင်၏။ သူတို့တဲဆိုင်းကြိုးဆွဲဖြုတ်ခံရ၏။ သူတို့သည် ဉာဏ်ပညာမဲ့လျက် သေသွားကြရ၏။