YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာကျမ်း 19:1-8

ထွက်မြောက်ရာကျမ်း 19:1-8 MSBZ

အစ္စရေး​အမျိုးသား​တို့​သည် အီဂျစ်​ပြည်​မှ​ထွက်လာ​ပြီးနောက် သုံး​လ​မြောက်​သော​နေ့​၌ သိနာ​တောကန္တာရ​သို့​ရောက်လာ​ကြ​၏​။ ထိုသို့ ရေဖိဒိမ်​အရပ်​မှ ထွက်ခွာ​လာ​၍ သိနာ​တောကန္တာရ​သို့​ရောက်လာ​သော​အစ္စရေး​လူမျိုး​တို့​သည် ထို​တောကန္တာရ​ရှိ သိနာ​တောင်​ရှေ့​၌ စခန်းချ​ကြ​၏​။ မောရှေ​သည် ဘုရားသခင်​ထံသို့​တက်သွား​ရာ ထာဝရဘုရား​သည် သူ့​အား တောင်​ပေါ်မှ ခေါ်​တော်မူ​လျက် “​သင်​သည် ယာကုပ်​အမျိုးအနွယ်​၊ အစ္စရေး​အမျိုးသား​တို့​အား ထာဝရဘုရား​က ‘​ငါ​သည် အီဂျစ်​လူမျိုး​တို့​ကို စီရင်​ခဲ့​ပုံ​၊ သင်​တို့​ကို လင်းယုန်​၏​တောင်ပံ​များ​ပေါ်​တင်​၍ ငါ့​ထံသို့ ခေါ်ဆောင်​လာ​ခဲ့​ပုံ​တို့​ကို သင်​တို့​သိမြင်​ကြ​၏​။ ယခု သင်​တို့​သည် ငါ့​စကား​ကို​သေချာ​စွာ​နားထောင်​၍ ငါ​၏​ပဋိညာဉ်​ကို​စောင့်ထိန်း​လျှင် လူမျိုး​တကာ​တို့​တွင် သင်​တို့​သည် ငါ​ပိုင်​တော်မူ​ရာ​ဘဏ္ဍာ​တော်​ဖြစ်​ကြ​လိမ့်မည်​။ အကယ်စင်စစ် ကမ္ဘာမြေ​တစ်ခွင်လုံး​ကို ငါ​ပိုင်​၏​။ သင်​တို့​သည် ငါ့​အဖို့ နိုင်ငံ​တော်​၏​ယဇ်ပုရောဟိတ်​၊ သန့်ရှင်း​သော​လူမျိုး​တော်​ဖြစ်​ကြ​မည်​’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု ဆင့်ဆို​ရ​မည်​။ ဤသည်ကား အစ္စရေး​အမျိုးသား​တို့​အား သင်​ပြောဆို​ရ​မည့်​စကား​များ​ဖြစ်​၏​။ မောရှေ​သည် ပြန်လာ​၍ လူ​တို့​ထဲမှ သက်ကြီးဝါကြီး​တို့​ကို ခေါ်​ပြီးလျှင် မိမိ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သော ထို​စကား​အလုံးစုံ​တို့​ကို သူ​တို့​ရှေ့မှောက်​၌ ပြန်ပြော​၏​။ လူ​အပေါင်း​တို့​က “​ထာဝရဘုရား​မိန့်ဆို​တော်မူ​သမျှ​တို့​ကို အကျွန်ုပ်​တို့​ပြု​ပါ​မည်​”​ဟု တညီတညွတ်တည်း​ပြန်ဖြေ​ကြ​၏​။ မောရှေ​သည်​လည်း လူ​တို့​၏​စကား​များ​ကို ထာဝရဘုရား​ထံ ပြန်လျှောက်​လေ​၏​။