YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာကျမ်း 30:1-10

တရားဟောရာကျမ်း 30:1-10 MSBZ

သင့်​ရှေ့​၌ ငါ​ချထား​သည့် ကောင်းချီးမင်္ဂလာ​နှင့်​ကျိန်ခြင်းအမင်္ဂလာ​ရှိသမျှ​တို့​သည် သင့်​အပေါ်​သို့​ကျရောက်​၍ သင်​၏​ဘုရားသခင်​ထာဝရဘုရား သင့်​ကို​နှင်ထုတ်​တော်မူ​ရာ​အရပ်ရပ်​ရှိ လူမျိုး​တကာ​တို့​အလယ်​တွင် ထို​အရာ​တို့​ကို သင်​ပြန်​၍​နှလုံးသွင်း​လျှင်​၊ သင်​၏​ဘုရားသခင်​ထာဝရဘုရား​ထံသို့ ပြန်လာ​၍ သင်​နှင့်​သင်​၏​သားသမီး​တို့​သည် ယနေ့ သင့်​အား ငါ​မိန့်မှာ​သမျှ​အတိုင်း စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဝိညာဉ်​အကြွင်းမဲ့ စကား​တော်​ကို နားထောင်​လျှင် သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် ဖမ်းဆီးခေါ်ဆောင်​သွား​ခြင်း​ခံရ​သော​သင့်​ကို ပြန်လာ​စေ​၍ သင့်​ကို သနားစုံမက်​တော်မူ​မည်​။ သင်​၏​ဘုရားသခင်​ထာဝရဘုရား သင့်​ကို ကွဲလွင့်​စေ​တော်မူ​ရာ​အရပ်ရပ်​ရှိ လူမျိုး​တကာ​တို့​ထံမှ ပြန်​၍​စုစည်း​စေ​တော်မူ​မည်​။ သင်​သည် မိုးကောင်းကင်​အစွန်း​သို့ နှင်ထုတ်​ခြင်း​ခံရ​လျှင်ပင် သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင့်​ကို ထို​အရပ်​မှ ပြန်လည်​စုစည်း​၍ ထို​အရပ်​မှ ပြန်လည်​ခေါ်ဆောင်​လာ​တော်မူ​မည်​။ သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင့်​ဘိုးဘေး​တို့​ပိုင်ဆိုင်​ခဲ့​သည့်​ပြည်​သို့ သင့်​ကို ပို့ဆောင်​တော်မူ​၍ သင်​သည် ထို​ပြည်​ကို ပိုင်ဆိုင်​ရ​မည်​။ သင့်​ကို​ကောင်းစား​စေ​၍ သင့်​ဘိုးဘေး​တို့​ထက် သင့်​ကို​တိုးပွား​စေ​တော်မူ​မည်​။ သင်​သည် အသက်ရှင်​၍ သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဝိညာဉ်​အကြွင်းမဲ့ ချစ်​မည့်​အကြောင်း သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင့်​စိတ်နှလုံး​၊ သင့်​သားမြေး​တို့​၏​စိတ်နှလုံး​အရေဖျား​ကို လှီး​တော်မူ​မည်​။ သင့်​ရန်သူ​တို့​အပေါ်​၊ သင့်​ကို​မုန်းတီး​၍ ညှဉ်းဆဲ​သော​သူ​တို့​အပေါ် ထို​ကျိန်​ခြင်း​ရှိသမျှ​ကို သင်​၏​ဘုရားသခင်​ထာဝရဘုရား ကျရောက်​စေ​တော်မူ​မည်​။ သင်​မူကား ပြန်လာ​၍ ထာဝရဘုရား​၏​စကား​တော်​ကို​နားထောင်​လျက် ယနေ့ သင့်​အား​ငါ​မိန့်မှာ​သော ကိုယ်တော်​၏​ပညတ်တော်​ရှိသမျှ​ကို လိုက်နာ​လိမ့်မည်​။ သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​လုပ်ဆောင်​လေရာရာ​၌​အောင်မြင်​စေ​တော်မူ​မည့်​အကြောင်း​၊ သင့်​သားသမီး​၊ သင့်​တိရစ္ဆာန်​၏​သားပေါက်​၊ သင့်​မြေ​၏​အသီးအနှံ​ကို​လည်း တိုးပွား​စေ​တော်မူ​မည့်​အကြောင်း​၊ ထာဝရဘုရား​သည် သင်​၏​ဘိုးဘေး​တို့​ကို​ကောင်းစား​စေ​တော်မူ​ရာ​၌ နှစ်သက်အားရ​တော်မူ​သကဲ့သို့ သင်​၌​လည်း နှစ်သက်အားရ​တော်မူ​မည့်​အကြောင်း သင်​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​စကား​တော်​ကို​နားထောင်​လျက် ဤ​ပညတ်တရား​ကျမ်း​၌ ရေးသား​ထား​သော ပညတ်ချက်​များ​၊ ပြဋ္ဌာန်းချက်​များ​ကို စောင့်ထိန်း​ရ​မည်​။ သင်​၏​စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဝိညာဉ်​အကြွင်းမဲ့ သင်​၏​ဘုရားသခင်​ထာဝရဘုရား​ထံ ပြန်လာ​ရ​မည်​။