YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရာဇဝင်ချုပ်ပထမစောင် 12:1-18

ရာဇဝင်ချုပ်ပထမစောင် 12:1-18 MSBZ

ဒါဝိဒ်​သည် ကိရှ​၏​သား​ရှောလု​မင်းကြီး​ကို ဇိကလတ်​မြို့​၌ ရှောင်တိမ်း​နေစဉ် သူ့​ထံသို့​လာ​၍​စစ်ကူတိုက်​ပေး​သော သူရဲကောင်း​များ​မှာ ဤ​သူ​တို့​ဖြစ်​ကြ​၏​။ လေး​ဖြင့် ကျောက်ခဲ​နှင့်​မြား​တို့​ကို လက်ယာ​လက်​၊ လက်ဝဲ​လက်​မရွေး ပစ်ခတ်​နိုင်​သော ဗင်္ယာမိန်​အမျိုး​မှ ရှောလု​မင်းကြီး​၏​ဆွေမျိုးသားချင်း​လေးသည်တော်​များ​၊ ဂိဗာ​မြို့သား ရှေမာ​၏​သား​များ​ဖြစ်​သော အကြီးအမှူး​အဟေဇာ​နှင့် ယောရှ​၊ အာဇမာဝက်​၏​သား​များ​ဖြစ်​သော ယေဇေလ​နှင့် ပေလက်​၊ အာနသုတ်​မြို့သား​ဗေရာခ​နှင့် ယေဟု​၊ စစ်သူရဲ​အယောက်​သုံးဆယ်​တွင်​ပါဝင်​၍ ထို​စစ်သူရဲ​အယောက်​သုံးဆယ်​ကို အုပ်​ရ​သူ ဂိဗောင်​မြို့သား ဣရှမာယ​၊ ယေရမိ​၊ ယဟာဇေလ​၊ ယောဟနန်​၊ ဂေဒရ​မြို့သား ယောဇဗဒ်​၊ ဧလုဇဲ​၊ ယေရိမုတ်​၊ ဗာလျာ​၊ ရှေမရိ​၊ ဟရုဖိ​လူမျိုး​ရှေဖတိ​၊ ကောရ​အမျိုး​များ​ဖြစ်​သော ဧလကာန​၊ ဣရှိယ​၊ အာဇရေလ​၊ ယောဇာ​၊ ယာရှောဗံ​၊ ဂေဒေါ်​မြို့သား ယေရောဟံ​၏​သား​များ​ဖြစ်​သော ယောလာ​နှင့်​ဇေဗဒိ တို့​ဖြစ်​ကြ​၏​။ ဂဒ်​အမျိုး​အချို့​တို့​သည် တောကန္တာရ​ရှိ ဒါဝိဒ်​မင်းကြီး​ခိုလှုံ​ရာ​နေရာ​သို့ လာရောက်​ပူးပေါင်း​ကြ​၏​။ သူ​တို့​သည် ဒိုင်းလွှား​၊ လှံ​တို့​ကို ကိုင်ဆောင်​နိုင်​ပြီး ရဲစွမ်းသတ္တိ​ရှိ​၍ စစ်ရေးလေ့ကျင့်​ထား​သော​သူ​များ​၊ ခြင်္သေ့​ကဲ့သို့​ရဲရင့်​သော​မျက်နှာ​ရှိ​၍ တောင်​ပေါ်​သမင်​ကဲ့သို့ လျင်မြန်​သူ​များ ဖြစ်​ကြ​၏​။ ဧဇာ​သည် အကြီးအမှူး ဖြစ်​ပြီး ဒုတိယ ဩဗဒိ​၊ တတိယ ဧလျာဘ​၊ စတုတ္ထ မိရှမန္န​၊ ပဉ္စမ ယေရမိ​၊ ဆဋ္ဌမ အတ္တဲ​၊ သတ္တမ ဧလျေလ​၊ အဋ္ဌမ ယောဟနန်​၊ နဝမ ဧလဇာဗဒ်​၊ ဒသမ ယေရမိ​၊ ဧကာဒသမ မာခဗာနဲ တို့​ဖြစ်​ကြ​၏​။ ဤ​သူ​တို့​မှာ ဂဒ်​အမျိုးသား​စစ်ဗိုလ်ချုပ်​များ ဖြစ်​၏​။ သူ​တို့​တွင် အငယ်ဆုံး​သူ​သည် လူ​တစ်ရာ​နှင့်​လည်းကောင်း​၊ အကြီးဆုံး​သူ​သည် လူ​တစ်ထောင်​နှင့်​လည်းကောင်း အား​ညီမျှ​၏​။ သူ​တို့​သည် ဂျော်ဒန်​မြစ်​ကမ်းပါး​တစ်လျှောက် ရေလျှံ​နေ​ချိန်​ဖြစ်​သော ပထမ​လ​တွင် မြစ်​ကို​ကူး​ပြီး ချိုင့်ဝှမ်းလွင်ပြင်​၌​နေထိုင်​သူ​အားလုံး​ကို အရှေ့​အနောက် တကွဲတပြားစီ​ဖြစ်​အောင် နှင်ထုတ်​ပစ်​၏​။ အချို့​သော​ဗင်္ယာမိန်​အမျိုးသား​နှင့် ယုဒ​အမျိုးသား​တို့​သည်​လည်း ဒါဝိဒ်​မင်းကြီး​ခိုလှုံ​ရာ​နေရာ​သို့ ရောက်လာ​ကြ​၏​။ ဒါဝိဒ်​မင်းကြီး​က​လည်း သူ​တို့​ကို​ထွက်တွေ့​ပြီး “​သင်​တို့​သည် ငါ့​ကို ကူညီ​လို​၍ ကောင်းကောင်းမွန်မွန်​ရောက်လာ​ခြင်း​ဖြစ်လျှင် ငါ​သည် သင်​တို့​နှင့် တစ်စိတ်တစ်သဘောတည်း ဖြစ်​၏​။ သို့သော် အမှား​မ​ပြု​မိ​သော​ငါ့​ကို ရန်သူ​တို့​လက်​သို့ အပ်​ဖို့ သင်​တို့​လာ​ခြင်း​ဖြစ်လျှင် ငါ​တို့​ဘိုးဘေး​တို့​၏​ဘုရားသခင်​သည် သင်​တို့​ကို စီရင်​တော်မူ​ပါစေသော​”​ဟု မိန့်ဆို​၏​။ ထိုအခါ စစ်သူရဲ​သုံးဆယ်​အုပ် အာမသဲ​အပေါ် ဝိညာဉ်​တော်​သက်ရောက်​လာ​ပြီး “​အို ဒါဝိဒ်​မင်းကြီး​၊ အကျွန်ုပ်​တို့​ကို အရှင်​ပိုင်​ပါ​၏​။ ယေရှဲ​၏​သား​၊ သင်​နှင့်အတူ အကျွန်ုပ်​တို့ ရှိ​ပါ​၏​။ သင်​၌ ငြိမ်သက်​ခြင်း ရှိ​ပါစေသော​။ ငြိမ်သက်​ခြင်း ရှိ​ပါစေသော​။ သင့်​ကို ကူညီ​သူ​တို့​လည်း ငြိမ်သက်​ခြင်း ရှိ​ပါစေသော​။ သင်​၏​ဘုရားသခင်​သည် သင့်​ကို မစ​တော်မူ​လိမ့်မည်​”​ဟု ဆို​၏​။ ထိုအခါ ဒါဝိဒ်​မင်းကြီး​သည် သူ​တို့​ကို​လက်ခံ​ပြီး စစ်ဗိုလ်​များ​အဖြစ် ခန့်ထား​လေ​၏​။