မဿဲ 9

9
လေဖြတ်သူကို ကျန်းမာစေခြင်း
1ထို့နောက် ကိုယ်တော်ယေရှုသည် လှေပေါ်သို့ တက်၍ ဂါလိလဲအိုင်၏တစ်ဖက်ကမ်းသို့ ကူးပြီးနောက် မိမိနေရပ်ဖြစ်သော ကပေရနောင်မြို့သို့ ပြန်ကြွတော်မူ၏။ 2ထိုအချိန်တွင် လူတစ်ချို့သည် ကိုယ်တော်ယေရှုထံသို့ လေဖြတ်နေသောလူတစ်ဦးအား ဖျာပေါ်တွင်တင်၍ သယ်ဆောင်လာကြ၏။ ကိုယ်တော်ယေရှုသည် ထိုသူတို့၏ ယုံကြည်ခြင်းကို မြင်သောအခါ လေဖြတ်နေသောသူအား “မစိုးရိမ်နှင့်။ သင့်အပြစ်ဒုစရိုက်များအား ခွင့်လွှတ်ခြင်းခံရပြီ” ဟုမိန့်တော်မူ၏။
3ထိုအခါ ကျမ်းတတ်ဆရာတစ်ချို့သည် သူတို့၏စိတ်ထဲ၌ ဤသူသည် ဘုရားရှင်ကို ပြစ်မှားပြောဆိုနေသည်ဟု တွေးတောနေကြ၏။
4ကိုယ်တော်က သူတို့၏အတွေးများကို သိမြင်တော်မူသဖြင့် “သင်တို့စိတ်၌ အဘယ်ကြောင့် မကောင်းသောအတွေးများကို တွေးတောနေကြသနည်း။ 5‘သင်၏အပြစ်ဒုစရိုက်များအား ခွင့်လွှတ်ခြင်းခံရပြီ’ ဟုပြောသည်နှင့် ‘ထ၍လမ်းလျှောက်ပါ’ ဟုပြောသည်တွင် မည်သည်က ပို၍လွယ်ကူသနည်း။ 6သို့သော် ဘုရားရှင်စေလွှတ်လိုက်သော လူ့သားတော်သည် ဤကမ္ဘာမြေပေါ်ရှိ အပြစ်ဒုစရိုက်များကို ခွင့်လွှတ်ပေးနိုင်သော အခွင့်အာဏာရှိကြောင်း သင်တို့အား ငါသက်သေပြမည်” ဟုမိန့်ဆိုကာ လေဖြတ်နေသောသူအား “ထလော့။ သင်၏ဖျာကိုကောက်၍ အိမ်သို့ပြန်လော့” ဟု မိန့်တော်မူ၏။ 7ထိုအခါ လေဖြတ်နေသောသူသည် ထ၍ အိမ်သို့ပြန်လေ၏။ 8လူများစွာတို့သည် ထိုအဖြစ်အပျက်ကိုမြင်သောအခါ ကြောက်လန့်သွားကြပြီး လူတို့အား ဤသို့သောအခွင့်အာဏာကို ပေးတော်မူသည့် ဘုရားရှင်၏ဘုန်းတော်ကို ချီးမွမ်းကြလေ၏။
မဿဲကိုခေါ်ယူတော်မူခြင်း
9ထို့နောက် ကိုယ်တော်ယေရှုသည် ထိုနေရာမှ ထွက်ခွာလာလေရာ အခွန်ကောက်သည့်ရုံးခန်းတွင် ထိုင်နေသည့် မဿဲဟုခေါ်သောသူကိုမြင်၍ “ငါ့နောက်သို့ လိုက်လော့” ဟုမိန့်တော်မူလေရာ ထိုသူသည် ထ၍ ကိုယ်တော်၏နောက်သို့ လိုက်လေ၏။
10ထို့နောက် ကိုယ်တော်သည် မဿဲ၏အိမ်သို့သွား၍ စားပွဲတွင်ထိုင်နေစဉ် များစွာသောအခွန်ကောက်သမားများနှင့် အပြစ်ဒုစရိုက်သားများသည် ရောက်လာကြ၍ ကိုယ်တော်နှင့်တကွ သူ၏တပည့်တော်များနှင့်အတူ စားပွဲတွင်ထိုင်ကာ စားသောက်ကြလေ၏။ 11ဤသည်ကို ဖာရိရှဲတို့မြင်သောအခါ ကိုယ်တော်၏တပည့်တော်များအား “သင်တို့၏ဆရာသည် အဘယ်ကြောင့် အခွန်ကောက်သမားများ၊ အပြစ်ဒုစရိုက်သားများနှင့် အတူစားသောက်နေရသနည်း” ဟုမေးမြန်းလေ၏။
12ကိုယ်တော်သည် ကြားတော်မူလျှင် “ကျန်းမာသောသူသည် ဆေးဆရာကို မလိုအပ်ပေ။ နာမကျန်းဖြစ်နေသောသူသည်သာ ဆေးဆရာကို လိုအပ်၏။ 13‘ငါသည်ပူဇော်ပသခြင်းကို အလိုမရှိဘဲ၊ သနားကရုဏာကိုသာ ပို၍အလိုရှိသည်’ ဟူသော ကျမ်းချက်သည် မည်သည်ကိုဆိုလိုခြင်းဖြစ်ကြောင်း သွား၍ လေ့လာကြလော့။ ငါလာရသည့်အကြောင်းသည် ဖြောင့်မတ်မှန်ကန်သည်ဟုမိမိကိုယ်ကို ထင်မှတ်သောသူတို့အတွက်မဟုတ်ဘဲ အပြစ်ဒုစရိုက်သားများအား နောင်တသံဝေဂရစေရန်အတွက်ဖြစ်သည်” ဟုမိန့်တော်မူ၏။
အစာရှောင်ခြင်းနှင့်ဆိုင်သောမေးခွန်း
14ထို့နောက် ရေနှစ်မင်္ဂလာဆရာယောဟန်၏တပည့်များသည် ကိုယ်တော့်ထံသို့ ရောက်ရှိလာကြပြီး ကိုယ်တော်အား “ကျွန်ုပ်တို့နှင့် ဖာရိရှဲများသည် မကြာခဏအစာရှောင်ဆုတောင်းကြသည်။ သို့သော် ကိုယ်တော်၏တပည့်တော်များသည် အဘယ်ကြောင့် အစာရှောင်ဆုတောင်းခြင်းကို မပြုလုပ်ကြသနည်း” ဟုမေးကြ၏။
15ထိုအခါ ကိုယ်တော်က သူတို့အား “သတို့သား၏အပေါင်းအသင်းမိတ်ဆွေများသည် သတို့သားနှင့် အတူရှိနေသည့်အချိန်တွင် ဝမ်းနည်းပူဆွေးကြမည်လော။ သတို့သားကို သူတို့ထံမှ အဝေးသို့ ခေါ်ဆောင်ခံရမည့်နေ့ရောက်လာလိမ့်မည်။ ထိုအချိန်သို့ရောက်သောအခါ သူတို့သည် အစာရှောင်ကြလိမ့်မည်။
16မည်သူကမျှ အဝတ်အဟောင်းအား အဝတ်စအသစ်နှင့် မဖာထေးကြပေ။ ထို့သို့ပြုလျှင် ဖာထေးထားသည့် အဝတ်အသစ်သည် ကျုံ့သွားသည့်အခါ ဖာထေးထားသောနေရာအား ဆွဲဖြဲသကဲ့သို့ဖြစ်ပြီး အပေါက်သည်လည်း ပို၍ကြီးလာလိမ့်မည်ဖြစ်၏။ 17စပျစ်ရည်အသစ်ကိုလည်း သားရေဗူးအဟောင်းထဲသို့ မည်သူကမျှ မထည့်ကြပေ။ ထိုသို့ပြုလျှင် စပျစ်ရည်အသစ်သည် သားရေဗူးအဟောင်းအား ပေါက်ပြဲစေပြီး စပျစ်ရည်သည်လည်း ယိုဖိတ်၍ သားရေဗူးသည်လည်း ပျက်စီးသွားလိမ့်မည်ဖြစ်၏။ ထိုအစား စပျစ်ရည်အသစ်ကို သားရေဗူးအသစ်ထဲ၌ ထည့်မှသာ နှစ်မျိုးစလုံးကို ကောင်းမွန်စွာထိန်းသိမ်းနိုင်မည်ဖြစ်၏” ဟုမိန့်တော်မူ၏။
အသက်ပြန်ရှင်စေခြင်းနှင့် ရောဂါပျောက်ကင်းစေခြင်း
18ကိုယ်တော်သည် ထိုအကြောင်းအရာများကို မိန့်တော်မူနေစဉ်တွင် ဓမ္မရုံတာဝန်ခံတစ်ဦးသည် ကိုယ်တော်ထံသို့လာ၍ ကိုယ်တော်၏ရှေ့တွင်ဒူးထောက်ကာ “အကျွန်ုပ်၏သမီးသည် ယခုပင်သေဆုံးသွားပါ၏။ သို့သော် ကိုယ်တော်ကြွလာပြီး သူမ၏အပေါ်၌ လက်တင်ပေးတော်မူပါက သူမသည်အသက်ပြန်ရှင်မည်ဖြစ်၏” ဟုလျှောက်တင်လေ၏။ 19ထိုအခါ ကိုယ်တော်ယေရှုသည် ထ၍ တပည့်တော်များနှင့်အတူ ထိုလူ၏နောက်သို့ လိုက်တော်မူ၏။
20ထိုစဉ်တွင် တစ်ဆယ့်နှစ်နှစ်ပတ်လုံး သွေးသွန်ရောဂါခံစားနေရသောအမျိုးသမီးတစ်ဦးသည် ကိုယ်တော်ယေရှု၏နောက်သို့ လိုက်ပါလာပြီးလျှင် 21“ငါသည် ကိုယ်တော်၏ဝတ်ရုံတော်ကိုမျှ တို့ထိခွင့်ရလျှင်ပင် ငါ၏ရောဂါသည် ပျောက်ကင်းသွားလိမ့်မည်” ဟုသူမကိုယ်သူမ ပြောဆိုလျက် ကိုယ်တော်၏ဝတ်ရုံအစွန်းကို ထိလိုက်လေ၏။
22ကိုယ်တော်ယေရှုသည် လှည့်ကြည့်၍ ထိုအမျိုးသမီးကိုမြင်တော်မူလျှင် “သမီး၊ မစိုးရိမ်နှင့်။ သင်၏ယုံကြည်ခြင်းသည် သင့်ကိုကျန်းမာစေပြီ” ဟုမိန့်တော်မူ၏။ ထိုအခါ ချက်ချင်းပင် ထိုအမျိုးသမီးသည် ရောဂါပျောက်ကင်းသွားလေ၏။
23ထို့နောက် ကိုယ်တော်သည် ဓမ္မရုံတာဝန်ခံ၏အိမ်သို့ ရောက်သောအခါ ပုလွေမှုတ်သူများသည် အသုဘသီချင်းများ တီးမှုတ်နေကြသည်ကို မြင်တွေ့ရပြီး လူအုပ်ကြီးသည်လည်း အော်ဟစ်ဆူညံနေလျက်ရှိ၏။ 24ထိုအခါ ကိုယ်တော်က ထိုသူတို့အား “အဝေးသို့သွားကြလော့၊ မိန်းကလေးငယ်သည် သေဆုံးသည်မဟုတ်။ အိပ်ပျော်နေခြင်းသာဖြစ်၏” ဟုမိန့်တော်မူလေရာ ထိုသူတို့သည် ကိုယ်တော်အား လှောင်ပြောင်ရယ်မောကြ၏။ 25သို့သော် ကိုယ်တော်သည် လူတို့အား အိမ်အပြင်သို့ ထွက်စေပြီးနောက် အိမ်ထဲသို့ဝင်၍ မိန်းကလေး၏လက်ကို ကိုင်တော်မူလေရာ ထိုမိန်းကလေးသည် ထလာလေ၏။ 26ဤအံ့ဖွယ်သတင်းသည်လည်း ထိုပြည်တစ်ခွင်လုံးသို့ ပျံ့နှံ့သွားလေ၏။
မျက်မမြင်ကို ပြန်မြင်စေခြင်း
27ထို့နောက် ကိုယ်တော်ယေရှုသည် ထိုနေရာမှထွက်ခွာလာတော်မူစဉ် မျက်မမြင်နှစ်ဦးက “ဒါဝိဒ်၏သားတော်၊ ကျွန်ုပ်တို့အား သနားတော်မူပါ” ဟုအော်ဟစ်ကာ ကိုယ်တော်၏နောက်တော်သို့ လိုက်လာကြလေ၏။
28တည်းခိုရာအိမ်ထဲသို့ ဝင်သောအခါ မျက်မမြင်နှစ်ဦးသည် ကိုယ်တော်ထံသို့ ချဉ်းကပ်လာသောကြောင့် ကိုယ်တော်က ထိုသူနှစ်ဦးအား “သင်တို့၏မျက်လုံးများအား ပြန်မြင်စေရန် ငါသည်အမှန်ပင် လုပ်ပေးနိုင်သည်ဟု သင်တို့ယုံကြည်ကြသလော” ဟုမေးတော်မူလျှင် ထိုသူနှစ်ဦးကလည်း “ယုံကြည်ပါ၏၊ အရှင်” ဟုပြန်လည်လျှောက်တင်ကြ၏။
29ထို့နောက် ကိုယ်တော်ယေရှုသည် ထိုသူတို့၏မျက်လုံးများကို တို့ထိကာ “သင်တို့ယုံကြည်သည့်အတိုင်း ဖြစ်စေ” ဟုမိန့်တော်မူလျှင် 30သူတို့၏မျက်စိမြင်လာလေ၏။ ကိုယ်တော်ကလည်း ဤအကြောင်းအရာကို မည်သူ့ကိုမျှ မပြောဆိုကြရန် တင်းကျပ်စွာမိန့်မှာတော်မူ၏။ 31.သို့ရာတွင် ထိုသူတို့သည် ထိုနေရာမှ ထွက်ခွာသွားပြီးနောက် လူတိုင်းကို ပြောပြကြ၍ ကိုယ်တော့်သတင်းကို ထိုဒေသ၌ပျံ့နှံ့စေကြ၏။
မကောင်းဆိုးဝါးကို နှင်ထုတ်တော်မူခြင်း
32ထိုသူတို့ ထွက်ခွာသွားကြစဉ် လူတို့သည် မကောင်းဆိုးဝါးပူးကပ်၍ ဆွံ့အနေသူတစ်ဦးကို ကိုယ်တော်ထံသို့ ခေါ်ဆောင်လာကြသဖြင့် 33ကိုယ်တော်က မကောင်းဆိုးဝါးကို နှင်ထုတ်လိုက်သောအခါ ထိုသူသည် စကားပြန်လည်ပြောဆိုနိုင်လေ၏။ ထို့ကြောင့် လူထုပရိသတ်ကြီးသည်လည်း အလွန်အံ့ဩသွားကြပြီး “အစ္စရေးပြည်တွင် ဤကဲ့သို့သောအဖြစ်အပျက်မျိုးအား တစ်ခါမျှမြင်ဖူးခြင်းမရှိခဲ့ဖူးပါ” ဟုပြောဆိုကြ၏။
34သို့သော် ဖာရိရှဲတို့က “ဤသူသည် မကောင်းဆိုးဝါးတို့၏ဘုရင်ကို အမှီပြု၍ မကောင်းဆိုးဝါးကို နှင်ထုတ်ခြင်းဖြစ်သည်” ဟုပြောဆိုကြ၏။
ရိတ်သိမ်းခြင်း၏အရှင်
35ထို့နောက် ကိုယ်တော်ယေရှုသည် မြို့ရွာများအနှံ့သွား၍ ဂျူးဓမ္မာရုံများတွင် ဘုရားရှင်၏သာသနာတော်နှင့် သက်ဆိုင်သော မင်္ဂလာသတင်းကောင်းကို ဟောပြောတော်မူ၏။ ထို့အပြင် လူတို့၏ အနာရောဂါအမျိုးမျိုးနှင့် ဖျားနာခြင်းအမျိုးမျိုးတို့ကိုလည်း ပျောက်ကင်းစေတော်မူ၏။ 36ကိုယ်တော်သည် လူစုလူဝေးကြီးကို မြင်သောအခါ သိုးထိန်းမရှိသော သိုးများကဲ့သို့ အားကိုးရာမဲ့လျက် လမ်းပျောက်နေကြသော ထိုသူတို့အပေါ် သနားကရုဏာစိတ်ဖြစ်တော်မူသဖြင့် 37ကိုယ်တော်က တပည့်တော်တို့အား “ရိတ်သိမ်းရန်စပါးများစွာရှိသော်လည်း ရိတ်သိမ်းမည့်လုပ်သားမူကား နည်းပါးလှ၏။ 38.ထို့ကြောင့် ယာခင်း၏အရှင်သခင်ထံတွင် ကောက်ရိတ်သိမ်းရန်အတွက် လုပ်သားများအား ပို၍စေလွှတ်ပေးရန် ဆုတောင်းကြလော့” ဟုမိန့်တော်မူလေ၏။

હાલમાં પસંદ કરેલ:

မဿဲ 9: TPV-RV

Highlight

શેર કરો

નકલ કરો

None

Want to have your highlights saved across all your devices? Sign up or sign in