Psalms 37
37
1ယုတ်မာကောက်ကျစ်သောအမှုကို ပြုသောသူတို့ကြောင့် စိတ်အနှောင့်အယှက်မဖြစ်နှင့်။ မတရားမှုကိုပြုသောသူတို့အား မငြူစူနှင့်။ 2အကြောင်းမူကား သူတို့သည် စိမ်းလန်းသောမြက်ပင်များ လျင်မြန်စွာခြောက်သွေ့သွားကြသကဲ့သို့ ညှိုးနွမ်းသွားကြလိမ့်မည်။ 3ဘုရားရှင်အား ယုံကြည်ကိုးစား၍ကောင်းသောအမှုကိုပြုလော့။ ကိုယ်တော်၏ပြည်တော်တွင် ဘေးကင်းလုံခြုံစွာနေထိုင်၍ ဝမ်းမြောက်ကြလော့။ 4ဘုရားရှင်ထံ၌ မွေ့လျော်ခြင်းရှိကြလော့။ ထိုသို့ ပြုလျှင် သင်၏စိတ်နှလုံးမှ အလိုဆန္ဒများကို သင့်အားဖြည့်ဆည်းပေးတော်မူလိမ့်မည်။ 5သင်ပြုမူကျင့်ကြံသောအရာကို ဘုရားရှင်ထံအပ်နှံ၍ ကိုယ်တော်ကို ယုံကြည်ကိုစားလော့။ ထိုသို့ပြုလျှင် ကိုယ်တော်သည် စီရင်ဆောင်ရွက်တော်မူလိမ့်မည်။ 6ကိုယ်တော်သည် သင်၏ဖြောင့်မတ်ခြင်းကို အလင်းကဲ့သို့လည်းကောင်း သင်၏တရားမျှတခြင်းကို မွန်းတဲ့နေကဲ့သို့လည်းကောင်း ထွန်းလင်းစေတော်မူလိမ့်မည်။ 7ဘုရားရှင်၏ရှေ့တော်၌ တိတ်ဆိတ်စွာနေ၍ ကိုယ်တော်ကိုငံ့လင့်လော့။ မိမိပြုသောအမှု၌ အောင်မြင်သောသူကြောင့်လည်းကောင်း၊ ကောက်ကျစ်သောအကြံအစည်များကို ကြံစည်သောသူကြောင့်လည်းကောင်း စိတ်အနှောင့်အယှက်မဖြစ်နှင့်။ 8အမျက်ဒေါသကိုပြေစေလော့။ အမျက်ဒေါသကိုစွန့်ပယ်လော့။ အမျက်ဒေါသသည် ဆိုးကျိုးကိုသာဖြစ်စေတတ်၏။ 9အကြောင်းမူကား ယုတ်မာကောက်ကျစ်သောအမှုကိုပြုသောသူတို့သည် ဖယ်ရှားခြင်းခံကြရလိမ့်မည်။ ဘုရားရှင်ကို စောင့်မျှော်ကြသောသူတို့မူကာ ပြည်တော်ကို အမွေဆက်ခံကြရလိမ့်မည်။ 10ခေတ္တခဏမျှကြာသောအခါ ယုတ်မာကောက်ကျစ်သူသည် ရှိတော့မည်မဟုတ်။ သင်သည် သူ၏နေရာအား စေ့စေ့ရှာလျှင်လည်း သူသည်ရှိတော့မည်မဟုတ်။ 11စိတ်နှလုံးနှိမ့်ချသောသူတို့မူကား ပြည်တော်ကိုအမွေဆက်ခံရ၍ ကြွယ်ဝသောငြိမ်းချမ်းခြင်း၌ မွေ့လျော်ကြရလိမ့်မည်။ 12ယုတ်မာကောက်ကျစ်သောသူသည် ဖြောင့်မတ်သောသူအပေါ်တွင် မကောင်းကြံစည်ကာ သူ့အားကြည့်လျက် အံကိုကြိတ်တတ်၏။ 13သို့သော် သူ၏နေ့ရက်သည် ရောက်လာတော့မည်ကို ဘုရားရှင်သည် သိမြင်တော်မူ၍ သူ့အားရယ်မောတော်မူ၏။ 14ယုတ်မာကောက်ကျစ်သောသူတို့သည် အဖိနှိပ်ခံရသူများနှင့် ဆင်းရဲနွမ်းပါးသောသူများအား လဲကျစေရန်လည်းကောင်း၊ ဖြောင့်မှန်စွာ ပြုမူကျင့်ကြံကြသူတို့ကို သတ်ဖြတ်ရန်လည်းကောင်း ဓားကိုထုတ်၍ လေးကိုတင်ကြ၏။ 15သူတို့၏ဓားသည် သူတို့၏နှလုံးကိုထိုးဖောက်၍ သူတို့၏လေးများသည် ချိုးဖဲ့ခြင်းကိုခံရလိမ့်မည်။ 16ဖြောင့်မတ်သောသူ၏ အနည်းငယ်မျှသောဥစ္စာသည် ယုတ်မာကောက်ကျစ်သူတို့၏ များစွာသောစည်းစိမ်ဘဏ္ဍာများထက် ပို၍ကောင်း၏။ 17အကြောင်းမူကား ယုတ်မာကောက်ကျစ်သူတို့၏လက်ရုံးသည် ချိုးဖဲ့ခြင်းခံရလိမ့်မည်။ သို့သော် ဘုရားရှင်သည် ဖြောင့်မတ်သောသူတို့အား ကူညီမစတော်မူ၏။ 18ဘုရားရှင်သည် အပြစ်တင်စရာမရှိသောသူတို့၏ နေ့ရက်များကို သိတော်မူ၏။ သူတို့အမွေသည် အစဉ်အမြဲတည်လိမ့်မည်။ 19သူတို့သည် ဆိုးရွားသောကာလ၌ အရှက်ကွဲကြလိမ့်မည်မဟုတ်။ အစာရေစာခေါင်းပါးသောနေ့၌လည်း ဝလင်ကြလိမ့်မည်။ 20ယုတ်မာကောက်ကျစ်သောသူတို့မူကား ပျက်စီးကြရလိမ့်မည်။ ဘုရားရှင်၏ရန်သူတို့သည် တောပန်းများကဲ့သို့ ပျောက်ကွယ်သွားကြလိမ့်မည်။ မီခိုးကဲ့သို့ လွင့်ပျောက်သွားကြလိမ့်မည်။ 21ကောက်ကျစ်ယုတ်မာသူတို့သည် ချေးငှားပြီး ပြန်မဆပ်တတ်ကြပေ။ ဖြောင့်မတ်သောသူတို့မူကား သနားကြင်နာခြင်းရှိ၍ ပေးကမ်းတတ်ကြ၏။ 22အကြောင်းမူကား ကိုယ်တော်၏ ကောင်းချီးမင်္ဂလာကို ခံစားရသောသူတို့သည် ပြည်တော်ကိုအမွေဆက်ခံကြရလိမ့်မည်။ ကိုယ်တော်၏ ကျိန်ခြင်းကိုခံရသော သူတို့မူကား ဖယ်ရှားခြင်းခံကြရလိမ့်မည် 23ဘုရားရှင်သည် လူတို့လိုက်လျှောက်အပ်သည့်လမ်းကို ညွှန်ပြတော်မူ၏။ ကိုယ်တော်နှစ်သက်တော်မူသောသူတို့ကို ကွယ်ကာတော်မူ၏။ 24ဘုရားရှင်သည် သူတို့အား ကူညီမစတော်မူမည်ဖြစ်၍ သူတို့သည် လဲကျသော်လည်း ပြန်မထဘဲနေလိမ့်မည်မဟုတ်။ 25အကျွန်ုပ်သည် လူငယ်တစ်ဦးဖြစ်ခဲ့သော်လည်း ယခုအိုမင်းလေပြီ။ သို့သော် ဖြောင့်မတ်သောသူသည် စွန့်ပစ်ခြင်းခံရသည်ကိုလည်းကောင်း၊ သူ၏ သားမြေးတို့သည် အစာရေစာ တောင်းရမ်းနေကြသည်ကိုလည်းကောင်း မတွေ့မမြင်ခဲ့ဘူးပေ။ 26သူသည် အစဉ်အမြဲသနားတတ်၍ ချေးငှားပေးတတ်၏။ သူ၏သားမြေးတို့သည်လည်း ကောင်းချီးမင်္ဂလာကို ခံစားကြရ၏။ 27မကောင်းမှုမှဖယ်ခွာ၍ ကောင်းသောအမှုကိုပြုလော့။ ထိုသို့ပြုလျှင် သင်၏သားမြေးတို့သည် ပြည်တော်တွင် အစဉ်အမြဲနေထိုင်ကြရလိမ့်မည်။ 28အကြောင်းမူကား ဘုရားရှင်သည် အမှန်တရားကိုနှစ်သက်တော်မူ၍ မိမိအားသစ္စာစောင့်သိသည့် လူမျိုးတော်ကို ပစ်ပယ်တော်မမူသောကြောင့်ဖြစ်၏။ ကိုယ်တော်သည် သူတို့အား အစဉ်အမြဲ ကာကွယ်စောင့်ရှောက်တော်မူ၏။ သို့သော် ယုတ်မာကောက်ကျစ်သူတို့၏ သားမြေးများမူကား ပြည်နှင်ဒဏ်ပေးခံရလိမ့်မည်။ 29ဖြောင့်မတ်သောသူတို့သည် ပြည်တော်ကိုပိုင်ဆိုင်၍ အစဉ်နေထိုင်ကြရလိမ့်မည်။ 30ဖြောင့်မတ်သူသည် ဉာဏ်ပညာအမြော်အမြင်ရှိသောစကားကို ပြောဆိုတတ်၏။ သူသည် အစဉ်ပင်တရားမျှတ၏။ 31သူသည် မိမိဘုရားရှင်၏ ပညတ်တရားတော်ကို နှလုံးသွင်းထားပြီး မည်သည့်အခါတွင်မျှ ထိုတရားတော်ကို သွေဖယ်၍မသွားပေ။ 32ယုတ်မာကောက်ကျစ်သူသည် ဖြောင့်မတ်သူအား ချောင်းမြောင်း၍သတ်ရန် ကြိုးစားတတ်၏။ 33သို့သော် ဘုရားရှင်သည် ဖြောင့်မတ်သူအား ရန်သူ၏လက်တွင် စွန့်ပစ်၍ထားတော်မူလိမ့်မည်မဟုတ်။ သူသည် တရားရုံးသို့ရောက်၍ အစစ်အဆေးခံရသော်လည်း အပြစ်ဒဏ်ပေးခံရလိမ့်မည်မဟုတ်။ 34ဘုရားရှင်အား မျှော်လင့်လျက် ပညတ်တော်တို့ကို စောင့်ထိန်းလော့။ ကိုယ်တော်သည် သင့်အား ပြည်တော်ကိုပိုင်ဆိုင်ရသည့်အခွင့်အား ချီးမြှင့်တော်မူလိမ့်မည်။ သင်သည် ယုတ်မာကောက်ကျစ်သောသူတို့ ပြည်နှင်ဒဏ်ပေးခံရသည်ကို မြင်ရလိမ့်မည်။ 35ယုတ်မာကောက်ကျစ်၍ ကြမ်းကြုတ်သောသူသည် မူရင်းဒေသတွင်ပေါက်သည့် စိမ်းလန်းသောအပင်ကဲ့သို့ ပြန့်ကားကြီးထွားနေသည်ကို ငါမြင်ရ၏။ 36သို့သော် သူသည် ကွယ်ပျောက်သွား၏။ ကြည့်ရှုလော့။ သူသည်မရှိတော့ပေ။ သူ့အား ငါရှာသော်လည်း မတွေ့ရတော့ပေ 37အပြင်တင်စရာမရှိသောသူအား မှတ်သားဆင်ခြင်လော့။ ဖြောင့်မှန်သောသူကို ကြည့်ရှုလော့။ အကြောင်းမူကား ငြိမ်းချမ်းခြင်းကို ဆောင်ကြဉ်းလာသူအတွက် အနာဂတ်ရှိ၏။ 38သို့သော် အပြစ်ကျူးလွန်ကြသူတို့သည် အတူတကွဖျက်ဆီးခြင်းကို ခံကြရလိမ့်မည်။ ယုတ်မာကောက်ကျစ်သူတို့၏ အနာဂတ်သည် ဖယ်ရှားခြင်းခံကြရလိမ့်မည်။ 39ဖြောင့်မတ်သောသူအား ကယ်တင်ခြင်းအကြောင်းသည် ဘုရားရှင်ထံမှလာ၏။ ဆင်းရဲဒုက္ခရောက်သောအချိန်တွင် ကိုယ်တော်သည် သူတို့၏မှီခိုရာဖြစ်တော်မူ၏။ 40ဘုရားရှင်သည် သူတို့အား ကူညီမစ၍ ကယ်တင်တော်မူ၏။ ကိုယ်တော်သည် သူတို့အား ယုတ်မာကောက်ကျစ်သူတို့၏လက်မှ လွတ်မြောက်စေတော်မူ၏။ ကယ်တင်တော်မူ၏။
Currently Selected:
Psalms 37: TPV-RV
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
This translation of the TPV-RV is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.