တရားဟောရာကျမ်း 6:10-15
တရားဟောရာကျမ်း 6:10-15 MSBZ
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့အားပေးမည်ဟု သင်တို့ဘိုးဘေး အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့အား ကျိန်ဆိုတော်မူခဲ့သည့်ပြည်သို့ သင်တို့ကိုပို့ဆောင်တော်မူ၍ သင်တို့မတည်ဆောက်ဘဲ တည်ဆောက်ပြီးသား သာယာဝပြောသောမြို့ကြီးများ၊ သင်တို့မစုဆောင်းဘဲ စုဆောင်းပြီးသားကောင်းသောအရာအမျိုးမျိုးတို့ဖြင့်ပြည့်နေသောအိမ်များ၊ သင်တို့မတူးဘဲ တူးပြီးသားရေတွင်းများ၊ သင်တို့မစိုက်ဘဲ စိုက်ပြီးသား စပျစ်ခြံများနှင့်သံလွင်ခြံများကို သင်တို့ရရှိပြီး ဝလင်စွာ စားရသောအခါ ကျွန်ခံရာအိမ်အီဂျစ်ပြည်မှ သင်တို့ကိုထုတ်ဆောင်တော်မူခဲ့သော ထာဝရဘုရားကို မမေ့လျော့မည့်အကြောင်း သင်တို့ကိုယ်သင်တို့ သတိပြုလော့။ သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ကြောက်ရွံ့ရမည်။ ထိုအရှင်ကိုသာ ဝတ်ပြုရမည်။ ထိုအရှင်၏နာမတော်ကို တိုင်တည်၍ကျိန်ဆိုရမည်။ အခြားဘုရားများ၊ သင်တို့ပတ်လည်ရှိလူမျိုးတို့၏ဘုရားများကို မဆည်းကပ်ရ။ သင်တို့နှင့်အတူရှိတော်မူသော သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သဝန်တိုတတ်သောဘုရားဖြစ်တော်မူ၏။ ထို့ကြောင့် သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့အပေါ်အမျက်ထွက်၍ သင်တို့ကို မြေကြီးပေါ်မှ ဖျက်ဆီးတော်မူမည်ကို စိုးရိမ်ရ၏။