ဒေ​သ​နာ​ကျမ်း 12
MSB
12
ဘ​၀၏​နေ​ဝင်​ချိန်
1သင်​၏​အ​သက်​ပျို​ရွယ်​သော​နေ့​ရက်​များ​၌ သင့်​ကို​ဖန်​ဆင်း​တော်​မူ​သော​အ​ရှင်​ကို​အောက်​မေ့​လော့​။ ဘေး​ဒုက္ခ​ခံ​ရာ​နေ့​ရက်​များ​ရောက်​လာ​သ​ဖြင့် “​ငါ​၌​မည်​သည့်​ပျော်​ရွှင်​မှု​မျှ​မ​ရှိ​”​ဟု သင်​ပြော​ဆို​သော​နှစ်​ကာ​လ​များ​မ​ကျ​ရောက်​မီ​၊2နေ​နှင့်​အ​လင်း​၊ လ​နှင့်​ကြယ်​တို့ မှောင်​မ​သွား​မီ​၊ မိုး​ရွာ​ပြီး​နောက် တိမ်​တိုက်​များ​ပြန်​မ​လာ​မီ ကိုယ်​တော်​ကို​အောက်​မေ့​လော့​။3ထို​နေ့​ရက်​၌ အိမ်​ကို​စောင့်​သော​သူ​တို့​သည် တုန်​လှုပ်​လျက်​၊ ခွန်​အား​ရှိ​သော​သူ​တို့​သည် ညွတ်​ကိုင်း​လျက်​၊ ကြိတ်​ဆုံ​ကြိတ်​သော​သူ​တို့​သည် နည်း​ပါး​သ​ဖြင့် ရပ်​သွား​လျက်​၊ ပြ​တင်း​ပေါက်​များ​မှ​ကြည့်​သော​သူ​တို့​သည် အ​မြင်​မှုန်​ဝါး​လျက်​ရှိ​ကြ​လိမ့်​မည်​။4လမ်း​၌​ရှိ​သော​တံ​ခါး​ရွက်​တို့​သည် ပိတ်​ထား​ခြင်း​ခံ​ရ​လျက် ကြိတ်​ဆုံ​ကြိတ်​သံ​သည် တိုး​သွား​လျက်​၊ လူ​သည် ငှက်​သံ​ကြောင့်​ထ​လျက်​၊ သီ​ချင်း​ဆို​သော​သ​မီး​ပျို​အ​ပေါင်း​တို့​သည် အား​ပျော့​သွား​လျက်​ရှိ​ကြ​လိမ့်​မည်​။5လူ​တို့​သည် မြင့်​သော​နေ​ရာ​နှင့်​လမ်း​ပေါ်​မှ​အန္တ​ရာယ်​များ​ကို ကြောက်​ကြ​လိမ့်​မည်​။ ဗာ​ဒံ​ပင်​သည် ပွင့်​လိမ့်​မည်​။ နှံ​ကောင်​သည် လေး​ကန်​စွာ​လျှောက်​သွား​လိမ့်​မည်​။ အ​လို​ရမ္မက်​သည် ပယ်​ဖျက်​ခြင်း​ခံ​ရ​လိမ့်​မည်​။ လူ​သည် ထာ​ဝ​ရ​အိမ်​သို့​သွား​နေ​သည်​ဖြစ်​၍ မြည်​တမ်း​သော​သူ​တို့​သည် လမ်း​၌ လှည့်​ပတ်​သွား​ကြ​လိမ့်​မည်​။6ငွေ​ကြိုး​သည်​ဖြတ်​တောက်​ခြင်း​ခံ​ရ​လျက်​၊ ရွှေ​ဖ​လား​သည်​ချိုး​ဖျက်​ခြင်း​ခံ​ရ​လျက်​၊ ရေ​အိုး​သည်​စမ်း​ရေ​တွင်း​နား​၌​ခွဲ​ဖျက်​ခြင်း​ခံ​ရ​လျက်​၊ စက်​သီး​သည်​ရေ​တွင်း​နား​၌​ချိုး​ဖျက်​ခြင်း​ခံ​ရ​လျက်7မြေ​မှုန့်​သည် လာ​ရင်း​မြေ​သို့​ပြန်​သွား​သ​ကဲ့​သို့ အ​သက်​ဝိ​ညာဉ်​သည် ၎င်း​ကို​ပေး​တော်​မူ​သော​ဘု​ရား​သ​ခင်​ထံ​သို့​ပြန်​သွား​မည့်​အ​ချိန်​မ​ရောက်​မီ ကိုယ်​တော်​ကို​အောက်​မေ့​လော့​။8အ​ချည်း​နှီး​၊ အ​ချည်း​နှီး​၊ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် အ​ချည်း​နှီး​ဖြစ်​ကြ​၏​ဟု ဒေ​သ​နာ​ဆ​ရာ​ဆို​၏​။
ဒေ​သ​နာ​ဆ​ရာ​၏​သုံး​သပ်​ချက်​နှင့်​နိ​ဂုံး​စ​ကား
9ထို​မျှ​မ​က ဒေ​သ​နာ​ဆ​ရာ​သည် ပ​ညာ​ရှိ​ဖြစ်​သည့်​အ​လျောက် လူ​တို့​အား အ​သိ​ပ​ညာ​ကို​လည်း သင်​ကြား​ပေး​၏​။ သူ​သည် ချင့်​ချိန်​တွေး​ဆ​၍ ရှာ​ဖွေ​စူး​စမ်း​ပြီး များ​စွာ​သော​သုတ္တံ​စ​ကား​တို့​ကို စီ​ကုံး​ရေး​သား​ခဲ့​၏​။10ဒေ​သ​နာ​ဆ​ရာ​သည် နှစ်​သက်​ဖွယ်​စ​ကား​တို့​ကို​တွေ့​အောင်​ရှာ​၍ သမ္မာ​တ​ရား​နှင့်​ဆိုင်​သော​စ​ကား​တို့​ကို မှန်​ကန်​စွာ​ရေး​သား​ခဲ့​၏​။11ပ​ညာ​ရှိ​တို့​၏​စ​ကား​များ​သည် နှင်​တံ​ကဲ့​သို့​ဖြစ်​ပြီး တစ်​ပါး​တည်း​သော​သိုး​ထိန်း​ကြီး​ပေး​အပ်​ထား​သည့် စု​စည်း​ထား​သော​စ​ကား​များ​သည် ခိုင်​မြဲ​စွာ​ရိုက်​ထား​သော​သံ​ကဲ့​သို့​ဖြစ်​၏​။12ထို့​ပြင် ငါ့​သား​၊ ဤ​အ​ချက်​တို့​ကို​လည်း သ​တိ​ပြု​လော့​။ များ​စွာ​သော​စာ​အုပ်​တို့​ကို​ရေး​သား​ပြု​စု​ခြင်း​သည် အ​ဆုံး​မ​ရှိ​။ များ​စွာ​လေ့​လာ​ဆည်း​ပူး​ခြင်း​သည်​လည်း ကိုယ်​ခန္ဓာ​ကို​ပင်​ပန်း​နွမ်း​နယ်​စေ​၏​။13အား​လုံး​ကို​ကြား​ရ​ပြီး​သည့်​နောက် နိ​ဂုံး​ချုပ်​စ​ကား​ဟူ​မူ​ကား ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့​၍ ကိုယ်​တော်​၏​ပ​ညတ်​တော်​တို့​ကို​စောင့်​ထိန်း​လော့​။ အ​ဘယ်​ကြောင့်​ဆို​သော် ဤ​အ​ရာ​သည် လူ​တို့​ပြု​ရ​မည့်​အ​ရာ​အ​လုံး​စုံ​၏​အ​ချုပ်​ဖြစ်​၏​။14အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​သည် ကောင်း​သော​အ​မှု​ဖြစ်​စေ​၊ မ​ကောင်း​သော​အ​မှု​ဖြစ်​စေ​၊ ဝှက်​ထား​သော​အ​မှု​အား​လုံး​အ​ပါ​အ​ဝင် ခပ်​သိမ်း​သော​အ​မှု​တို့​ကို တ​ရား​သ​ဖြင့်​စီ​ရင်​တော်​မူ​လိမ့်​မည်​။