ရှင်ယောဟန်ခရစ်ဝင် 2

2
ကာနမြို့မှမင်္ဂလာဆောင်ပွဲ
1ထို့နောက် သုံး​ရက်​မြောက်​သော​နေ့​၌ ဂါလိလဲ​နယ်၊ ကာန​မြို့​တွင် မင်္ဂလာဆောင်​ပွဲ​တစ်​ခု​ကျင်းပ​ရာ ယေရှု​၏​မယ်တော်​သည် ထို​နေရာ​၌​ရှိ​၏။ 2ယေရှု​နှင့်​တပည့်​တော်​တို့​သည်​လည်း ထို​မင်္ဂလာဆောင်​ပွဲ​သို့​ဖိတ်ခေါ်​ခြင်း​ခံရ​ကြ​၏။ 3စပျစ်​ဝိုင်​ကုန်​သောအခါ ယေရှု​၏​မယ်တော်​က “သူ​တို့​တွင် စပျစ်​ဝိုင်​မ​ရှိ​တော့​ပါ”​ဟု ပြောကြား​၏။
4ယေရှု​က​လည်း“အသင်​အမျိုးသမီး၊ ဤ​အမှု​၌ သင်​နှင့်​ငါ မည်သို့​ဆိုင်​သနည်း။ ငါ့​အချိန်​မ​ရောက်​သေး”​ဟု မိန့်​တော်မူ​၏။ 5မယ်တော်​သည် အစေခံ​တို့​အား “သူ​စေခိုင်း​သမျှ​တို့​ကို ဆောင်ရွက်​ကြ​ပါ”​ဟု ဆို​၏။
6ထို​နေရာ​၌ ဂျူး​လူမျိုး​တို့​၏​စင်ကြယ်​ခြင်း​ဝတ်​အတွက် ဂါလံ​နှစ်ဆယ်၊ သုံးဆယ်​ခန့်​စီ​ဆန့်​သော ကျောက်​ရေအိုး​ခြောက်​လုံး​ထား​လျက်​ရှိ​၏။ 7ယေရှု​က“ဤ​ရေအိုး​များ​ကို ရေ​ဖြည့်​ကြ​လော့”​ဟု အစေခံ​တို့​အား မိန့်​တော်မူ​လျှင် သူ​တို့​သည် အိုး​နှုတ်ခမ်း​အထိ​ဖြည့်​ကြ​၏။ 8တစ်ဖန်“ယခု​ခပ်​၍ ပွဲအုပ်​ထံသို့​ယူ​သွား​ကြ​လော့”​ဟု မိန့်​တော်မူ​သည့်​အတိုင်း သူ​တို့​သည်​ယူ​သွား​ကြ​ရာ 9ပွဲအုပ်​သည် စပျစ်​ဝိုင်​ဖြစ်​သွား​သော ထို​ရေ​ကို​မြည်းစမ်း​၏။ ရေ​ခပ်​ခဲ့​သော​အစေခံ​တို့​သည် ထို​စပျစ်ဝိုင်​ကို အဘယ်က​ရ​သည်​ကို​သိ​ကြ​သော်လည်း ပွဲအုပ်​သည် မ​သိ​သဖြင့် သတို့သား​ကို​ခေါ်​၍ 10“လူ​တိုင်း ကောင်း​သော​စပျစ်​ဝိုင်​ကို ဦးစွာ​ချ​ပေး​ပြီး လူ​တို့​ယစ်မူး​ကြ​သောအခါ​မှ အညံ့​ကို​ချပေး​လေ့​ရှိ​၏။ သင်​မူကား ကောင်း​သော​စပျစ်​ဝိုင်​ကို ယခု​အထိ သိမ်း​ထား​ပြီ​တကား”​ဟု ဆို​၏။
11ယေရှု​သည် ဤ​ပထမ​နိမိတ်​လက္ခဏာ​ကို ဂါလိလဲ​နယ်၊ ကာန​မြို့​၌​ပြု​လျက် မိမိ​၏​ဘုန်း​တော်​ကို ထင်ရှား​စေ​တော်မူ​၏။ ထိုအခါ တပည့်​တော်​တို့​သည် ကိုယ်တော်​ကို​ယုံကြည်​ကြ​၏။
12ထို့နောက် ကိုယ်တော်​သည် မယ်တော်၊ ညီ​တော်​များ၊ တပည့်​တော်​များ​နှင့်အတူ ကပေရနောင်​မြို့​သို့​ကြွ​၍ ထို​မြို့​၌ ရက်​အနည်းငယ်​နေ​တော်မူ​၏။
ဗိမာန်တော်ကိုသန့်ရှင်းစေတော်မူခြင်း
13ဂျူး​လူမျိုး​တို့​၏​ပသခါ​ပွဲတော်​နီးကပ်​လာ​ပြီ​ဖြစ်​သဖြင့် ယေရှု​သည် ဂျေရုဆလင်​မြို့​သို့​ကြွ​တော်မူ​၏။ 14ဗိမာန်​တော်​၌ သိုး၊ နွား​နှင့် ချိုးငှက်​များ​ကို​ရောင်း​နေ​သော​သူ​တို့​မှစ၍ ငွေလဲ​ပွဲစား​များ​ထိုင်​နေ​သည်​ကို တွေ့​တော်မူ​ရာ 15ကိုယ်တော်​သည် ကြိုး​များ​ဖြင့် ကျာပွတ်​ကို​ပြုလုပ်​ပြီးလျှင် သိုး၊ နွား​တို့​နှင့်တကွ ထို​သူ​အပေါင်း​တို့​ကို ဗိမာန်​တော်​ထဲမှ​နှင်ထုတ်​၍ ငွေကြေး​လဲလှယ်​သူ​တို့​၏​ဒင်္ဂါး​များ​ကို​သွန်ချ​ကာ သူ​တို့​၏​စားပွဲ​များ​ကို​မှောက်လှန်​တော်မူ​၏။ 16ချိုးငှက်​များ​ကို​ရောင်း​နေ​သော​သူ​တို့​အား​လည်း“ဤ​ဥစ္စာ​များ​ကို ဤ​နေရာ​မှ​ယူ​သွား​ကြ​လော့။ ငါ့​ခမည်းတော်​၏​အိမ်​တော်​ကို ဈေး​ရုံ​မ​ဖြစ်​စေ​ကြ​နှင့်”​ဟု မိန့်​တော်မူ​၏။
17“ကိုယ်တော်​၏​အိမ်​တော်​အတွက် ထက်သန်​သော​စိတ်​သည် အကျွန်ုပ်​ကို​လွှမ်းမိုး​လျက်​ရှိ​ပါ​၏”#ဆာ 69:9။​ဟု ကျမ်းစာ​၌​ရေး​ထား​သည်​ကို တပည့်​တော်​တို့​သည် သတိရ​ကြ​၏။
18ထိုအခါ ဂျူး​လူမျိုး​တို့​က ကိုယ်တော်​အား “သင်​သည် ဤသို့​ပြု​ခြင်း​အတွက် မည်သည့်​နိမိတ်​လက္ခဏာ​ကို ငါ​တို့​အား​ပြ​မည်နည်း”​ဟု ဆို​ကြ​၏။ 19ယေရှု​က​လည်း“ဤ​ဗိမာန်​တော်​ကို​ဖြိုဖျက်​ကြ​လော့။ ငါ​သည် ၎င်း​ကို သုံး​ရက်​အတွင်း​တည်ဆောက်​မည်”​ဟု သူ​တို့​အား ပြန်​၍​မိန့်​တော်မူ​၏။ 20ဂျူး​လူမျိုး​တို့​က​လည်း “ဤ​ဗိမာန်​တော်​ကို​တည်ဆောက်​ရန် လေးဆယ့်​ခြောက်​နှစ်​ကြာ​၏။ သင်​မူကား ၎င်း​ကို သုံး​ရက်​အတွင်း​တည်ဆောက်​မည်​လော”​ဟု ဆို​ကြ​၏။ 21သို့ရာတွင် ယေရှု​သည် မိမိ​ကိုယ်ခန္ဓာ​တည်းဟူသော​ဗိမာန်​တော်​ကို ရည်ညွှန်း​၍ မိန့်​တော်မူ​ခြင်း​ဖြစ်​၏။ 22ထို့ကြောင့် ယေရှု​သည် သေ​သော​သူ​တို့​ထဲမှ ထမြောက်​တော်မူ​သောအခါ တပည့်​တော်​တို့​သည် ကိုယ်တော်​မိန့်​တော်မူ​ခဲ့​သော​ဤ​စကား​ကို ပြန်လည်​သတိရ​ကာ ကျမ်းစာ​နှင့် ယေရှု​မိန့်​တော်မူ​သော​စကား​ကို ယုံကြည်​ကြ​၏။
23ပသခါ​ပွဲတော်​အတောအတွင်း ဂျေရုဆလင်​မြို့​၌ ယေရှု​ရှိ​တော်မူ​စဉ် များစွာ​သော​လူ​တို့​သည် ကိုယ်တော်​ပြု​တော်မူ​သော​နိမိတ်​လက္ခဏာ​တို့​ကို မြင်​ရ​သဖြင့် ကိုယ်တော်​၏​နာမ​တော်​ကို​ယုံကြည်​ကြ​၏။ 24သို့သော် ယေရှု​သည် မိမိကိုယ်ကို သူ​တို့​ထံ၌​ပုံအပ်​တော်​မ​မူ။ အကြောင်းမူကား ကိုယ်တော်​သည် လူ​ခပ်သိမ်း​တို့​ကို​သိ​တော်မူ​၍ 25လူ​၏​စိတ်​ထဲ၌​ရှိ​သော​အရာ​ကို​သိ​တော်မူ​သောကြောင့် လူ​၏​အကြောင်း​ကို မည်သူ​က​မျှ သက်သေခံ​ပေး​ရန်​မ​လိုအပ်​ပေ။

Korostus

Jaa

Kopioi

None

Haluatko, että korostuksesi tallennetaan kaikille laitteillesi? Rekisteröidy tai kirjaudu sisään

YouVersion käyttää evästeitä mukauttaakseen käyttökokemustasi. Käyttämällä verkkosivustoamme hyväksyt evästeiden käytön Tietosuojakäytännössämme kuvatulla tavalla